"ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုပါတယ်"

"ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုပါတယ်"

ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကြီးမားနေတဲ့အတွက် အထက်တန်းကျောင်းမှာ အသက်မွေး ဝမ်းကျောင်း ပညာရပ်ကိုအချိန်ပိုင်းထည့်သင်၊ လေ့ကျင့်ပေးဖို့ ပြည်ပရောက် စီးပွားရေးပညာရှင်တစ် ဦးက အကြံပေးပါတယ်

ရန်ကုန် (Myanmar Now) ။            ။ ရန်ကုန်စီးပွားရေးတက္ကသိုုလ်ကျောင်းဆင်းဒေါက်တာမြင့်မိုးချစ်ဟာ၂ဝဝ၂ မှာ မုံရွာစီးပွားရေး တက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်မှာဘဏ် လုပ်ငန်းဆိုင်ရာမဟာဘွဲ့သင်တန်း(MSc in Money, Banking and Finance) တက်ရောက်ကာ ၂ဝဝ၉ မှာ စီးပွားရေးဆိုင်ရာပါရဂူဘွဲ့ ရခဲ့သူပါ။ လန်ဒန် Middlesex တက္ကသိုလ်စီးပွားရေးပညာကထိ က၊ စင်္ကာပူပုဂ္ဂလိကပညာရေးအဖွဲ့တစ်ခုရဲ့အကြီးတန်းကထိကအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ မလေး ရှားနိုင်ငံ Nottingham တက္ကသိုလ်မှာသင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေလုပ်ကိုင်နေတာ ၂ နှစ် ရှိပါပြီ။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ အနာဂတ် မျှော်မှန်းချက်၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးတို့နဲ့ ပတ်သက်ပြီး ဒေါက်တာမြင့်မိုးချစ်က မကြာသေး ခင်က Myanmar Now ကိုသုံးသပ် ပြောပြထားပါတယ်။

မေး -အစိုးရသစ်ရဲ့ စီးပွားရေးစီမံချက်တွေကို ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ - ဇူလိုင်လကထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ဟာယေဘူယျဆန်ပေမယ့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမှုကိုလျော့ချရေးအတွက် အရေးကြီးတဲ့ မူဝါဒတွေဆိုတာကိုလက်ခံပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ဒီမူဝါဒတွေကိုထိရောက်အောင် ဘယ်လိုအကောင်အထည်ဖော်မလဲ၊ လိုအပ်တဲ့အရင်းအမြစ်နဲ့ စွမ်းဆောင်ရည်(resources and capabilities) တွေကို ဘယ်လိုတည် ဆောက်မလဲဆိုတဲ့ အချက်ပဲ။ အရင်းအမြစ်ဆိုတာကမူဝါဒတွေကိုအကောင်အထည် ဖော်ရတဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ အတွေ့အကြံုရင့်ကျက်မှု၊ ပညာဗဟုသုတပြည့်ဝမှုကိုဆိုလိုပြီးစွမ်းဆောင်ရည်ကတော့ အစိုးရဝန်ထမ်းတွေ အပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိုဆိုလိုတာပါ။

မေး -အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေ ဘယ်လို ဖြစ်ထွန်းနေ တယ်လို့ သုံးသပ်မိလဲ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည်ကမျှော်မှန်းသလောက် သိသိသာသာ တိုးတင်မှု မရှိသေးဘူးဆို တာကို အောက်တိုဘာ၂၂ ရက်နေ့က ပြု လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အသိအ မှတ် ပြုသွားတာ ကြားလိုက်ရပါတယ်။ ကဏ္ဍ တော်တော်များများမှာလိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံအ နေနဲ့ ရက် ၁ဝဝ မပြောနဲ့၊ တစ်နှစ်အတွင်းမှာ သိသာတဲ့အကျိုးဖြစ် ထွန်းမှု တစ်ခုတလေ မြင်ရရင်ကိုပဲ ကျေနပ်စရာထင်ပါတယ်။ စီးပွားရေးသိသိသာသာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာအစိုးရရဲ့ လုပ်ဆောင်ချက် တွေပေါ်ပဲ မူတည်နေတာမဟုတ်ဘူး၊ကျွန်တော်တို့အားလုံးကကိုယ်တိုင် ပါဝင်ပြီးတော့ တစ်ဦးချင်း တစ်ယောက်ချင်း တိုးတက်မှုအတွက် ပြောင်းလဲသင့်တာကိုပြောင်းလဲဖို့၊ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အစိုးရသစ်ကဒီ ၅ နှစ်သက်တမ်းအပြီးမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေ ဖန်တီးတည်ဆောက်ထားနိုင်ပြီ ဆိုရင် ကျေနပ်မိမှာပါ။

မေး -တိုင်းပြည်စီးပွားရေးမှာအဓိကကျတဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်ပြီးထိရောက်တဲ့ လုပ်ဆောင်မှုမျိုးမတွေ့ရသေးဘူးလို့ ကျွမ်းကျင်သူတချို့ကမှတ်ချက်ပြုပါတယ်။ ဆရာက ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ - နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက်ဆိုရင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလိုပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံ သူတွေ အနေနဲ့လည်းသူတို့လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ ပြည်တွင်းမှာ ရနိုင်သလားဆိုတဲ့အချက်ကဘယ်နိုင်ငံမှာရင်းနှီးမြှုပ်နှံမလဲဆိုတာကိုစဉ်းစားတဲ့အခါမှာအရေးပါတဲ့ အချက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ လုံလုံလောက် လောက် မရှိသေးဘူးဆိုတာကိုအခုလောလောဆယ် ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ မှာ အသိအမှတ်ပြုထားတာကိုတွေ့ရပါတယ်။ ဒီဥပဒေပုဒ်မ ၅၁ မှာ ပြည်ပမှ လုပ်ငန်းကျွမ်းကျင်သူ တွေကို ခေါ်ယူခန့်ထားခွင့်ပေးထားပြီး၊ ကျွမ်းကျင်မှုမလိုသောလုပ်ငန်းများမှာတော့ နိုင်ငံသားများကို သာ ခန့်ထားရမည်လို့ ဖော်ပြထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေခံပညာရေးစနစ်ကတက္ကသိုလ်ဝင်တန်းကိုအောင်အောင်ဖြေပြီးအမှတ်မှီတဲ့ တက္ကသိုလ်ကို သွားဆိုတဲ့ လမ်းကြောင်းကလွဲရင် ကျွန်တော်တို့ ကလေးတွေကိုရွေးချယ်စရာမပေးပါဘူး။  လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေကိုမွေးထုတ်ပေးဖို့ အတွက် သိပ်မကြာသေးခင်က စင်ကာပူနိုင်ငံက အကူအ ညီနဲ့ဖွင့်လိုက်တဲ့ သင်တန်းကျောင်း၊ လက်ရှိစက်မှုလက်မှုအထက်တန်းကျောင်းအနည်းငယ်နဲ့ စက်မှု ဝန်ကြီးဌာနအောက်ကသင်တန်းကျောင်းတွေလောက်နဲ့ လုံလောက်မယ်မထင်ပါဘူး။ လိုအပ်နေတဲ့ သင်တန်းကျောင်းတွေကို မြန်မြန်ဆန်ဆန်ဖွင့်နိုင်ဖို့ လုပ်နေတာမတွေ့ရသလို၊ ဖွင့်ချင်ရင်တောင် မှာလိုအပ်တဲ့ အရင်းအမြစ်တွေကိုအချိန်ယူပျိုးထောင်ယူရမယ်ထင်ပါတယ်။

ဒီနေရာမှာအလေးအနက်အကြံပြုချင်တာက ၁၉၇၅-၈ဝ ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘဝကရှိခဲ့ဖူးတဲ့ စက်မှုလက်မှုနဲ့ အိမ်တွင်းမှု ပညာဘာသာရပ်ကို အထက်တန်းကျောင်း သင်ရိုးမှာထိထိရောက်ရောက် ပြန်လည်ပြဋ္ဌာန်းဖို့ပါ။ အထက်တန်းကျောင်းတွေမှာ၊ အခြေခံအသက် မွေးဝမ်းကျောင်းပညာရပ်ကိုစာသင်ချိန်မှာထည့်သွင်း၊ တက္ကသိုလ်ပညာရေးကိုသွားဖို့ စိတ်မဝင်စားတဲ့ ကျောင်းသားတွေအတွက် ခေတ်နဲ့လျော်ညီတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေဖြစ်တဲ့ ကွန်ပျူ တာ၊ မိုဘိုင်းဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းပြုပြင်နည်း၊ မော်တော်ယာဉ်စက်ကိရိယာပြုပြင်နည်း၊ အိမ်တွင်း လျှပ်စစ်မီးကြိုးသွယ်တန်းနည်းစတဲ့ ပညာရပ်တွေကိုအခြေခံကစပြီးတစ်ပတ် တစ်ချိန်နှစ်ချိန်လောက် ကျောင်းမှာစနစ်တကျသင်ပေးပြီး၊ နွေရာသီကျောင်းပိတ်ရက်တွေမှာအလုပ်သင်အဖြစ်နဲ့ ဒေသခံ လုပ်ငန်းရှင်တွေထံမှာဆက်လက်သင်ယူနိုင်တဲ့ အခွင့်အရေးတွေဖန်တီးပေးဖို့ပါ။ လိုအပ်တဲ့ သင်ရိုး ညွန်းတမ်းကိုတစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ရေးဆွဲ၊သင်တန်းပို့ချဖို့အတွက် ဆရာမလုံလောက်ရင် ဒေသခံလုပ်ငန်းရှင်တွေကိုအကူအညီတောင်းရင် ဖြစ်နိုင်ပါတယ်။ သင်တန်းတွေ ပြီးဆုံးတဲ့အခါမှာ အရည်အချင်းပြည့်မီတဲ့ ကျောင်းသားတွေကိုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးပြီးလုပ်ငန်းခွင်ဝင်ဖို့၊ ဒါမှမဟုတ် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တွေဆက်လက်ဆည်းပူးဖို့ စီစဉ်ပေးမယ်ဆို ရင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ပြဿနာကိုဖြေရှင်းဖို့ တဖက်တလမ်းက အထောက်အကူဖြစ်လိမ့် မယ်လို့ ထင်ပါတယ်။

မေး -ရွေးကောက်ပွဲအကြိုကာလဆရာသုံးသပ်ထားတဲ့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေ အားလုံး မျှမျှတတယှဉ်ပြိုင်ခွင့်ကိုဖောင်ဆောင်ရမယ်ဆိုတဲ့ အချက်က ဘယ်အတိုင်းအတာ ရောက်နေပြီလဲ။

ဖြေ - ရွေးကောက်ပွဲကြိုကာလကတင်ပြခဲ့တဲ့ ကျွန်တော့အမြင်ကဘဏ္ဍာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စက်သုံးဆီ ဖြန့်ဖြူးရေးစတဲ့ ကဏ္ဍတွေကို မိုဘိုင်းဖုန်းကဏ္ဍလို စားသုံးသူ ပြည်သူလု ထု ပိုအကျိုးရှိမယ်ဆိုရင် ပြည်တွင်းပြည်ပကုမ္ပ ဏီမခွဲခြားဘဲ မျှမျှတတယှဉ်ပြိုင်ခွင့်ကိုဖော်ဆောင်ပေးဖို့ ဆိုလိုတာပါ။ ပြည်တွင်းကလုပ်ငန်းရှင်တချို့ရဲ့ အမြင်ကသူတို့ လုပ်နိုင်တဲ့ ကဏ္ဍတွေမှာ နိုင်ငံခြား ကုမ္ပဏီကြီးတွေကို ဝင်ရောက်လုပ်ကိုင်ခွင့် ပေးလိုက်ရင် နည်းပညာ၊ အရင်းအနှီးအားနည်းတဲ့့ ပြည်တွင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ စီးပွားရေးသဘောတရားအရတော့ ယှဉ်ပြိုင်မှုရှိမှ တိုးတက်တီထွင် ဖန်တီးမှုရှိမှာဖြစ်ပြီး သယံဇာတအရင်းအမြစ်တွေကို အလေအလွှင့်မရှိ အသုံးချနိုင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်သင့်တာကလွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့်ပေးပြီး၊ နိုင်ငံခြားကုမ္ပဏီကြီးတွေအနေနဲ့ သူတို့ရဲ့နည်းပညာ၊ အရင်းအနှီးအားသာချက်တွေကို အခွင့်ကောင်း ယူပြီး စျေးကွက်ကိုလက်ဝါးကြီးအုပ် အမြတ်ထုတ်တာတွေ မလုပ်နိုင်အောင် လိုအပ်တဲ့ ဥပဒေတွေပြ ဋ္ဌာန်းပြီး ထိန်းကျောင်းပေးဖို့ပါ။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေသစ်မှာတော့ တည်ဆဲဥပဒေတစ်ရပ်ရပ် အရ တားမြစ်ထားတဲ့ လုပ်ငန်းတွေ မဟုတ်ရင် ပြည်တွင်းပြည်ပကုမ္ပဏီမခွဲခြားဘဲရင်းနှီးမြှုပ်နှံခွင့် ပြုမယ့်သဘော ပြဋ္ဌာန်းထားတာကိုတွေ့ရပါတယ်။

မေး -ဆရာသုံးသပ်ထားတဲ့ အစိုးရယန္တရားကို ပြုပြင်ပြောင်းလဲရမယ် ဆိုတာကရော။

ဖြေ - သိသာတဲ့အပြောင်းအလဲမတွေ့ရသေးပါဘူး။ ကျွန်တော်တင်ပြခဲ့တာက ရာထူးခန့်ထား တဲ့နေရာ၊ ရာထူးတိုးဆုံးဖြတ်တဲ့နေရာတွေမှာအရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည် ပေါ်မူတည်ပြီးလူမှန်၊ နေရာမှန် ရွေးချယ် ခန့်ထားဖို့ အရေးကြီးတဲ့ အကြောင်းပါ။ ဒါမှလည်း ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ လိုအပ်တဲ့အချိန်မှာမှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချမှတ်နိုင်မှာဖြစ်ပြီးတာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာမှာ ဖြစ်ပါတယ်။

မေး -ကလေးနဲ့ မိခင်လောင်းတွေရဲ့ အာဟာရချို့တဲ့မှုနဲ့ နိုင်ငံဖွံ့ဖြိုးရေးက ဘယ်လို ပတ်သက်နေပါသလဲ။

ဖြေ - ကျွန်တော့်အမြင်ကတော့ ကလေးတွေနဲ့ မိခင်လောင်းတွေ အာဟာရချို့တဲ့မှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရေရှည်တိုးတက်ဖွံ့ဖြိုးရေးမှာအလွန်အရေးကြီးတဲ့ ပြဿနာကြီးတစ်ခုပါ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့အဆိုအရအဟာရချို့တဲ့မှုမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယအဆင့်မှာရှိပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅%) ခန့်ဟာ အာဟာရ ချို့တဲ့မှုကြောင့် ကြီးထွားသင့်သလောက် မကြီးထွားတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရငယ်ရွယ်စဉ်မှာအာဟာရချို့တဲ့မှုဒဏ်ခံခဲ့ရတဲ့သူတွေဟာမခံခဲ့ရတဲ့သူတွေထက် ပညာရေးပြီးမြောက်မှုနဲ့ ကုန်ထုတ်စွမ်းအားမှာနိမ့်ကျနိုင်တဲ့ အလားအလာပိုများပြီး၊ အကျိုး ဆက်အနေနဲ့ အလုပ်အကိုင်ကနေရတဲ့ ဝင်ငွေကိုလည်းထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အိုင်အိုဒင်းဓာတ် အပြည့်အဝရခဲ့တဲ့ မိခင်လောင်းကမွေးဖွားလာတဲ့ ကလေးတယောက်ဟာ အိုင်အို ဒင်းဓာတ် အပြည့်အဝမရခဲ့တဲ့ မိခင်လောင်းကမွေးဖွားလာတဲ့ ကလေးနဲ့ယှဉ်ရင် စာသင်နှစ် တစ်ဝက် လောက် ကျောင်းမှာပိုနေဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ ပညာရေးပြီးမြောက်မှုမှာတစ်နှစ်ပိုလာတိုင်းပျမ်းမျှ ဝင်ငွေ ၈% တိုးလာတယ်လို့ သုတေသနတစ်ခုကဆိုပါတယ်။  

မေး - နေရာတိုင်းမှာဥပဒေစိုးမိုးမှုရှိရမယ်လို့ ဆရာဆိုထားပါတယ်။ မြို့ပြကြီးတွေမှာ မှုခင်း ပိုများလာတယ်လို့ ယူဆသလား။

ဖြေ - ကျွန်တော်ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့နေ ရာမှာ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကိုအားပေးတဲ့၊ ပိုင်ဆိုင်မှုတွေကိုအာမခံတဲ့၊ အကျင့်ပျက်ချစားမှုတွေ ကင်းတဲ့ စီးပွားရေးပတ်ဝန်းကျင်ကိုဖော်ဆောင်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးရေးမျိုးကိုဆိုလိုတာပါ။ ဒီနေရာမှာစာရင်းအင်းပညာအမြင်အရ ကြည့်ရင်တော့ ရာဇဝတ်အမှုအခင်းတွေ အရင်ကထက် ပိုများ လာတယ်ဆိုတာအမှန်တကယ် ပိုများလာတာ ဖြစ်နိုင်သလို၊ ဆက်သွယ်ရေးနည်းပညာတွေ ပိုမိုတိုး တက်လာတာ၊ လူမှုမီဒီယာကိုအသုံးပြုသူတွေပိုများလာတာ၊ သတင်းမီဒီယာတွေ ပိုမိုပွင့်လင်းလာတာ စတဲ့ အချက်တွေကြောင့် ရာဇဝတ် အမှုအခင်းတွေဖြစ်တာကိုအရင်ကထက် ပိုပြီးသိရှိခွင့်ရှိလာတာ လည်း ဖြစ်နိုင်ပါတယ်။  လုယက်မှုတွေ၊ ရာဇဝတ်အမှုအခင်းတွေများလာတယ်ဆိုတဲ့ အမြင်ရှိလာရင် လည်း စီးပွားရေးပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာပါဘဲ။

မေး -ဥပဒေစိုးမိုးမှုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဘယ်လောက်ထိတိုက်ရိုက်ပတ်သက်မလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သိပ်မလေ့လာ မိပါဘူး။ တရားဥပဒေစိုးမိုးမှုရှိလာပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာရင်၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊ ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို ပြည်ထောင်စုသားအားလုံး တရား သဖြင့် မျှဝေခံစားနိုင်ကြပြီဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလည်း အောင်မြင်လာမယ်လို့ ထင်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly