ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်း (အပိုင်း ၂)

06 December 2016
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်း (အပိုင်း ၂)

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

မနွယ်ဇင်ထက် ပြောသွားတာကတော့ တိုင်းဒေသကြီးအနေနဲ့ လူထုရဲ့အသံကို ယူသင့်တယ်။ နီးနီးကပ်ကပ် လူထုနဲ့ နေသင့်တယ်လို့ ပြောသွားတယ်။ ဆိုတော့ ဦးဝေယံအောင်အနေနဲ့ရော ဒီ သုံးလအတွင်းမှာ ဒါမှမဟုတ် ရက် ၄၀ အတွင်းမှာ အစိုးရအနေနဲ့ ဘာတွေလုပ်ပေးသင့့်လဲ။ ဥပမာ Mix ဖြစ်သွားတာပေါ့။ အစောတလျင်လုပ်ရမယ့်ဟာကို မလုပ်ပဲနဲ့ လွဲချော်သွားတဲ့ဟာမျိုး ဘာကိုမြင်လဲ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ကျွန်တော်တို့ ခုနက ပြောခဲ့သလိုမျိုးပဲပေါ့နော်။ ပြဿနာတွေကတော့ ပုံထပ်နေတယ်။ ဒါတွေက ချက်ခြင်းလည်း ရှင်းလို့ရမှာမဟုတ်ဘူး။ စနစ်တကျ ရှင်းရမယ်။ ဒါပေမယ့် အဲဒီပြဿနာတွေ ထပ်ပြီးတော့မဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းတဲ့နည်းလေးတော့ သုံးသင့်တယ်။ လယ်ယာမြေပြဿနာက ကျွန်တော်တို့ တကယ်ကိုပဲ အချိန်တွေပေးနေရတယ်။ အဲဒါတွေမှာ အစိုးရအနေနဲ့ ဘယ်လို စီမံခန့်ခွဲမလဲ။ နောက်တစ်ခါ ကျွန်တော်တို့ ဒီအတောအတွင်းမှာ ဖြစ်နေတာက ပြည်သူလူထုက နှစ်ပေါင်းများစွာ သူတို့ အားလုံး စောင့်ဆိုင်းလာခဲ့ရတယ်။ အဲတော့ လက်ရှိအစိုးရ ဖြစ်ပြီဆိုတာနဲ့ ပြည်သူလူထုမှာ ဒီ အသိဉာဏ်အားနည်းမှုလည်း ပါမယ်။ သူတို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာတွေလည်း ပါမယ်ပေါ့။ သည်းခံနိုင်စွမ်း မရှိတော့ဘူး။

သူတို့ကတော့ အကုန်တောင်းမှာပဲ။ သူတို့ မတရားခံရတာတွေ အကုန်တောင်းမယ်။ အဲဒီအပေါ်မှာ အစိုးရက ပါးပါးနပ်နပ်နဲ့ လက်ရှိပြဿနာတွေကို ဘယ်လိုထိန်းချုပ်ပြီး ဘယ်လို ရေရှည်စီမံကိန်းတွေ ဆွဲသွားမလဲဆိုတာပေါ်မှာ ခုနကပြောသလို အရပ်ဘက် လူ့အဖွဲ့အစည်းတွေလည်း ပါဝင်သင့်တယ်။ အဓိကက ယုံကြည်မှုပြဿနာ အရပ်ဘက်အဖွဲ့အစည်းတွေကို INGO တွေကို အစိုးရက မြင်နေတာက NIGO တွေက အထောက်အပံ့တွေယူတယ်။ အဲဒီအပေါ်မှာ သူတို့တွေက ရိုးသားမှုမရှိဘူး၊ ပွင့်လင်းမှုမရှိဘူး၊ နောက်တစ်ခါ နဂိုအာဏာရှင်နဲ့ပတ်သက်ပြီးတော့ NGO တွေ INGO တွေဟာ အထောက်အပံ့ တစ်ခုခုနဲ့ အာဏာရှင်သက်တမ်းရှည်ရှည် လုပ်ခဲ့တယ်ဆိုတဲ့ ယုံကြည်မှုပြဿနာပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေးမှာ ထာဝရရန်သူမရှိ၊ ထာဝရမိတ်ဆွေမရှိ၊ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ သူတို့ကို ထိန်းချုပ်နိုင်တာ ကျွန်တော်တို့ရဲ့ ညဏ်ပညာပါပဲ။ ဒါကြောင့် အဲဒီလို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လက်ရှိပြဿနာတွေကို ထိန်းသိမ်းနိုင်အောင် လုပ်ပြီးတော့   ရေရှည်အတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာထားရင်တော့ အကောင်းဆုံးပါပဲခင်ဗျာ။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အဲတော့ ရေရှည်အတွက် စဉ်းစားနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့က ဘယ်လိုမျိုး စဉ်းစားသင့်သလဲ။ ဘယ်လိုလူတွေရဲ့ အကူအညီကို ယူသင့်သလဲ။ ဘယ်သူတွေနဲ့ စကားပြောသင့်သလဲ။ ဘယ်သူတွေနဲ့ ထိတွေ့ပြိးတော့မှ သူတို့ရဲ့ အကြံဉာဏ်ကို ယူသင့်လဲလို့ ဆရာထင်သလဲ။

ဦးစိုးလှိုင်ဦး

၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ပုသိမ်။

CSO တွေနဲ့တွေ့မယ်။ တွေ့တဲ့အခါမှာလည်း CSO တစ်ဖွဲ့ချင်းရဲ့ ပြောရလို့ရှိရင် Profile ပေါ့။ သူတို့ရဲ့ Profile ကိုလည်း သိအောင်လုပ်မယ်။ ပြီးရင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ခုနက မနွယ်ဇင်ထက် ပြောသွားသလိုပဲ သူတို့ တချို့တွေမှာ စစ်တမ်းတွေ ကောက်ထားတာတွေရှိတယ်။ ကောက်ထားတဲ့အကြောင်းအရာတွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာလည်းရှိမယ်။ ဒါမှမဟုတ်ရင်လည်း သယံဇာတနဲ့ဆိုင်တာရှိမယ်၊ လယ်ယာမြေနဲ့ဆိုင်တာရှိမယ်၊ အဲလိုဆီက ရလာတဲ့ Issue တွေအပေါ်မှာ ပြန်သုံးသပ်ရမယ်ပေါ့။ ပြန်သုံးသပ်လို့ရှိရင် လုပ်ငန်းတိုးတက်ဖို့အတွက် ပြန်ပြီးတော့ ကော်မတီဖွဲ့တာမျိုး၊ ဖွဲ့ပြီးတော့မှ ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲ ဘယ်လို Plan တွေထားပြီးတော့ လုပ်ကြမယ်ဆိုတာမျိုး လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒီမှာလည်း ပြောရလို့ရှိရင် ခုနက ဆရာဝေယံအောင်ပြောသွားတဲ့အထဲမှာ ချက်ခြင်းလုပ်ရမယ့်ကိစ္စ မလုပ်ဖြစ်တာမျိုးလို့ ကိုမျိုးသန့်က မေးလိုက်တယ်။ အဲဒီမှာ ကျွန်တော် နည်းနည်းလေး ဖြည့်ပြောချင်တာက လယ်ယာမြေကဏ္ဍက အဓိကကျတယ်လို့ ကျွန်တော်ထင်တယ်။ NLD အစိုးရ တက်မလာခင် ရွေးကောက်ပွဲမှာ ဘာတွေပြောခဲ့လဲဆိုရင် လယ်သမားအရေးကို ဦးစားပေးပြီးတော့ လုပ်ဆောင်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် တကယ့် လယ်သမားအရေးကို အခု ရက် ၁၀၀ အတွင်း လေးလအတွင်းမှာ တကယ် သေသေချာချာ ဆောင်ရွက်သလားဆိုတော့ ထိထိရောက်ရောက်ဆောင်ရွက်တာ ဘာမှမရှိဘူး။

ခုနကပြောသလို ဆိုးရွားတဲ့ထိခိုက်မှုမျိုးတွေ ဖြစ်လာတယ်။ နောက်တစ်ခါ အဲဒီလိုပဲ လယ်ယာမြေကိစ္စ ဗဟိုကတော့ ဘာပြောလိုက်လဲဆိုရင် တပ်သိမ်းလယ်မြေကအစ ပြန်ပေးတယ်။ လယ်ယာတွေ ပြန်ပြီးတော့ ယူလို့ရတယ်။ ဒါပေမယ့် အောက်ခြေမှာ ဘာမှမသိဘူး။ သိခွင့်လည်းမရှိခဲ့ဘူး။ သေသေချာချာ ချပြတာလည်း မရှိခဲ့ဘူး။ နောက်တစ်ခါ အင်းလေလံနဲ့ ပတ်သက်ပြီးတော့လည်း ဒီအတိုင်းပဲ အဲဒီမှာလည်း ဘာတွေဖြစ်လာလဲဆိုရင် ငါးလုပ်ငန်းဦးစီးဌာနကပဲ ဒီဟာကို ဦးဆောင်ပြီးတော့ လုပ်ပြီးတော့ လုပ်ချင်တိုင်းလုပ်နေသလိုလို နောက်တစ်ခါ ဘာပြန်ဖြစ်ပြန်လဲဆိုတော့ တစ်ဖက်က လွှတ်တော်ကိုယ်စားလှယ်ကပဲ လုပ်ချင်တာလုပ်နေသလို ဘယ်သူက ဒီအပေါ်မှာ မဟုတ်တာလုပ်နေတယ်ဆိုတာကို ပေါ်လွင်နေတဲ့ဟာမျိုး မြင်သာနေတဲ့ဟာရှိတယ်။ ဒါပေမယ့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ ဘာဖြစ်လာလဲဆိုတော့ ဝန်ကြီးချုပ်အနေနဲ့ရော ဝန်ကြီးအနေနဲ့ရော အဲဒီအပေါ်မှာ ထိရောက်တဲ့ ဖိအားပေါ့ မမှန်ရင်မှန်တာ မဟုတ်ရင်မဟုတ်တာကို ထိရောက်တဲ့ ဖိအားပေးတာမျိုး မရှိတော့ဘူး။

သူတို့လုပ်တာ မကောင်းဘူးလို့မဟုတ်ဘူး။ သူတို့လုပ်ဆောင်ချက်တွေ ကောင်းတယ်။ သူတို့ထုတ်ပေးလိုက်တဲ့ စာရွက်စာတမ်းတွေက ကောင်းတယ်။ ဘာလုပ် ဘာလုပ်ဆိုပြီးတော့ အောက်ခြေမှာ နောက်ဆုံးကျရင် ငါးလုပ်ငန်းဦးစီးအနေနဲ့ အစုအဖွဲ့လေးတွေ လုပ်တယ်ဆိုရင်လည်းသိန်း ၃၀ အောက် အင်းလုပ်ငန်းလေးတွေ လုပ်လို့ရတယ်ဆိုတဲ့ ဟာမျိုး လုပ်တယ်။ ဒါပေမယ့် အဲဒီပေါ်မှာ မသမာမှုတွေဖြစ်လာတယ်။ အဲတော့ ကျွန်တော်တို့က ဘာဖြစ်လာလဲဆိုတော့ လူသာပြောင်းသွားတယ် မူမပြောင်းဘူးဆိုတဲ့ပုံစံဖြစ်နေတယ်။ အဲတော့ အဲဒီဟာတွေကိုလည်း ထိရောက်တဲ့ဟာနဲ့ ထိရောက်တဲ့ပုံစံနဲ့ လုပ်သင့်တယ်။ အခုတလောတော့ ကြားလိုက်တယ် ငါးလုပ်ငန်းဦးစီးကို မဟုတ်တာလုပ်ရင် တရားစွဲမယ်ဘာညာနဲ့ ပြောတယ်။ အဲဒီအပေါ်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဟုတ်တဲ့ သြဇာသုံးနေတာတွေကိုလည်း ကိုယ်တိုင်ကြံုတွေ့ခဲ့ရတာတွေ ရှိပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ကျွန်တော်တို့က ပြဿနာတစ်ခုကို ချည်းကပ်လို့ရှိရင် သူ့ဘက်ကိုယ့်ဘက် ပြန်ပြီးတော့ ကြည့်ရမှာပေ့ါနော်။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးပွဲမှာလည်း တိုင်းအစိုးရ အရာရှိတွေကို ဖိတ်ကြားထားပေမယ့် သူတို့က မလာဘူး။ သူတို့မှာလည်း ပြောစရာ ရှိကောင်းရှိနိုင်မှာပေါ့။ သူတို့ မအားလပ်တဲ့အခါကျတော့ မလာနိုင်ဘူးဆိုတော့ ကျွန်တော်တို့က တစ်ဖက်တည်း ဖြစ်ကောင်းဖြစ်မယ်။ သူတို့မှာလည်း အခက်အခဲ ရှိကောင်းရှိမယ်။ အဲတော့ ကျွန်တော်တို့က သူတို့နေရာကို ကိုယ်စား ဝင်ကြည့်ပြီးတော့ ပြောမယ်ဆိုရင် ဘာအခက်အခဲတွေ ရှိနေမယ်လို့ ထင်လဲ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ကျွန်တော်တို့ကတော ့အစိုးရဆိုတာကို အားလုံးပြည့်စုံတဲ့ အသိပညာရှင် အတက်ပညာရှင်လို့ ကျွန်တော် လုံးဝ မယုံကြည်ဘူး။ သူတို့ဟာ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်မှ အရာရာအောင်မြင်နိုင်မယ်။ နံပါတ်တစ် အားနည်းချက်ကတော့ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာပဲ။ အဲတော့ ကျွန်တော်တို့က ပြည်သူလူထုကြားမှာ တကယ်ရှိနေတဲ့ လူထုကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ အဲဒီ လူထုကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ နောက်တစ်ခါကျတော့ သူတို့မှာ ဗဟို ပြည်ထောင်စုအစိုးရရဲ့ မူဝါဒတွေကလည်း ရှိတယ်။ အဓိက တကယ် ဒေသတွင်းမှာရှိတယ် ရိုးသား သစ္စာရှိတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ရှိနေပါသေးတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ သူ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ ဆရာဦးသန်းဝင်းကို ကျွန်တော် ထပ်ပြီးတော့ မေးပါရစေ။ ကျွန်တော်တို့က အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာဖို့ ပြည်သူလူထုကနေ အများကြီး မျှော်လင့်ချက်တွေထားပြီးတော့မှ ပံ့ပိုးပေးခဲ့တာတွေ ရှိတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ လက်တွေ့မှာတော့ လက်တလော မျှော်လင့်ချက် မျှော်လင်သလောက်ကို ဖြစ်မလာသေးဘူးဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ထပ်ပြီးတော့မှ ဘာတွေများ ဟုတ်ပြီ နောက် လူထုက မြင့်မြင့်မားမားထားလျက်နဲ့ ဒီလောက်ထိ ဖြစ်မလာဘူးဆိုတော့ ကျွန်တော်တို့ နောက် ရှေ့တစ်လှမ်း ထပ်ကြည့်မယ်ဆိုရင် ဘာတွေများ ဆက်ဖြစ်လာနိုင်မလဲ။

ဦးသန်းဝင်း

အမျိုးသားဒီမိုကရေစီ ကွန်ရက်

ဘာနဲ့တူသလဲဆိုရင် ကျွန်တေ်ာတို့ ရန်ကုန်မှာ ခဏခဏဖြစ်နေတဲ့ လမ်းပိတ်ဆို့မှုကြောင့် ရှေ့ကကားတစ်စင်း ရပ်သွားရင် နောက်ကကားတွေ ဆင့်တိုက်တာ မကြာခဏ ကြားနေရတယ်။ အဲတော့ လူထုက ပြောင်းလဲချင်တဲ့ အရှိန်အဝါ များနေတယ်။ ရှေ့က လူထုရဲ့တာဝန်ကို ယူပြီးတော့ ရုန်းကန်ရတဲ့ အစိုးရရဲ့ အရှိန်အဝါက နှေးနေတယ်။ အဲဒီအခါမှာ နောက်ကကားတွေက ကျော်တက်ပြီးတော့ အဆင့်ဆင့်တိုက်တာမျိုးတွေဖြစ်ရင် မလိုလားအပ်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်လာတက်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကြိုပြီးတော့ ဒီဟာတွေကို ပြည်သူလူထုနဲ့ တကယ့်နီးနီးစပ်စပ် ထဲထဲဝင်ဝင် ယုံယုံကြည်ကြည်နဲ့ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြားမှာ ပြည်သူတွေအပ်နှင်းထားတဲ့ အာဏာသုံးရပ်ကို ကိုင်စွဲပြီး ပြတ်ပြတ်သားသား ဆောင်ရွက်သင့်တယ်။

ဥပမာ ကျွန်တော်တို့ လုံခြံုရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေမှာ တိုင်းဒေသကြီးလွှတ်တော်ရှေ့မှာ လူအုပ်စုဖွဲ့ပြီးတော့ သတ်ဖြတ်မှုဖြစ်သွားတာကအစ အခုထိ တရားခံ မဖော်နိုင်သေးတာဟာ ဒါဟာ အဓိက စိန်ခေါ်နေတဲ့ ပြဿနာပဲ။ ပြည်သူလူထု လက်ညှိုးထိုးစရာ ဖြစ်လာပြီ။ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုမျိုး ထိထိရောက်ရောက် ကိုင်တွယ်သွားမလဲ။ ဒါလည်း အရေးကြီးတယ်။ နောက်တစ်ခါ တရားစီရင်ရေးနဲ့ပတ်သက်လို့ မစည်ကားအပ်တဲ့အရပ် တရားရုံးကို သွားကြည့်စမ်းပါ တချို့ ကျွန်တော်တို့ အခုတွေ့ရတာ ဒီရေတောကို ဖြတ်ဆီးလို့ဆိုပြီးတော့ တရားစွဲခံရတာ ဒီအထဲမှာ ကိုထွန်းထွန်းဦးလည်း ပါပါတယ်။ အခု လယ်သမားတွေကို တရားစွဲထားတယ်။ ကျွန်တော်တို့ ဟိုတလောကလုပ်တဲ့ ဝပ်ရှောပ့်လေးတစ်ခုမှာ ဥပဒေပညာရှင်တွေကို ကျွန်တော် မေးကြည့်တဲ့အခါမှာ ဆယ်နှစ်အထက် ဒီရေတောက သူများခုတ်ပြီး မီးသွေးဖုတ်သွားတာ။ အဲဒါကို ဝင်ပြီးတော့ စိုက်ပျိုးနေတဲ့ လယ်သမားတွေက ရ နှစ် ၈ နှစ် အမတော်ကြေးတို့ဘာတို့ ထုတ်ပြီးတော့ စိုက်တဲ့အထိဖြစ်နေပြီ။ အဲဒါ လပွတ္တာမှာဖြစ်တာ။ အခု တရားစွဲထားပြီးပြီ။ ဒီလိုဟာမျိုးတွေက မဖြစ်သင့်တဲ့ဟာတွေ။

အဲတော့ ပြည်သူလူထုက မျှော်လင့်တကြီးနဲ့ ယုံကြည်ကိုးစားထားတဲ့ အစိုးရပါလို့ ကျွန်တော်တို့က သက်သေပြဖို့အတွက် ပြည်သူဘက်ကရပ်ပြီး ပြည်သူ့ဘက် မျက်နှာမူပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုတယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆိုတော့ ကျွန်တော် ပြောတဲ့စကားတွေကို ပြန်ပြီးတော့ ခြံုငုံ သုံးသပ်ကြည့်မယ်ဆိုရင် ပြဿနာကို မရှင်းနိုင်သေးပဲနဲ့ ဖွံ့့ဖြိုးရေးကို မသွားနိုင်သေးဘူး ဒီက ရှိခဲ့တဲ့ပြဿနာကိုတောင် မရှင်းနိုင်တဲ့ အနေအထားကို တွေ့နေရတယ်။ ကျွန်တော် လူငယ်တွေရဲ့အမြင်ကိုလည်း ကျွန်တော် မေးပါရစေ။ ဗဟိုအစိုးရကတော့ လူငယ်မူဝါဒပေါ့နော် လူငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်မူဝါဒတွေ ရေးဆွဲနေတာတွေရှိတယ်။ လူငယ်တွေကိုလည်း ပါဝင်ပေးဖို့ ပြောတယ်ပေါ့။ ဆိုတော့ ဒီဧရာဝတီတိုင်းအနေနဲ့ရော ပြီးခဲ့တဲ့ လေးလအတွင်းမှာ လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေဆီက မျှော်လင့်ချက်ထားပြီးတော့ မဲပေးခဲ့ကြပါတယ်။ အဲတော့ ဒီအစိုးရ တက်လာပြီးတဲ့နောက်မှာ မျှော်လင့်ချက်က ဘယ်လောက်ထိ နီးစပ်လာပြီလဲ။

မနွယ်ဇင်ထက်

ဧရာဝတီ လူငယ်ကွန်ရက်

လူငယ်မူဝါဒနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၂ ထဲက တောင်းဆိုခဲ့တယ်။ ပြီးခဲ့တဲ့အစိုးရကလည်း နားထောင်ခဲ့တာမရှိဘူး။ ဒါပေမယ့် လက်ရှိအစိုးရ တက်လာတဲ့အခါမှာ သူက လူငယ်မူဝါဒ ဖော်ဆောင်ရေးဆိုပြီးတော့ ဒီ ရက် ၁၀၀ ထဲကို ထည့်ထားတာတွေ့ရတယ်။ အဲဒီမှာမှတစ်ဆင့် လူငယ်တွေကို ဖိတ်ခေါ်တယ်။ ပြီးတဲ့အခါမှာ ဒီ သူတို့က ရွေးချယ်လိုက်တဲ့ ပညာရှင်မျိုးမဟုတ်ပဲနဲ့ လူငယ်တွေကိုယ်တိုင်က ရွေးချယ်တဲ့ လူငယ်ကိုယ်စားလှယ်တွေပဲ ဖြစ်ရမယ်ဆိုတဲ့ဟာတွေ လူငယ်တွေ ပူးပေါင်းပါဝင်ဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းမှာပါဝင်တဲ့သူတွေရော အခြား ကဏ္ဍစုံမှာရှိတဲ့ လူငယ်တွေရောပေါ့။ ဒါတွေကို ဖိတ်ခေါ်တာတော့ ကောင်းတဲ့တစ်ချက် တွေ့ရတယ်။

 ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူငယ်ရဲ့မူဝါဒ ဖော်ဆောင်ရေးမှာ လူငယ်ကဏ္ဍအနေနဲ့ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးမှာ သူတို့တွေ အစီအစဉ်တစ်ရပ်အနေနဲ့ ထည့်တာမျိုးတွေ ပြီးတဲ့အခါမှာ ကျွန်မတို့တွေ သတင်းစာတွေမှာ အပိုင်းတိုလေးတွေ ထည့်တာမျိုး ဒါမျိုးလေးတွေ လုပ်ဆောင်ပေးတာတွေ ထည့်ပေးတာတွေကို တွေ့ရတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့ဆိုရင် လူငယ်ရေးရာမူဝါဒ ဖော်ဆောင်ရေး လူငယ်မူဝါဒ ဖော်ဆောင်ရေးမှာ သူတို့အနေနဲ့ ကျွနမတို့သွားပြီးတော့ တွေ့တဲ့အခါမှာ အတွေ့ခံတယ်။ ဆွေးနွေးတယ် နားထောင်တယ်။ ဒါပေမယ့် သီးသီးသန့်သန့်ကြီးနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူငယ်မူဝါဒ ဖော်ဆောင်နေတဲ့ လူငယ်တွေအတွက် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူငယ်တွေ ဘယ်လိုမျိုး စွမ်းဆောင်ရည်တွေရှိတယ် ဘယ်လိုမျိုးဟာတွေ မြှင့်တင်ပေးဖို့တွေ ရှိလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးတာမျိုးတွေ စိတ်ဝင်စားတဲ့ဟာမျိုးတွေတော့ မရှိပါဘူး။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် ။ http://www.mizzimaburmese.com/article/20941

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly