ပူပြင်းလှတဲ့ကားထဲမှာ ကလေးကို တမင်ထားခဲ့သော ဖခင်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

ပူပြင်းလှတဲ့ကားထဲမှာ ကလေးကို တမင်ထားခဲ့သော ဖခင်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

အမေရိကန်လူမျိုး ကလေးဖခင်တစ်ယောက်ဟာ လမ်းလျှောက်ကာစအရွယ် သူ့ရဲ့သားငယ်လေးကို ပူပြင်းလှသောကားထဲ၌ တမင်တကာ ချန်ထားခဲ့သောကြောင့် လွတ်ရက်မရှိ   ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ချမှတ်ခံခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိသူ ဂျက်စတင်ရော့စ်ဟားရစ်ဟာ လွန်ခဲ့တဲ့၂၀၁၄ ဇွန်လတုန်းက ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ ကားပါကင် အပြင်ဘက်၌ ၂၂ လအရွယ်ရှိ သားငယ်ဖြစ်သူရဲ့သေဆုံးခဲ့မှုမှာ အပြစ်ရှိကြောင်း ထင်ရှားသောကြောင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

သူကတော့ အဆိုပါ သေဆုံးမှုဟာ မတော်တဆဖြစ်ရပ်သာဖြစ်ပြီး သူ့ရဲ့သားငယ်အား နေ့ကလေးထိန်းကျောင်း၌ ချန်ထားခဲ့ရန် မေ့ခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

တရားရုံး၌ ငါးပတ်ကြာ စစ်ဆေးခဲ့မှုမှာတော့ သူဟာ ကလေးငယ် သေအ့ံဆဲဆဲအချိန်မှာ အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ယောက်အား ညစ်ညမ်းသော မက်ဆေ့ချ်များ ပို့နေခဲ့တာ   ဖြစ်တယ်လို့ ကြားနာခဲ့ပါတယ်။

တရားသူကြီးချုပ်က ဒီအဖြစ်အပျက်ဟာ အလွန်ဆိုးရွားသော ကြောက်မယ်ဖွယ်ရာ မှုခင်းတစ်ခုဖြစ်ပြီး တရားခံ ဟားရစ်ဟာ အကြင်နာတရား ကင်းမဲ့စွာ ထွက်သွားခဲ့ပြီး လူမမယ်ကလေးငယ်ကို ပူပြင်းလှတဲ့ ကားထဲမှာ ပူအိုက် ပြီး အသက်သေဆုံးအောင် ချန်ထားခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အစိုးရရှေ့နေများကလည်း ဟားရစ်ဟာ သူ့ရဲ့မိသားစုကို ထားခဲ့ပြီး အခြားအမျိုးသမီးများနှင့် ဇာတ်လမ်းရှုပ်ချင် သောကြောင့် သူ့ရဲ့ကလေးကို သတ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

ဒါကြောင့် တရားရုံးမှ ဟားရစ်အား တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အပြင် အပိုပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခဲ့ပါတယ်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags