ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်း (အပိုင်း ၁)

05 December 2016
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်း (အပိုင်း ၁)
 

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

မင်္ဂလာပါ ခင်ဗျာ။

ကျွန်တော်တို့ ဒီကနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ရက် ၁၀၀ (လေးလ)အတွင်းမှာ ဘာတွေများ လုပ်ခဲ့ပြီးပြီလဲ ဘာတွေများ ထပ်ပြီးတော့မှ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ထပ်ပြီးတော့ လုပ်ဆောင်ဖို့ ရှိသေးတယ်။ လိုအပ်ချက်တွေရော ဘာတွေများ ရှိသေးလဲဆိုတာကို ကျွန်တော်တို့ ဖိတ်ကြားထားတဲ့ သူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

 ကျွန်တော် ပထမဦးဆုံး ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်များနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်ရဲ့ ဘယ်ဘက်ခြမ်းမှာ ထိုင်နေတဲ့ပုဂ္ဂိုလ်ကတော့ ဆရာ ဦးဝေယံအောင်ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံ ဆရာများသမဂ္ဂရဲ့ အမှုဆောင်ဖြစ်ပါတယ်ခင်ဗျ။ နောက်တစ်ယောက်ကတော့ မနွယ်ဇင်ထက် ဖြစ်ပါတယ်။ သူကတော့ ဧရာဝတီ လူငယ်များကွန်ရက် အဖွဲ့ဝင်ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပုသိမ်ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ကိုစိုးလှိုင်ဦး ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ NDN လို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီ ကွန်ရက်အဖွဲ့ဝင် ဦးသန်းဝင်း   ဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော် ပထမဦးဆုံး ဆရာ ဦးဝေယံအောင်ကို မေးခွန်း မေးချင်ပါတယ်။

ဆရာကလည်း ဒီဒေသအတွင်းမှာ ထဲထဲဝင်ဝင် ဒေသခံလူထုနဲ့ ထိတွေ့နေတဲ့အခါကျတော့ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရရဲ့ မူဝါဒတွေချပြီးတော့ လုပ်ခဲ့တာတွေရှိတယ်။ ဒါမှမဟုတ်ရင် စိုက်ပျိုးရေး မွေးမြူရေး၊ ဒါမှမဟုတ်ရင် ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ လုပ်နိုင်ခဲ့တယ်။ အကောင်းဘက်ကကြည့်ရင် ဘာတွေများ ဖွံ့ဖြိုးတိုးတက်တယ်လို့ မြင်လဲ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ဟုတ်ကဲ့။ အကောင်းဘက်ကကြည့်ရင်တော့ ကျွန်တော်တို့ သေသေချာချာ မြင်ခဲ့တာကတော့ သဘာဝဘေးအန္တရာယ်ပေါ့။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဒီနှစ်မှာ ထူးထူးခြားခြား လုံလုံလောက်လောက်ကို ရေဘေးကယ်ဆယ်ရေး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီအတွက် အမှန်တိုင်းပြောရရင်တော့ တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ဆောင်ချက်တွေက ရေဘေးသင့်ပြည်သူများအတွက်တော့ လိုလေသေးမရှိ အားရအောင် လုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ နောက်တစ်ခုကတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီတိုင်းမှာဆိုရင် မော်တော်ယာဉ်တွေ ဆိုင်ကယ်တွေနဲ့ ယာဉ်တိုက်မှုပြဿနာက နေရာတိုင်းလို်လို ဖြစ်နေတယ်ပေါ့။ သေကြေပျက်စီးမှုတွေလည်း များတယ်။ အဲဒီအပေါ်မှာ အခုလိုမျိုး စနစ်တကျနဲ့ နေရာတိုင်းမှာ လုပ်လာနိုင်တာတွေ့တယ်။ အဲဒီအတွက်ကြောင့် သိပ်မကြာခင်မှာပဲ ယာဉ်တိုင်မှုကြောင့် ဖြစ်ပွားတဲ့ အသက်ဆုံးရှုံးမှုတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ တော်တော်များများ လျော့ကျသွားမယ်လို့ ထင်ပါတယ်ခင်ဗျ။ အဲဒါကတော့ ကျွန်တော် မြင်တဲ့ ဒီအတောအတွင်းမှာ လုပ်နိုင်တဲ့ ကိစ္စတွေပေါ့။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့။ ကျွန်တော်မေးချင်တာကတော့ ဒါကတော့ အသေးစားလေးတွေပေါ့နော်။ ပြီးခဲ့တဲ့ လုပ်ရာမှာလည်း စဉ်ဆက်မပြတ် လုပ်ရမှာဖြစ်တယ်။ အဲတော့ ဒီအစိုးရ တက်လာပြီးတဲ့နောက်မှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ဒါမှမဟုတ်ရင် မြင်သာတဲ့လုပ်ငန်း ဘာတွေများ တွေ့ခဲ့ရလဲ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ထူးထူးခြားခြား အပြောင်းအလဲ ကျွန်တော် တစ်ခုမှ မတွေ့ရပါဘူး။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့ပါ။ ဆိုတော့ ကျွန်တော် ဆရာဦးသန်းဝင်းကို ဖိတ်ပါရစေ။ ဆရာကတော့ ပြောသွားတယ် ထူးထူးခြားခြား ဖွံ့ဖြိုးလာတာ မတွေ့ရသေးဘူးဆိုတော့ ဆရာအနေနဲ့ ဘာကြောင့်များ ဒီလိုဖြစ်နေတယ်လို့ ထင်လဲခင်ဗျ။

ဦးသန်းဝင်း

အမျိုးသားဒီမိုကရေစီ ကွန်ရက်

ဒီလိုဖြစ်ရတဲ့ အဓိကရည်ရွယ်ချက် ၂ ချက်ရှိတယ်ခင်ဗျ။ ကျွန်တော်အမြင်ပေါ့လေ။ ပထမတစ်ချက်ကတော့ အတွေ့အကြံု နုနယ်သေးတဲ့ ဒီ လက်ရှိ တာဝန်ယူထားတဲ့ အတွေ့အကြံု နုငယ်မှုနဲ့ ပထမလုပ်ကိုင်သွားတဲ့ အစိုးရအဆက်ဆက်က ဝန်ထုပ်ဝန်ပိုးတွေက သူတို့အနေနဲ့ မနိုင်ဝန် ထမ်းနေရတယ်လို့ တစ်ဖက်ကမြင်သလို တစ်ဖက်ကလည်း သူတို့ရဲ့ ကိုယ်တိုင်တီထွင်ကြံဆပြီး ထက်ထက်မြတ်မြတ် ရုန်းကန်မှုအပိုင်းမှာ နည်းနည်းလေး အားနည်းနေလို့ ဒီလိုမမြင်ရတာလို့ ကျွန်တော်ထင်တယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဆရာ ကိုစိုးလှိုင်ဦးကို ကျွန်တော် မေးချင်ပါတယ်။ ၈၈ ငြိမ်းချမ်း ပွင့်လင်း လူ့အဖွဲ့အစည်းအနေနဲ့ ဒီဒေသအတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ခဲ့တာရှိတယ်။ လုပ်နေတာလညး် ရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီ NGO တစ်ခုအနေနဲ့ ဒီဒေသအတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ အဓိက လုပ်ပေးနေရတာတွေ ရှိလဲ။

ဦးစိုးလှိုင်ဦး

၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ပုသိမ်။

ဖွံ့ဖြိုးရေးလုပ်ငန်းအနေနဲ့ လုပ်ရတာဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မရှိဘူးလို့ပဲ ပြောရမှာပဲ။ ပြောရလို့ရှိရင် ဒေသခံပြည်သူတွေကို အသိပညာမြင့်တက်လာဖို့ ဒီအတွက်ကို ပညာပေးတဲ့ပုံစံမျိုးတွေ သူတို့ကို အသိပညာပေးမယ် အသိပညာပေးလူ့အခွင့်အရေးနဲ့ ဆိုတာတွေပြောမယ်။ ဒီဟာထက်ပိုပြီးတော့ ကျန်တဲ့လုပ်ငန်းတွေ လုပ်ခဲ့တာတွေ နည်းတယ် နောက်တစ်ခါ လယ်ယာမြေနဲ့ ပတ်သက်လာလို့ရှိရင် အလုပ်သမားတွေ ခံစားနေရတဲ့ သူတို့ရဲ့ အခက်အခဲတွေ ဒီဟာတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဖြေရှင်းပုံဖြေရှင်းနည်း၊ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အဲဒါတွေကိုပဲ လုပ်ဆောင်ခဲ့တာတွေ များတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်း ပတ်သက်လို့ရတော့ မရှိသလောက် ရှားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဖို့က ငွေရေးကြေးရေးရော နောက်တစ်ခါ လူအင်အားရော ပညာရှင်အားရော လိုပါတယ်။ လိုတဲ့အတွက်ကြောင့် ၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုခေါ်မလဲ ငွေအား လူအားတွေကိုကျတော့ လုပ်ဆောင်ပေးဖို့အတွက်ကျတော့ အခက်အခဲ ရှိပါတယ်။ အခက်အခဲရှိတဲ့အခါကျတော့ ကျွန်တေ်ာတို့က ပညာပေးတယ်။ နောက်တစ်ခါကျတော့ သူတို့တွေ အသိပညာကြွယ်လာမယ်၊ ပြီးရင် အသိတရား အကြောက်တရားတွေ ပျောက်လာမယ် အဲလိုမျိုးတွေတော့ လုပ်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

လူထုနဲ့ တိုက်ရိုက် ထိတွေ့တဲ့အခါကျတော့ သူတို့မှာ ဘာလိုအပ်ချက်တွေ ရှိနေတာကို တွေ့ရလဲ။

ဦးစိုးလှိုင်ဦး

၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ပုသိမ်။

သူတို့မှာ လိုအပ်ချက်ရှိတာက စောစောကပြောတဲ့ အသိပညာလိုအပ်ချက် တော်တော်လေးနည်းပါတယ်။ ကျန်းမာရေးဗဟုသုတပဲဖြစ်ဖြစ် ဥပဒေနဲ့ပတ်သက်တဲ့ ဗဟုသုတပဲဖြစ်ဖြစ် နောက် လူမှုရေးနဲ့ဆိုင်တဲ့ ဗဟုသုတပဲဖြစ်ဖြစ် ယဉ်ကျေးမှုစည်းကမ်းတွေပဲဖြစ်ဖြစ် နောက်တစ်ခါ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ကိုယ်တောင်းဆိုဖို့ရာတွေကို သူတို့မှာ မသိတာတွေရှိပါတယ်။ ရပိုင်ခွင့် ဘာမှန်းမသိတာလည်း ရှိပါတယ်။ အဲလိုမျိုးနဲ့ ပြောရလို့ရှိရင် ဘယ်သူ့ကို အားကိုးရမှန်းမသိပဲနဲ့ တော်တော်များများက နစ်နာဆုံးရှုံးတာတွေ အများကြီးရှိပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ကောင်းပါပြီခင်ဗျ။ လူငယ်တွေအမြင်ကိုလည်း ကျွန်တော် မေးပါရစေ။ မနွယ်ဇင်ထက် နဲနဲလေး ဖြည့်ပြောချင်တာရှိရင် ဖြည့်ပြောပါဦး။ ပြီးခဲ့တဲ့ ရက် ၁၀၀ အတွင်းမှာ ဘာတွေများ ဖွံ့ဖြိုးလာတာ တွေ့ရလဲပေါ့။

မနွယ်ဇင်ထက်

ဧရာဝတီ လူငယ်ကွန်ရက်

ပြီးခဲ့တဲ့ ရက် ၁၀၀ မှာတော့ အစိုးရအနေနဲ့ ထူးထူးရှားရှား ပြုပြင်ပြောင်းလဲသွားတဲ့ဟာတော့ ကျွန်မအနေနဲ့ မတွေ့ရဘူးပေါ့။ ဒါပေမယ့် တခြား ရန်ကုန်တို့ ဘာတို့မှာဆိုရင်တော့ မြောင်းတွေဘာတွေက သိသိသာသာ ပြောင်းလဲသွားပါပြီ။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့တော့ သိသိသာသာ မပြောင်းလဲသေးပါဘူး။ ခုနက ဆရာ ဝေယံအောင်ပြောသလိုပဲ သဘာဝဘေးအန္တရာယ် အများကြီး ထိထိရောက်ရောက် လုပ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပေါ့ နောက်တစ်ခု လူငယ်တွေအနေနဲ့ဆိုရင် မူးယစ်ဆေးဝါးမှာဆိုင် ဒီ သြဂုတ်လမှာဆိုရင် ရဲစခန်းမှာ မူးယစ်နှိမ်နှင်းရေးတွေ တင်ထားတဲ့ဟာမှာဆိုရင် သြဂုတ်လတစ်လလုံးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမှုတွေ ဖမ်းမိတာတွေ မရှိဘူးဆိုတာ တွေ့ရတယ်ပေါ့။ အဓိကက ကျွန်မတို့ လူငယ်တွေအနေနဲ့ ကြံုနေရတဲ့ဟာမှာ မူးယစ်ဆေးဝါးရှိတယ်၊ စီးပွားရေးပြဿနာရှိတယ်။ ဆိုတော့ ကျွန်မတို့ ဘယ်လောက်ထိ ရက် ၁၀၀ အတွင်းမှာ ပြောင်းလဲသွားနိုင်ခဲ့လဲဆိုတာ ကျွန်မတို့ စစ်တမ်းလိုတယ်ပေါ့။ အခုက အနာတစ်ခုကြက်ဖို့ရာ ဘယ်လောက် ဆေးပမာဏ ထည့်ရမလဲဆိုတာကို မသိပဲနဲ့ ဆေးကို ပမာဏများသွားတဲ့အခါမှာ ဆေးကို များသွားတဲ့အခါမှာ ကောင်းသွားတာလည်းရှိတယ်၊ နည်းသွားတဲ့အခါမှာလည်း မကုန်သင့်တာမကုန်အောင် လေလွင့်သွားတာလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ အပြောင်းအလဲလုပ်တဲ့အခါမှာ စစ်တမ်းတွေမရှိပဲနဲ့ ဘယ်လောက်ထိ   ပြုပြင်   ပြောင်းလဲသွားတယ်၊ ဘယ်လောက်ထိ ကောင်းသွားတယ်ဆိုတာ တိုင်းတာရတာ အရမ်းခက်တယ်ပေ့ါနော်။ အမြင်နဲ့ပဲ ပြောလို့ရတယ် အထင်နဲ့ ပြောလို့မရဘူး။ ကျွန်မအနေနဲ့ ကျန်းမာရေးဆိုလည်း ကျန်းမာရေးမှာ ဧရာဝတီတိုင်းအနေနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဘယ်ရောဂါတွေက အဖြစ်များဆုံးလဲပေါ့။ ဥပမာ အဆုတ်နဲ့ပတ်သက်တာမျိုးလား သို့နည်းမဟုတ် အခြား သွေးတိုးတဲ့ဟာမျိုးပေါ့။ လူထုမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ လူထုမှာ အများကြီး ထိခိုက်မှု ရှိနေပြီ။ အဓိကကတော့ ကျွန်မတို့ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ အရင်ဆုံး စစ်တမ်းလိုတယ်။ စစ်တမ်းလိုတဲ့အခါမှာ ဘာကို ပြုပြင်ပြောင်းလဲရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ အချက်အလက် တိကျမှ ပိုပြီးတော့ ထိရောက်မယ်လို့ ထင်တယ်။ လောလောဆယ်အနေအထားမှာ ကျွန်မအမြင်နဲ့ဆိုရင် လူငယ်တွေအနေနဲ့ရော တိုင်းဒေသကြီး အစိုးရအနေနဲ့ရောဆိုရင် သိသိသာသာကြီး ပြောင်းလဲသွားတာ မရှိဘူး။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အဲတော့ မနွယ်ဇင်ထက်ကတော့ ပြောသွားပါတယ်။ မူဝါဒတွေ ဒါမှမဟုတ်ရင် စီမံကိန်းတွေမှာ မဟာဗျူဟာတွေ ချပြီးတော့မှ ဘာလုပ်ရမလဲလို့ ထောက်ပြပြောဆိုသွားတာ ရှိတယ်။ အဲတော့ တိုင်းအစိုးရ အနေနဲ့ရော ဒါတွေကို မရှိဘူးလား ဒါမှမဟုတ်ရင် မလုပ်သေးတာလား၊ မရှိခဲ့တာလာ၊ ဘယ်လိုဖြစ်တယ်လို့ ဆရာထင်လဲ။

ဦးဝေယံအောင် (အမှုဆောင်)

မြန်မာနိုင်ငံ ဆရာ/ဆရာမများ သမဂ္ဂ

ကျွန်တော်အထင်တော့ ရှိပါလိမ့်မယ်။ ကက်ဘိနက်အစည်းအဝေးတွေမှာလညး် ကြာသပတေးနေ့တိုင်း ဆုံးဖြတ်နေတာတွေ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဝေဖန်ထောက်ပြရရင် လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ကိုင်တွယ်မှုတွေက အားနည်းနေတယ်။ အဲလို အားနည်းနေတဲ့အတွက် မဖြစ်သင့်တဲ့ကိစ္စတွေ ဖြစ်တယ်။ ဥပမာ လပွတ္တာမှာ ရွှေကျွန်းသာမှာ လူသတ်မှု နှစ်ကြိမ်ဖြစ်တယ်။ ကျွန်တော်တို့ တည့်တည့်ပြောရရင် အစိုးရရဲ့ စီမံခန့်ခွဲမှုပိုင်း အားနည်းတယ်ပေါ့။ အဲလိုပဲ လယ်ယာမြေပြဿနာတွေ အင်းပြဿနာတွေက ဧရာဝတီတိုင်းမှာ ပုံပြီး ထပ်နေတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ထပ်ပြီးတော့ ပြောရရင်တော့ မူးယစ်ဆေးပြဿနာတွေ လောင်းကစားပြဿနာတွေ ရှင်းတဲ့အခါမှာ ကျွန်တော်တို့က ဘယ်လိုဖြစ်နေလဲဆိုရင် မူးယစ်ဆေးပြဿနာဆိုရင်လည်း တစ်ကျပ်သား၊ နှစ်ကျပ်သား၊ တစ်လုံး၊ နှစ်လုံးသောက်တဲ့သူတွေကို မိပြီးတော့ ရဲဆိုရင်လည်း လမ်းဘေးမှာ စက်ဘီးတစ်စီးနဲ့ တစ်ထောင်နှစ်ထောင်ရတဲ့သူတွေကိုပဲ လိုက်ဖမ်းနေတယ်။ ကျွန်တော်ပြောချင်တာက တစ်ကယ်လုပ်မယ် ဆိုရင်လည်း တကယ် ထိထိရောက်ရောက် လုပ်ဖို့လိုပါတယ်။ လူမြင်ကောင်းအောင် လုပ်လို့မရဘူး။ အဲတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ တကယ့် လောင်းကစား ပပျောက်ရေး လုပ်ချင်ရင် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ချင်ရင် စနစ်တကျနဲ့ ဒါထက်ပိုလုပ်ဖို့လိုပါတယ်။ ဒါလေးတော့ မြင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

အဲတော့ ဆရာဦးသန်းဝင်းကို ကျွန်တော် မေးပါရစေ။ မူုဝါဒလည်းရှိပြီ ခုနကပြောတဲ့ ပေါ်လစီလည်းရှိပြီ ကျွန်တော်တို့မှာ ဥပဒေတွေလည်း ရှိနေပြီပေါ့လေ။ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း လုပ်ချင်ကိုင်ချင် ရင်လည်း လုပ်လို့ရတဲ့အနေအထား။ ကျွန်တော်တို့ ဒီ ပြီးခဲ့တဲ့ ရက် ၁၀၀ လေးလအတွင်း ဒါတွေကို ဘာကြောင့်များ မလုပ်နိုင်ခဲ့ဘူးလို့ ထင်လဲ။

ဦးသန်းဝင်း

အမျိုးသားဒီမိုကရေစီ ကွန်ရက်

ဘာကြောင့် မလုပ်နိုင်ခဲ့လဲဆိုရင်တော့ ဥပမာတစ်ခုပြောရရင် မြင်းဆိုးနဲ့ ဂျော်ကီအည့ံလို ဖြစ်နေပြီ။ မြင်းဆိုးကလည်း ကျောပေါ်ရောက်တာနဲ့ ဒီလူ သူ့ကို နိုင်တယ်မနိုင်ဘူးဆိုတာသိတော့ ခုန်ပေါက်ပြီး မကျကျအောင် ချမှာပဲ။ အဲဒီမြင်းဆိုးကို ဇွဲချွတ်ပြီး စီးနိုင်တဲ့ ဂျော်ကီကောင်းကောင်း ရှိဖို့ လိုနေပြီလို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုက ဒီ ပထမသက်တမ်းမှာ တွေ့ကြံုထားတဲ့ အတွေ့အကြံုတွေကို အကောင်းဘက်မှာမထားပဲနဲ့ အချိန်ဆွဲထားတာတို့ မလိုလားအပ်တဲ့ ပြဿနာတွေဆီကို ဦးတည်သွားနိုင်တဲ့ အောက်ခြေက စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ပညာပြမှုနဲ့ တာဝန်ရှိတဲလူတွေရဲ့ အဲဒါကို ကျော်လွှားပြီး ကိုယ်တိုင်ဦးဆောင်နိုင်တဲ့ ထိရောက်တဲ့ ဦးဆောင်မှုမျိုးမလုပ်နိုင်လို့ အခု ဒီလိုဖြစ်တာလို့ ကျွန်တော်မြင်ပါတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group

ဟုတ်ကဲ့။ ကိုစိုးလှိုင်ဦးကို ကျွန်တော် မေးပါရစေ။ ကျွန်တော်တို့မှာ ဒီလိုမျိုး ပြဿနာတွေတော့ ရှိနေပြီ။ အဲတော့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ရော ဘယ်လိုမျိုး ပါဝင်သင့်သလဲ၊ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ ကျန်းမာရေး ပညာရေး အစရှိသဖြင့် စီးပွားရေးပေါ့ အဲဒါဆိုရင် ဒီဟာတွေလိုအပ်ချက် ရှိနေပြီ။ လိုအပ်ချက်ရှိနေတဲ့အခါကျတော့ ဒီ လူမှုအဖွဲ့အစည်းတွေ ခုနကပြောသလို အကိုတို့ အဖွဲ့အစည်းတွေလိုမျိုး NGO အဖွဲ့အစညး်တွေပေါ့ ဒီလူတွေကရော ကျွန်တော်တို့ လက်ရှိ အစိုးရကို ဘယ်လိုမျိုး ပံ့ပိုးပေးသင့်သလဲ။

ဦးစိုးလှိုင်ဦး

၈၈ မျိုးဆက်/ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ပုသိမ်။

ပံ့ပိုးပေးသင့်တယ်ဆိုတာကတော့ အကြံဉာဏ်ပေးသင့်တာမျိုး လုပ်သင့်တယ်။ လုပ်သင့်တော့ လုပ်သင့်တဲ့အပိုင်းမှာ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့တင်လိုက်တဲ့အစိုးရ ကျွန်တော်တို့နဲ့ ရင်းနှီးမှုရှိမယ်၊ ကျွန်တော်တို့နဲ့ နီးစပ်မှုရှိမယ်လို့ ထင်ပေမယ့် အကန့်တစ်ခုနဲ့ ကန့်သတ်ခံရတာတွေရှိတယ်။ ကန့်သတ်ခံရတာက ဘာတွေဖြစ်လာလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဒီလူတွေက ငါတို့ထက် ပိုပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့မှု ပိုများတယ်။ ပိုပြီးတော့သိတယ်။ ငါတို့ကို လာပြီးတော့ ပြဿနာရှာမှာလားဆိုတဲ့ အတွေးမျိုး သူတို့မှာ ရှိနေတယ်လို့ ကျွန်တော်တို့က မြင်တယ်။

အဲလိုမြင်တဲ့အခါကျတော့ တွေ့ဆုံဖို့ ဆွေးနွေးပွဲ ဆွေးနွေးဖို့အတွက် တောင်းခံတဲ့အခါတွေမှာတောင်မှ တော်တော်များများ ငြင်းပယ်ခံရတာတွေ ရှိတယ်။ ငြင်းပယ်ခံရတယ်ဆိုတာတောင် ယဉ်ကျေးစွာပေါ့ အစည်းအဝေးရှိလို့ ဒါမှမဟုတ်ရင်လည်း တစ်နေရာ သွားစရာရှိလို့ ဒါမှမဟုတ်ရင်လည်း ဘယ်အချိန်မှ ပြန်တွေ့ပါ့မယ်ဆိုတဲ့ဟာမျိုး ဒါပေမယ့် အဲဒီဟာတွေက တိကျတဲ့အဖြေတွေ မဟုတ်ပါဘူး။   နောက်တစ်ခါကျတော့ တိကျတဲ့ ဆုံးဖြတ်ချက်တွေလည်း မဟုတ်ပါဘူး။ အဲလို တွေ့ဆုံဖို့ကို သူတို့ အားနည်းတယ်။ တကယ့်တကယ်ဆိုရင် ပြည်သူနဲ့ပဲဖြစ်ဖြစ် နောက်တစ်ခါ CSO အရပ်ဖက်ဆိုင်ရာ အဖွဲ့အစညး်တွေနဲ့ပဲ ဖြစ်ဖြစ် တွေ့ဆုံဖို့ကို သူတို့ဘက်က အမြဲတမ်း ကြိုဆိုနေရမယ်။ ကြိုဆိုနေပြီးလို့ရှိရင် ဘာပဲပြောပြော ဘယ်လိုအခြေအနေနဲ့ သူတို့ လာတွေ့တာလဲ၊ ဘာအကြောင်းအရာတွေ ပြောချင်တာလဲ၊ အကြံဉာဏ်ပေးချင်တာလား၊ ဒါမှမဟုတ် သူတို့ ရလိုမှုတစ်ခုနဲ့ လိုချင်မှုတစ်ခုနဲ့ လာတာလားဆိုတာကတော့ သူတို့ စဉ်းစားရမယ် ဆုံးဖြတ်ရမယ်။

ပထမဆုံးမြင်တာကတော့ အဲလိုမျိုးမြင်တယ်။ နောက်တစ်ခါကျတော့ အဲဒီလူတွေနဲ့လည်း တကယ် လက်တွဲသင့်တယ်။ CSO အဖွဲ့ထဲမှာ ဖြစ်နေတာကလည်း ဟိုဘက်အစိုးရလက်ထက်မှာ အဲဒီအစိုးရနဲ့ လက်တွဲပြီးလုပ်ခဲ့တဲ့ CSO အဖွဲ့တွေရှိတယ်။ အဲဒီအပေါ်မှာ ဘာဖြစ်လာလဲဆိုတော့ ဒီလူတွေကတော့ ငါတို့နဲ့ မတူဘူးဆိုတဲ့ဟာနဲ့ ခွဲခြားထားတာလည်း ရှိတယ်။ ခွဲခြားထားတော့ ကျွန်တော်တို့က   ဖြစ်စေချင်တာက ဒီ NLD အစိုးရ ဖြစ်လာတဲ့ဟာက ပြည်သူအကုန်လုံးရဲ့ ရင်ထဲကနေမှ မဲပေးလာလို့ ဖြစ်လာတယ်။ တကယ့် NLD ပါတီဝင်တွေအနေနဲ့ မဲပေးခဲ့ရင် ဒီလောက်ထိ နိုင်လာစရာ အကြောင်းမရှိဘူး။ ကျန်တဲ့ USDP ကလည်း ပါရင်ပါမယ်။ ကျန်တဲ့ တ.စ.ည လည်း ပါရင်ပါမယ်။ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစညး်တွေလည်းပါမယ်။ နောက်တစ်ခါ ဝန်ထမ်းတွေလည်း သူတို့အားတွေလည်း ပါခဲ့လို့ အခုလို အင်တိုက်အားတိုင် နိုင်ခဲ့တယ်။ အဲဒီလို ဘာပဲပြောပြော ဒီလူတွေကို ကိုယ့်ဘက်ပါအောင် စွဲဆောင်သင့်တယ်၊ စည်းရုံးသင့်တယ်။ စညး်ရုံးရင်းနဲ့ပဲ သူတို့ရဲ့အခက်အခဲကိုလည်း သိအောင်လုပ်ရမယ်။ ပြီးရင် လိုအပ်တဲ့ အခက်အခဲတွေကိုလည်း တက်နိုင်သလောက် ဖြေရှင်းပေးရမယ်။ ဖြေရှင်းတဲ့အခါမှာလည်း ပြောရလို့ရှိရင် ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်။ ဒီအခက်အခဲကတော့ ဒီလိုအခြေအနေမှာ ဖြေရှင်းလို့မရဘူး၊ ဘယ်လိုရှိလို့၊ ဘယ်လိုအခြေအနေနဲ့ သွားမှာမိုလို့ ဘယ်လိုမူဝါဒတွေနဲ့ သွားမှာမိုလို့ ဘယ်လိုဖွဲ့ဦးမှာမိုလို့ ပြီးရင် လောလောဆယ် ဖြေရှင်းလို့ရတာကတော့ ဒါတွေရှိတယ်၊ ဒါတွေလုပ်မယ်ဆိုတဲ့ဟာမျို၊

တစ်ခုရှိတာက ပြောရလို့ရှိရင် ဒီမိုကရေစီသွားနေတာတော့မှန်တယ်၊ တချို့ဟာတွေမှာ အာဏာရှင်ဆန်တဲ့ဟာတွေကို မြင်နေရတာတွေလည်း ရှိတယ်။ အဲဒါက လွှတ်တော်ကိုယ်စားလှယ်   တွေမှာရော၊ တော်တော်များများ တွေ့ရတာတွေ ရှိတယ်။

ဦးမျိုးသန့် (အယ်ဒီတာ)

Mizzima Media Group ဆိုတော့ ကျွန်တော် နဲနဲလေး နောက်ပြန်သွားပြီးတော့ ချံု့ပြောရရင် ပြီးခဲ့တဲ့ ရက် ၁၀၀ လေးလအတွင်းမှာ တိုင်းအစိုးရအနေနဲ့ လုပ်သင့်တယ် ဒါကတော့ လုပ်ပေးသင့်တယ် သုံးလအတွင်းမှာတော့ ဒါက ဖြစ်သင့်တယ် ရက် ၁၀၀ အတွင်းမှာတော့ ဒါက ဖြစ်သင့်တယ်၊ အလျင်စလို လုပ်သင့်တယ်ဆိုတဲ့ဟာမျိုးကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်ကိစ္စက ဖြစ်သင့်တယ်လို့ မြင်လဲ။

မနွယ်ဇင်ထက်

ဧရာဝတီ လူငယ်ကွန်ရက်

လူငယ်တစ်ယောက်အနေနဲ့ ဆိုရင်တော့ အဓိကကတော့ ဒီတိုင်းမှာ ဖြစ်နေတာက များသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းနဲ့ တွေ့ဆုံမှု အရမ်းအားနည်းတယ်ပေါ့။ ရှိတော့ရှိခဲ့တယ်။ ဝန်ကြီးချုပ်ကနေပြီးတော့ မိုက်နဲ့အောင်ပြီးတော့ မည်သူမဆို တက်ရောက်နိုင်ပါတယ်ဆိုပြီးတော့ကို ကြားတော့ကြားဖူးတယ်။ သို့ပေမယ့် တကယ့်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ သီးသန့် တွေ့ဆုံမယ်၊ သူတို့အသံတွေ နားထောင်မယ်ဆိုတာမျိုးကိုတော့ လုံးဝ မရှိထားတာမျိုးကို တွေ့ရတယ်။ ဒါပေမယ့် သီးသန့် တစ်ဖွဲ့ချင်းစီသော်လည်ကောင်း တစ်ယောက်ချင်းစီသော်လည်ကောင်း သွားတာမျိုးတော့ ရှိတယ်။ ဆိုတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေသည် ပြည်သူတွေရဲ့ အဓိက တတိယအစိတ်အပိုင်း ဖြစ်နေတယ်။ ပြီးတဲ့အခါမှာ လူထုမှာရှိတဲ့ အသံသည် လူထုရဲ့အခက်အခဲကို တိတိကျကျ သိနိုင်မှုရှိတယ်။ ပြည်သူတင်ထားတဲ့ ပြည်သူ့အစိုးရ ဆိုပေမယ့် ကျွန်မတို့ အစိုးရသည် လူထုနဲ့ ဘယ်လောက်ပဲ နီးကပ်ပါတယ် ပြောပြော အလှမ်းဝေး   နေတာသည် ကြားခံမှာသည် အရပ်ဖွဲ့ လူမှုအဖွဲ့အစည်း ရှိတယ်ပေါ့။ ဒီ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကမှ အသံတွေသည် သူတို့ရဲ့ သုံးသပ်ချက်တွေ ဘာတွေလိုအပ်တယ်ဆိုတာကို ယူလာတဲ့အခါမှာမှ ဒီ အာဏာသုံးခုကိုကိုင်ထားတဲ့ အစိုးရရယ် ကျွန်မတို့ ဒီ ပဥ္စမမဏ္ဍိုင်လို့ပြောတဲ့ လူထုတွေကြားမှာ ချိတ်ဆက်ပေးနေတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းကို ဒီ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပိုပြီးတော့ ချိတ်ဆက်ပြီးတော့ တွေ့ဆုံပြီးတော့ လုပ်ဆောင်သင့်တယ်။ ပြီးတော့ တိုင်းမှာ လိုအပ်တဲ့ဟာမျိုးတွေဆိုရင် တချိုက CSO တွေမှာ စစ်တမ်းမျိုးတွေရှိတယ်။ အဲဒီစစ်တမ်းတွေကိုယူရမယ်။ တိုင်းပြည်မှာ တကယ့်အရေးကြီးနေတာ လယ်ယာမြေပြဿနာလား မူးယစ်ဆေးလား ဒါမျိုးတွေ ကျကျနန တိတိကျကျနဲ့ ထွက်လာပြီး အခု နဂိုက ထွက်လာပြီးကာမှ ကျွန်မတို့သည် ဒါပဲလုပ်မယ် ဒီစီမံကိန်း ကျလာတာမျိုး ဆွေးနွေးခဲ့တာမျိုးတွေ တကယ့်တကယ် မရှိခဲ့ဘူး။ အခုမှာတော့ ကျွန်မတို့ အရပ်ဖက် လူမှုအဖွဲ့အစည်းရဲ့ အားကို ယူရမယ်။ ပြီးတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှာရှိတဲ့ စစ်တမ်းတွေ သူတို့ရဲ့ သဘောထားတွေနဲ့ အတူတူ ပေါင်းပြီးတော့မှ တိုင်းဒေသကြီးအနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်သင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Mizzima Weekly