နှစ်သုံးဆယ်အထိ ခူးဆွတ်လို့ရတဲ့ ပျားလိမ္မော်သီး စိုက်ပျိုးကြရအောင်

06 December 2016
နှစ်သုံးဆယ်အထိ ခူးဆွတ်လို့ရတဲ့ ပျားလိမ္မော်သီး စိုက်ပျိုးကြရအောင်

လိမ္မော်သီးဟာ လူမျိုးမရွေး ဘာသာမရွေး နှစ်သက်စွာ စားသုံးရတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ အရည်ရဲ့ အရသာမှာလည်း ချိုမြတဲ့အတွက် စားသုံးရာမှာလည်း ခံတွင်းတွေ့စေတဲ့အပြင် ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပါတယ်။ လူကြီး၊ မိဘ၊ ဆရာသမားတွေကို ကန်တော့တဲ့အခါမှာလည်း မျက်နှာပန်းလှတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

လိမ္မော်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အအေးမိ၊ နှာစေးခြင်း၊ တုပ်ကွေးမိခြင်း သွေးယိုစီးခြင်း၊ မကြာခဏ သွေးလွန်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာသန်စွမ်းပြီး အသက်ရှည်စေလိုပါက လိမ္မော်သီးကို နေ့စဉ် ပုံမှန် စားသုံးသင့်ပါတယ်။ လိမ္မော်သီးဖျော်ရည်ကလည်း အခြားအသီးဖျော်ရည်များထက် ကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။ လူရဲ့ခန္ဓာကိုယ်မှာ အစာချေဖျက်နိုင်မှုစွမ်းအား ဆိုးဆိုးဝါးဝါး ခက်ခဲနေတဲ့အချိန်မှာလည်း လိမ္မော်သီးကို စားသုံးပေးသင့်ပါတယ်။ လိမ္မော်သီးမှာ ကယ်ဆီယံနဲ့ ဗီတာမင်ဓာတ် များစွာပါဝင်တဲ့အတွက် အရိုးနဲ့ သွားဘက်ဆိုင်ရာအတွက် များစွာ အထောက်အကူပြုပါတယ်။ သွားများ တည်ဆောက်ပုံ ချို့ယွင်းခြင်းဟာလည်း များသောအားဖြင့် ကယ်လ်ဆီယမ်ဓာတ်နှင့် ဗီတာမင်ဓာတ်တို့ ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လိမ္မော်သီးကို လုံလောက်စွာ စားသုံးပေးပါက အဲဒီဝေဒနာတွေ ဖြစ်ပွားခြင်းမှ ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

 

လိမ္မော်သီးနဲ့ ပျားလိမ္မော်ကိုတော့ အရင်က ရှမ်းပြည်ဘက်မှာ အစိုက်များခဲ့ပါတယ်။ အခုအခါမှာဆိုရင်တော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ စိုက်ပျိုးလာတာကို တွေ့ရပါတယ်။

ပျားလိမ္မော်ဟာ အပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၀၀ ဒီဂရီဖာရင်ဟိုက်ကြားမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ ရေရဲ့ PH ချဉ်ငံဓာတ် ၅ ဒသမ ၅ နဲ့ ရ ဒသမ ၅ ကြားမှာဆိုရင်တော့ အကောင်းဆုံး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး ၃ နှစ်အကြာမှာတော့ စတင် ခူးဆွတ်လို့ရပါတယ်။ ပျားလိမ္မော်ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၃၀ အထိ ခူးဆွတ်လို့ရပါတယ်။ ပျားလိမ္မော်ကို ပူနွေးစွတ်ဆိုတဲ့ ရာသီမှာ စိုက်ပျိုးမယ်ဆိုရင်တော့ များစွာ ဖြစ်ထွန်းပါတယ်။ ပျားလိမ္မော် စိုက်ပျိုးပုံ အဆင့်ဆင့်ကိုတော့ စိုက်ပျိုးနေသူတစ်ဦးက လက်တွေ့ အခုလို ပြသပေးခဲ့ပါတယ်။

“အုန်းဆံအမှုန့်ကို အောက်ခံထားရတယ်။ ပျိုးထုတ်ထဲကို ထည့်တော့မယ်ဆိုရင် အုန်းဆံံမှုန့်မှာရှိရမယ့် ရေအစိုဓာတ် ပမာဏက အုန်းဆံမှုန့်ကို လက်သီးနဲ့ ဆုပ််ပြီးတော့ ညှစ်ကြည့်တဲ့အခါမှာ ရေတွေက အောက်ကိုကျလာတယ်ဆိုရင် များတယ်ပေါ့နော်။ မကျပဲနဲ့ လက်ကြားထဲ ရေလေးတွေ မရှိဘူးဆိုရင် ရေနည်းတယ်ပေါ့။ အားနဲ့ညှစ်လိုက်တဲ့အချိန်မှာ ရေက လက်ကြားထဲမှာ စိုရုံလောက်ဆိုရင်တော့ သင့်တော်တဲ့ အစိုဓာတ် ရပါတယ်။

နောက်ပြီးတော့ မျိုးကိုင်းရွေးချယ်တဲ့အခါမှာ အရမ်း မနုလွန်းတဲ့ကိုင်းဆိုရင်လည်း မရဘူး။ အရမ်းရင့်တဲ့ကိုင်းဆိုရင်လည်း မရဘူးပေါ့နော်။ ကိုင်းမှာ အပွေးလေးတွေလည်း နည်းနည်းတက်နေမယ်ပေါ့နော်။ ကိုင်းကို အပေါ်ယံလေး နည်းနည်းနွှာလိုက်မယ်။ အောက်ခံပင်ကို သပ်ပုံစံလေး နဲနဲချွန်လိုက်မယ်။ ပြီးရင် နွှာထားတဲ့ကိုင်းထဲကို ထိုးထည့်လိုက်မယ်။ ထိုးထည့်ပြီးတော့ အခေါက်အခေါက်ချင်း စပ်နေအောင်ထိုးထည့်ဖို့ အရေးကြီးပါတယ်။ ပြီးရင် အပေါ်ကနေပြီးတော့ တိပ်လေးပတ်မယ်။ တိပ်က ရေဝင်တာတို့ဘာတို့ မဖြစ်အောင်ပေါ့နော်။ ပြီးရင် ကြိုးလေးနဲ့ တွဲပြီးတော့ ချည်ထားမယ်။ ကြိုးချည်တာက အပင်ဆက်ထားတဲ့နေရာက လေတိုက်တဲ့အခါကျရင် မဟသွားအောင် ကြိုးလေးနဲ့ ထိန်းပေးထားတဲ့သဘောပါ။ ဒါဆိုရင် ကိုင်းကူးခြင်းလုပ်ငန်းက ပြီးသွားပြီပေါ့နော်။

၄၅ ရက်လောက် ကြာတဲ့အခါမှာ ဒီအထဲမှာ အမြစ်လေးတွေ ထွက်လာမယ်ပေါ့။ အဲလိုဖြစ်လာရင် အောက်ခြေနားကနေပြီးတော့ ဖြတ်လိုက်ရင် ပျိုးပင်တစ်ပင် ရပြီ။ ကိုင်းကူးပြီး ၄၅ ရက် ကြာတဲ့အခါမှာ မျိုးထုတ်ထဲမှာ အမြစ်ကလေး နှစ်ချောင်းသုံးချောင်း ထွက်လာတဲ့အချိန်မှာ အဲဒါက ပျိုးထုတ်ထဲ ထည့်လို့ရပြီပေါ့နော်။ အဲဒီအခါကျရင်တော့ အောက်ခြေကနေ ဖြတ်လိုက်လို့ရပါပြီ။

မြေသားကိုကျတော့ မြေကြီးနဲ့ ဖွဲပြာ ရောထားတဲ့မြေပါ။ အဲဒါကို ပျိုးထုတ်ထဲထည့်တဲ့အခါမှာ မြေကြီးပဲ ထည့်ရင် ပျိုးထုတ်ထဲမှာ ကျပ်ပြီးတော့ ရေဝပ်တာတွေဘာတွေ ဖြစ်တက်တော့ ဖွဲ့ပြာထည့်တော့ ရေဝပ်တာတွေဘာတွေ မဖြစ်တော့ဘူးပေါ့။ အဲဒီ ကိုင်းကို ပျိုးထုတ်ထဲထည့်တဲ့အချိန်မှာ ကိုင်းဆက်ကို မြေကြီးပေါ်မှာ ပေါ်အောင် ထားပေးရမှာပါ။ မြေကြီးအောက်ထဲကိုဝင်သွားရင်   ရောဂါပိုးဝင်တာတို့ အပင်နဲ့သွားတာတို့ ဖြစ်တက်လို့ပါ။ ပျိုးထုတ်ထဲမှာ ၁ နှစ်လောက်တော့ ထားရပါတယ်။ ပျိုးပင်မယိုင်အောင်လို့တော့ ဘေးနားကနေ ကိုင်းထောက်ပေးထားရပါတယ်။ ပြီးရင် ရေလောင်းတဲ့အခါ ရေကို အပြင်ထွက်လို့ရအောင် ပျိုးအိတ်ကို ဖောက်ထားပေးရပါတယ်။ အဲဒါဆိုရင်တော့ အကုန်လုံး ပြည့်စုံတဲ့ ပျိုးထုတ်တစ်ထုတ် ရပါပြီ။

စိုက်ဖို့ ကျင်းထည့့်တဲ့အခါမှာလည်း အလျား ၂ ပေ အနံ ၂ ပေ အနက် ၂ ပေ ကျင်းလေး တူးပေးရပါတယ်။ တူးပြီးတော့ ထွက်လာတဲ့မြေစာကို နွားချေးရယ် ဖွဲပြာရယ် မြေကြီးနဲ့ ပြန်သမမယ်။ သမပြီးသား မြေကြီးကိုမှ ကျင်းတူးထားတဲ့ထဲကို ပြန်နှပ်မယ်ပေါ့နော်။ ပြန်နှပ်ပြီးတော့ အပင်စိုက်တဲ့ရာသီ ရောက်တဲ့အခါမှ ကျွန်တော်တို့က မြေကြီးထဲကို ချစိုက်မှာပါ။ အပင်စိုက်ရာသီကတော့ ဇွန် ၊ ဇူလိုင်ဆိုရင် စိုက်ပါတယ်။ မြေကြီးကို နှပ်တာက အကြာကြီး မနှပ်လည်း ရပါတယ်။ နှပ်ပြီးသားမြေကြီးကို တူးပြီးတော့မှ အပင်လေးကို ပြန်စိုက်မယ်။ ဒါက ပျိုးထုတ်ထဲမှာ တစ်နှစ် ရှိပြီးသားအပင်ပါ။

ဒီအပင််ကို အပင်စိုက်တဲ့အခါမှာ ကိုင်းဆက်ထားတဲ့ အရာလေးကို မြေကြီးပေါ်မှာ ထားပေးဖို့လိုပါတယ်။ အဲဒါက အဓိကပါပဲ။ မြေကြီးထဲဝင်ရင် သိပ်ပြဿနာမရှိဘူးဆိုပေမယ့် နောက်ပိုင်းကျရင် စပ်ထားတဲ့နေရာလေးကနေပြီးတော့ ရောဂါပိုးတွေ ဝင်တတ်လို့ပါ။ ရေက အပင် ၁ နှစ်သားအတွင်းမှာ လောင်းပေးရပါတယ်။ ပျားလိမ္မော်ပင်က စာအရဆိုရင်တော့ ငယ်စဉ်အခါမှာ ရေဂါလံ ရ ဂါလံကနေပြီးတော့ ၁၀ ဂါလံအတွင်း လိုပါတယ်။ အဲဒါဆိုရင်တော့ စိုက်ပြီး ပျိုးပြီးသား အပင်ကလေး ရပြီပေါ့နော်။”

Mizzima Weekly