လီဗာပူးလ်အသင်းတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာမရှိကြောင်း နည်းပြ ဂျာဂင်ကလော့ပ်ပြော

လီဗာပူးလ်အသင်းတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာမရှိကြောင်း နည်းပြ ဂျာဂင်ကလော့ပ်ပြော

ဒီဇင်ဘာ ၅၊ အင်္ဂလန် ။              ။ ဘုန်းမောက်အသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က သူ၏အသင်းသားများတွင် စိတ်ဓာတ်ပိုင်ဆိုင်ရာ ပြဿနာမရှိကြောင်း   ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် လီဗာပူးလ်အသင်းသည် ၀-၂၊ ၁-၃ ရလဒ်များဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ၄-၃ ဂိုးဖြင့် ရှုံးခဲ့ရခြင်း ဖြစ်သည်။ ထိုပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် လီဗာပူးလ်အသင်းမှာ ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် လေးမှတ်ကွာဟသွားခဲ့ရသည်။

ပွဲအပြီးတွင် ကလော့ပ်က ‘ကျွန်တော်တို့မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာမရှိပါဘူး။ ဘယ်သူမှ ချန်ပီယံအဖြစ် မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒီအရှုံးကနေ သင်ယူရမှာပါ။ အရင်က စိတ်ဓာတ်ပိုင်း ၁၀၀ ရာခိုင်နှုန်းရှိတယ်ဆိုရင် ဘုန်းမောက်နဲ့ပွဲမှာ ၉၉ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ဒါကြောင့် ၁၀၀ ဖြစ်အောင်ပြန်လုပ်ဖို့ မခက်ပါဘူး’ ဟု ပြောသည်။

ထို့အပြင် ကလော့ပ်က နောက်ဆုံးဂိုးပေးလိုက်ရသည့်အတွက် ဂိုးသမား ကာရီယက်စ်ကို အပြစ်တင်ရန် မရှိကြောင်း ပြောသည်။ ‘နောက်ဆုံးဂိုးက ဂိုးသမားအတွက် မလွယ်ကူပါဘူး။ အဲ့ဒီအတွက် ဂိုးသမားကို ဘာမှပြောဖို့ မရှိပါဘူး။ ဒါက ဖြစ်ပျက်သွားခဲ့ပါပြီ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အခွင့်အရေးတွေအများကြီးလွဲချော်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ တိုက်စစ်မှူးကောင်းကောင်း ရှိသလားဆိုရင်တော့။ ရှိပါတယ်လို့ ဖြေရမှာပါ’ ဟု ကလော့က ပြောသည်။

ဘုန်းမောက်အသင်းမှာ နိုင်ပွဲနှင့်ထိုက်တန်ပြီး သူတို့ကို အခွင့်အရေးတွေ ပေးခဲ့သည်မှာ လီဗာပူးလ်၏အမှားပင်ဖြစ်ကြောင်းလည်း ကလော့ပ်က ဆိုသည်။ ‘ဘုန်းမောက်ကို အခွင့်အရေးတွေ   ပြန်ပေးလိုက်တာက ကျွန်တော်တို့အမှားပါ။ ပထမပိုင်းမှာ ၂-၀ နဲ့နိုင်နေခဲ့ပေမယ့် ကျွန်တော်မပျော်နိုင်ပါဘူး။ အသင်းရဲ့ကစားပုံက မကောင်းလို့ပါ။ ဒါကြောင့်ပထမပိုင်းအပြီးမှာ အသင်းသားတွေကို ပွဲမပြီးသေးဘူးလို့ ပြောခဲ့ပါသေးတယ်။ ဘုန်းမောက်အသင်းက အနိုင်ရလဒ်နဲ့ထိုက်တန်ပါတယ်’ ဟု ကလော့က ပြောခဲ့သည်။

ရည်ညွှန်း ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly