ပါးတဲ့ဖက်

ဟိုတလောက ကျွန်မ အသိမိတ်ဆွေတယောက်ရုံးမှာ အလုပ်လုပ်နေစဉ်မှာ ရဲတွေဝင်လာပြီး သူ့ကို ဖမ်းသွားကြပါသည်။

အသိမိတ်ဆွေများလည်း အလန့်တကြား ဖြစ်ကုန်ရသည်ပေါ့။ ဘာဖြစ်လို့လဲ ရဲတွေက လာဝင်ဖမ်းရအောင်။ ဘယ်လိုပြစ်မှုတွေ ကျူးလွန်လို့လဲ မေးကြမြန်းကြ စုံစမ်းကြရ၏။  နောက်တော့မှ သိရသည်က ဘာရာဇဝတ်မှုမှ ကျူးလွန်တာ မဟုတ် ထိုအမျိုးသားက အိမ်ထောင်နှင့် ကွာရှင်းပြီး မယားစရိတ်နှင့် သားစရိတ်ကို လစဉ်ပုံမှန်ပေးနေရသည်။

ယခုလအတွက် မယားစရိတ် ပေးတာ ပျက်ကွက်သည့်အတွက် ရဲက လာဖမ်းခြင်းဖြစ်၏။ အကျိုးအကြောင်း သိရသည့်အခါ မိတ်ဆွေအတွက် စိတ်မကောင်းသော်လည်း အမေရိကမှာ အိမ်ထောင်နှင့်ကွဲရသည့် အမျိုးသမီးများကို အပြည့်အဝ ဥပဒေက ကာကွယ်သည့်အတွက် ကျွန်မ စိတ်ချမ်းသာမိသည်။ အိမ်ထောင်ကွဲပြီး မယားစရိတ် သားစရိတ် အကြေမပေးသည့် အမျိုးသား များကို ယာဉ်မောင်းလိုင်စင် ရုပ်သိမ်းခွင့်ပင် ရှိသည်ဟူ၍ သိရပါသည်။

အမေရိကမှ အမျိုးသမီးများသည် အပျိုဖြစ်ဖြစ်၊ တခုလပ်ဖြစ်ဖြစ်၊ မုဆိုးမဖြစ်ဖြစ်  အားလုံး အခွင့်အရေး တန်းတူ တစ်စားတည်း ရကြသည်။ တခုလပ်မို့၊ မုဆိုးမမို့၊ အပျိုကြီးမို့ အမျိုးသားများကလည်း မစရဲသလို ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း အနှောင့် အယှက် မပေး။ မြန်မာပြည်မှာကလည်း အမျိုးသမီးတွေက အနှိမ်ပယ်ခံတော့ မဟုတ်ပါ။

ဘာသာရေးအရလဲ ခွဲခြားတာမျိုးလည်း မရှိပါ။ သို့သော်လည်း အလိုမကျစရာလေးတွေတော့ ရှိပါသည်။ ဟိုတလောကဆို ရန်ကုန် ကသူငယ်ချင်း အမျိုးသားမိတ်ဆွေ တစ်ယောက်နှင့် တခြားသူငယ်ချင်း အမျိုးသမီး တစ်ယောက်အကြောင်း စကားပြောမိကြသည်။

ထိုသူငယ်ချင်း အမျိုးသမီးက အိမ်ထောင်ကွဲထားပြီး သားတစ်ယောက်မိခင် ဖြစ်၏။ ထိုသူငယ်ချင်းနှင့် ပတ်သက်ပြီး သူပြောသည့် အသုံးအနှုန်းကို  ကျွန်မ အတော်ဘဝင်မတွေ့ ဖြစ်ရပါသည်။

“အော်သူလားသိတယ်လေ။ ကလေးတစ်ယောက် အမေတစ်ခုလပ်ဘဲ အပျိုမှမဟုတ်တာ” အကြောင်းအမျိုးမျိုးကြောင့် ကံမကောင်း အကြောင်းမလှကာ အိမ်ထောင်ကွဲနေသူ အမျိုးသမီးတွေကို မြန်မာမှာ အများစုက သုံးကြသည့် အသုံးဖြစ်ပါသည်။

တမင်တကာကြီးအပြစ်တင် နှိမ့်ချမပြောသော်လည်း တခုလပ် အိမ်ထောင်ကွဲများမှာ မြန်မာလူမှုအသိုင်းအဝိုင်းမှာ မျက်နှာကောင်း မရကြပါ။အိမ်ထောင်ကွဲခြင်း အတူတူအမျိုးသားကို အပြစ်တင်ခြင်းနည်းပါးပြီး အမျိုးသမီးကိုသာ လူမှုရေးပြဿနာတစ်ခုလိုဆက်ဆံကြ သည်ကို တွေ့မြင်ရသည်။ ဒါတင်မကသေး ကိုယ့်ပယောဂကြောင့်ဘဲဖြစ်ဖြစ် ကံအကြောင်းမလှလို့ဘဲဖြစ်ဖြစ် အိမ်ထောင်ကွဲဖြစ် ရသူ မိန်းကလေးတွေကလည်း ဘဝမှာ ညိုးငယ်သိမ်ဖျင်းစရာအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူတာကိုလည်း အတော်များများတွေ့ရ သည်။

တလောကဘဲ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ ပျံနှံ့နေသော သတင်းတစ်ခုကိုဘဲ ကြည့်ပါ။ အမျိုးသမီးကောင်းလေး တစ်ဦး ကိုအမျိုးသား တစ်ဦးက ပေါင်းသင်းကာ ကိုယ်ဝန်ရှိသည်။

ငွေကြေးအရလည်း အမျိုးသမီးက ထောက်ပံပေးနေရသည်။ ကိုယ်ဝန်ရှိတော့ အမျိုးသားက နောက်တစ်ယောက်နှင့် လက်ထပ် သွားသည်။

ဒီမှာတင် အမျိုးသမီးမှာ ကိုယ်ဝန်ကြီးနှင့် ပတ်ဝန်းကျင်တွင် အရှက်တကွဲဖြစ်ရပြီး ဘဝကို အရှုံးပေးပြီး သတ်သေရန် ကြံစည်သည်။ အမှန်မှာတော့ အမျိုးသမီးငယ်မှာ မယုံကြည်ထိုက်သူကို ယုံကြည်မိ အယုံလွယ်တာကလွဲပြီး ဘာအပြစ်မှ မရှိ။ ကိုယ်က လိမ်ညာ အကောက်ကြံခြင်း မဟုတ်။ တပါးသူက လိမ်ညာ အကောက်ကြံ ခံရခြင်းသာ ဖြစ်သညိ။ ထို့အတွက် ဘာမှ အရှက်ကွဲစရာမရှိ။ အရှက်ကွဲကြေးဆို သူများ သားသမီးကို တာဝန်မယူနိုင်သော အမျိုးသားကသာ ရှက်စရာလိုသည်။

အမျိုးသမီးအနေဖြင့် မှားတာကို မှားပြီး နောင်ဘဝမှ သင်ခန်းစာယူပြီး နောင်မဖြစ်ရန် ဆင်ခြင်နေထိုင်ရမည်။ ဘာမှ သေကြောင်း ကြံစရာ မရှိ။ ပတ်ဝန်းကျင်ကလည်း သူ့မဘဝမှာ အားမန်အပြည့်နှင့် နေထိုင်တာကို အားပေးရမည်ဖြစ်သည်။ အမေရိကမှာတော့ ထိုကဲ့သို့အမျိုးသမီးတွေက ပြဿနာမရှိလှ သူ့အမှားကြောင့် ဒုက္ခရောက်မည် ဖြစ်သော်လည်း ပတ်ဝန်းကျင်မှာ သူလိုငါလို ဝင်ဆန့်နိုင် ကြသည်။ မည်သူမှ နှိမ်ချကန့်ကွက်ခြင်း မရှိ နှိမ့်ချရင်လည်း ခွဲခြားဆက်ဆံမှုအရ အရေးယူခံရမည်မို့ မည်သူမှ မစရဲပါ။

နောက်တစ်ခု မြန်မာဝထ္ထူရုပ်ရှင် ဇာတ်လမ်းများကြောင့်လည်း ဖြစ်သည်။ မြန်မာဇာတ်လမ်း များတွင် မိန်းကလေးများ အကြောင်း တစ်စုံတစ်ရာကြောင့် မှားယွင်းကြလျှင် တစ်ဘဝစာလုံး အမှားယွင်းကြီး လုပ်မိသလို အရှုံးပေးရမည့် ပုံစံမျိုး ဇာတ်လမ်းတွေ မကြာ ခဏတွေ့ရသည်။ အမျိုးသမီးဘဝမှာ မှားယွင်းသည်ဆိုတာ ကောင်းသည်တော့ မဟုတ်။ သို့သော်လည်း တစ်ဘဝလုံး အရှုံးပေး ရမည့် အဖြစ်မျိုးလည်း မဟုတ်။ မှားသည်က မှားသည်ဘဲဖြစ်၍  မှားပြီးလျှင် အမှန်ကို ပြင်ပြီး ဘဝကို အဓိပ္ပယ်ရှိစွာ ဖြတ်သန်းရန် လူမှုပတ်ဝန်းကျင်က အားပေးဖို့လိုသည်။

“တကယ်ဆိုရင် အိမ်ထောင်ကွဲရာမှာတောင် တခြားအမျိုးသမီးတွေထက် မြန်မာအမျိုးသမီးတွေက မိခင်စိတ် ပိုရှိတယ်လို့ပြောလို့ရ တယ်။ ကလေးစရိတ် ရသည်ဖြစ်စေ မရသည်ဖြစ်စေ သားသမီးကို အမျိုးသားထက်တောင် ပိုတာဝန်ယူကြတယ်” အမျိုးသမီးများ အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ကျွန်မကို ပြောပြတာ ဖြစ်သည်။

များသောအားဖြင့်မြန်မာနိုင်ငံတွင် ကံမကောင်း အကြောင်းမလှလို့ အိမ်ထောင်ကွဲလျှင် ရသင့်သည့် မယားစရိတ် သားစရိတ် ကလောက်လောက်လားလား မရှိ။ တချို့သော မြန်မာနိုင်ငံက ဥပဒေများက မပြုပြင်ကြသေးသဖြင့် တရားရုံးများက သတ်မှတ်ပေးသော မယားစရိတ် သားစရိတ်မှာ ယနေ့လက်ရှိ ကုန်ဈေးနှုန်းထက် သီးခြားစီ ဖြစ်နေသေး၏။ အမေရိကန်မှာလို အစိုးရက အမျိုးသားကို မယားစရိတ် ပုံမှန်ပေးဆောင်ရန် တာဝန်ယူဖို့ဝေးစွ။ လက်ရှိ လူနေမှုစနစ်နှင့်ညီသည့် မယားစရိတ်ပင် အမျိုးသမီးတို့မှာ မရသေးသည်ကို တွေ့ရသည်။

“မယားစရိတ်လည်း မတောင်းတော့ပါဘူး။ ငှားရမယ့် ရှေ့နေစရိတ်က ရမယ့် ငွေထက် ပိုများတယ်။ ဟိုမင်းသမီးတောင် ကိုယ်ထိ လက်ရောက် ကျုးလွန်ပြီး အပြစ်ပေးတော့ရတဲ့ လျော်ကြေးက တစ်ထောင်ဘဲရှိတယ်”ဟု အိမ်ထောင်ကွဲ သားတယောက်အမေ သူငယ်ချင်းတစ်ဦးက ပြောသည်။

သူကအိမ်ထောင်ကွဲကတည်းက ကလေးကိုတာဝန်ယူနေရပြီး ခင်ပွန်းဟောင်းကလေးဖြစ်သူကတော့ သားဖြစ်သူကိုလာတွေ့ဖော် ပင်မရချေ။ ထိုကဲ့သို့ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးမည့် ဥပဒေများက မထိရောက်နေသဖြင့်မြန်မာ လူမှုဝန်းကျင် တွင် အမျိုးသမီးများက အရှက်ရော အရှုံးရော နစ်နာမှုများ ပိုများနေပြီး အမျိုးသားများက အသာစီး ရနေသလိုဖြစ်သည်။

ကံမကောင်း အကြောင်းမလှလို့ မကောင်းသော ယောကျ်ားနှင့် ကြုံရလျှင်တောင်  သိက္ခာအရရော ငွေကြေးအရရော အမျိုးသမီး ဘက်က ဆုံးရှုံးဖို့သာရှိသဖြင့် မကောင်းသော ယောကျ်ားကို အောင့်အင်းသည်းခံ ပေါင်းသင်းနေရသူများကလဲ အများအပြား။

လက်ရှိပြုလုပ်လာသော မြန်မာနိုင်ငံက အစစအရာရာ ပြုပြင်ပြောင်းလဲမှုများတွင် အမျိုးသမီးတို့၏ ဂုဏ်သိက္ခာနှင့် လူမှုရေးအတွက် ကာကွယ်စောင့်ရှောက်မှုများလည်း တိုးတက်လာပါစေဟုသာ ကျွန်မ မျှော်လင့်နေရပါ၏။

ထိုအခါ ပတ်ဝန်းကျင်က အပျိုဘဲဖြစ်ဖြစ်၊ တခုလပ်ပင်ဖြစ်ဖြစ်၊ အိမ်ထောင် ဘယ်နှစ်ခါကွဲကွဲ မည်သူကိုမျှ မာန်မချရဘဲ ခပ်တင်း တင်းနေနိုင်သော အမေရိကန် အမျိုးသမီးများကိုသာ ကျွန်မ အားကျမိပါသည်။ ယခုလို အမျိုးသမီးများကို သားစရိတ် မယားစရိတ် ပုံမှန်မပေးသဖြင့် အမျိုးသားများ ဒုက္ခရောက်ရသည့် သတင်းများ ကြားလျှင်တော့ စိတ်မကောင်းသော်လည်း ကြိတ်ပြုံးတော့ ပြုံးမိသား။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags