တာဝန်သိစိတ် ၊ တာဝန်ရှိစိတ် ကျဆုံးခြင်း

တာဝန်သိစိတ် ၊ တာဝန်ရှိစိတ် ကျဆုံးခြင်း
ဓာတ်ပုံ - ငြိမ်းဝေ

မနေ့တနေ့က ထိုင်းမြန်မာ ဘောလုံးပွဲ ရှိခဲ့ပါတယ်။ နောက်တနေ့မှာတော့ သုဝဏ္ဍဘောလုံး အားကစားကွင်းရဲ့အပြင်ဘက် ကွင်းပတ်လမ်းကြီးတလျောက်၊ လူသွားလမ်း ကားလမ်းတလျောက်မှ စွန့်ပစ်အမှိုက်တွေ မြင်လို့မကောင်းလောက်အောင် ပျံ့ကြဲနေတာ တွေ့ကြရပါတော့တယ်။

ဘော်လုံးပွဲ လာရောက်အားပေးကြသူတွေ စွန့်ပစ်ထားခဲ့ကြတဲ့ အမှိုက်မျိုးစုံဖြစ်ပါတယ်။ မြင်မကောင်းလောက်အောင်ကိုပဲ နေရာအနှ့ံ ပျံ့ကြဲပြီး ကျန်နေခဲ့တာပါ။ ဘော်လုံးပွဲပြီးလို့ ၂ ရက်ရှိတဲ့အထိ အမှိုက်တွေကို စည်ပင်က ကောက်ယူသိမ်းဆည်းလို့ မပြီးနိုင်သေးပါဘူး။

အမှိုက်တွေကို ဒီလို နေရာအနှ့ံ စွန့်ပစ်ခဲ့ကြတာဟာ အမှိုက်ပုံးတွေ လုံလောက်အောင် ချထားမပေးလို့ ဒီအတိုင်း ပစ်ချထားခဲ့ကြတာ များလားလို့ တွေးမိပါသေးတယ်။ အကယ်၍ သက်ဆိုင်ရာက အမှိုက်ပုံးတွေ ချထားမပေးနိုင်ဘူး ရှိခဲ့ရင်လည်း အခုလို နေရာမရွေး စွန့်ပစ်ထားခဲ့လို့ သင့်တော်ပါရဲ့လား။ လမ်းဘေးတနေရာရာမှာ စနစ်တကျ စုပုံစွန့်ပစ်ထားခဲ့ကြရင်ကော မဖြစ်နို်င်ဘူးလား။ အမှိုက်ပုံးတွေ လုံလောက်အောင် ချထားခြင်း မရှိရင်လည်း ကိုယ့်အသိနဲ့ကိုယ် သန့်ရှင်းရေးကို စနစ်တကျ ဆောင်ရွက်သိမ်းဆည်း စွန့်ပစ်ကြဖို့ စိတ်ကူးမရှိခဲ့ကြဘူးလား။ မေးခွန်းတွေ ရှိလာပါတယ်။

ယခုအခါ လက်လွှတ်စပယ် အမှိုက်စွန့်ပစ်တဲ့့ အလေ့အကျင့်ဟာ ကျွန်တော်တို့နိုင်ငံမှာ လူတစ်ဦးချင်းစီအထိ စွဲကပ်နေခဲ့ပြီဖြစ်ပါတယ်။ ပညာပေးအစီစဉ်တွေ ဘယ်လောက်ပဲရှိရှိ လက်လွှတ်စပယ် အမှိုက်စွန့်ပစ်တဲ့ အကျင့်ဟာ လူမျိုးနဲ့ချီပြီး စွဲကပ်နေပါပြီ။ ဒီ အကျင့်စာဂဟာ ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူးလို့ ပြောနိုင်ပေမယ့်လည်း လူတစ်ဦးချင်းစီအထိ စွဲကပ်လာပြီဖြစ်လို့ ဒီပြဿနာဟာ သေးရာက ကြီးလာခဲ့ပြီလို့ ဆိုရမှာပါပဲ။

အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်တဲ့အဖြစ်ဟာ သုဝဏ္ဍအားကစားကွင်းဘေးမှာရယ်လို့ မဟုတ်ပါဘူး။ ရန်ကုန်မြို့အနှံ့ တိုင်းပြည်နဲ့အဝှမ်း မြင်နေ ကြံုနေရတဲ့ကိစ္စဖြစ်ပါတယ်။ သာမာန်အရပ်သားတွေ ထက်ပိုပြီး အလေးအနက်ထားပြီး စွန့်ပစ်ပစ္စည်းကို စနစ်တကျ စွန့်ပစ်ဖို့ မလွဲမသွေ လိုအပ်တဲ့ စက်ရုံ အလုပ်ရုံတွေအနေနဲ့လည်း စွန့်ပစ်ပစ္စည်းတွေကို တာဝန်မဲ့စွာ စွန့်ပစ်နေကြတာပါပဲ။ ငါတို့စက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်အထိ ထိခိုက်နို်င်တယ်ဆိုတာ သူတို့ မသိ မဟုတ်ပါဘူး။ သိရဲ့သားနဲ့ ဒီလို ပြုမူကျင့်ကြံနေကြခြင်းဟာ ဘာ့ကြောင့်လည်းဆိုတာ တွေးလို့ မရလောက်အောင်ပါပဲ။

အခုတော့ စွန့်ပစ်ပစ္စည်း ထင်သလို စွန့်ပစ်နေကြခြင်း ပြဿနာဟာ ၀ိုင်းကြီးပတ်ပတ် ဒူဝေဝေ ဆိုသလို တာဝန်ကြီးသူတွေကလည်း အလေးမထား၊ တာဝန်သေးသူတွေကလည်း အလေးမထား၊ အပြန်အလှန် လက်ညှိုးထိုးကြရင်းနဲ့ ကျွန်တော်တို့နိုင်ငံကြီးဟာ အမှိုက်ပုံနိုင်ငံကြီးလို့ အပြောခံရဖို့ ဦးတည်နေပါပြီ။

တကယ်တော့ ဒီလို အမှိုက်တွေကို ထင်သလို စွန့်ပစ်နေကြခြင်းဟာ တာဝန်ရှိမှုနဲ့ တာဝန်သိမှု နှစ်ခုစလုံး ချို့ယွင်းတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်လာတာပါပဲ။ ဒီစိတ်ဓါတ်ဟာ တမျိုးသားလုံးရဲ့ စိတ်ဓါတ်အရ တာဝန်သိမှု၊ တာဝန်ယူမှု  ခြောက်ခမ်းလာနေပြီဆိုတဲ့အချက်ကို တနည်းတဖုံ ဖေါ်ပြရာရောက်လာတာမို့ စိုးရိမ်ဖို့ပင် ကောင်းပါတယ်။

ဒါကတော့ သုဝဏ္ဍဘော်လုံးကွင်းဘေး မြင်ခဲ့ကြရတဲ့ မြင်ကွင်းအပေါ် မူတည်ပြီး ပြောတာပါ။ တခြားနယ်ပယ်နဲ့ တခြားအဖြစ်အပျက်တွေမှာ ဥပမာအားဖြင့် နို်င်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုတဲ့ နေရာတွေမှာကော ဒီလို တာဝန်သိမှု တာဝန်ရှိမှုစိတ်ဓါတ်တွေ အခုလိုပဲ ခမ်းခြောက်လာနေကြပြီလား။ လူတွေ တိုင်းသူပြည်သားတွေမှာ တာဝန်ရှိမှု တာဝန်သိမှုစိတ်ဓါတ် ခမ်းခြောက်မှုဟာ ဘယ်က စဖြစ်လာခဲ့ရသလဲ။ ဘယ်သူတွေက စခဲ့ကြသလဲ။ ဘယ်လိုဖြေရှင်းဆောင်ရွက်ကြမှ မှန်ကန်တဲ့ဖြေရှင်းနည်းဖြစ်မလဲ။ သာမာန် ပညာပေးတာမျိုးနဲ့ ကုသလို့ဖြင့်တော့ တမျိုးသားလုံးအပေါ် ကျရောက်နေတဲ့ ဒီတာဝန်သိမှု တာဝန်ရှိမှုစိတ်ဓါတ် ကင်းမဲ့မှုရောဂါကြီး ပျောက်ကင်းမယ်မထင်ပါဘူး။

ကျွန်တော်တို့ တမျိုးသားလုံး တာဝန်သိမှု တာဝန်ရှိမှုစိတ်ဓါတ်တွေ မကျဆုံးရလေအောင် မှန်ကန်စွာ နည်းလမ်းရှာကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း မဇ္စျိမက နှိုးဆော်လိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly