``နိုင်ငံကြီးသားပီသစွာ ပြောဆိုလုပ်ကိုင်စေလို´´

``နိုင်ငံကြီးသားပီသစွာ ပြောဆိုလုပ်ကိုင်စေလို´´

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကုန်ထုတ်လုပ်မှု မျက်နှာစာတွင်လုပ်ငန်းခွင် အေးချမ်းသာယာရေး (Industrial Peace) ရရှိရန် လိုအပ်သည်။

ယင်းသို့ လုပ်ငန်းခွင်အတွင်း အေးချမ်းသာယာရေးရရှိရန်မှာလည်း လုပ်ငန်းခွင်အတွင်း အလုပ်သမားအချင်းချင်း၊ အလုပ်ရှင် အချင်းချင်း၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေး (Industrial Relation) ရှိမှဖြစ်မည်။ သို့မှသာ ကုန်ထုတ်လုပ်မှုစွမ်းရည် (Productivity)တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေး (National Development)လည်း ရရှိနိုင်ပေမည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် လုပ်ငန်းခွင်ဆက်ဆံရေး အခြေအနေ များ၏ လျှောက်လှမ်းမှုကို ကြည့်လျှင် ၁၉၈၈ ခုနှစ် ဈေးကွက်စီးပွားရေးစနစ် စတင်ချိန်မှ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံများ အရှိန်အဟုန်နှင့်တိုးတက်ခဲ့ပြီး အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ပြဿနာများ မှာလည်း လျော့နည်းကျဆင်းသွားသည်မရှိဘဲ၊ တိုး၍တိုး၍သာ ယနေ့ကာလအထိ စီးမျောခဲ့သည်။

ယင်းသို့ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် အငြင်းပွားမှုပြဿများတွင် အလုပ်ခန့်ထားခြင်း ထုတ်ပယ်ခြင်း ကိစ္စများ၊ခွင့်ရက်နှင့် အလုပ်ပိတ်ရက်၊အလုပ်ချိန်၊ အချိန်ပိုခိုင်းစေမှုကိစ္စများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမားသက်သာချောင်ချိရေး၊ ပြည်ပလုပ်ငန်းရှင်များ၏ ဆက်ဆံရေး မပြေဖြစ်သည့်ကိစ္စများ အပါအဝင် ဖြစ်၍ လုပ်ခ ဆိုင်ရာ အငြင်းပွားမှုပြဿနာများမှာ အများဆုံးဖြစ်သည်။

လုပ်ခဆိုင်ရာ အငြင်းပွားမှု ပြဿနာများဆိုရာတွင် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လုပ်ခ အဆမတန်နိမ့်ကျသဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ပေးရေး တင်ပြတောင်းဆိုမှုများ၊ နေ့တွက်ကြေးကို နှိမ့်ချသတ်မှတ်၍ အချိန်ပိုမတန်တဆ ခိုင်းစေမှုများ၊ အချိန် ပိုကြေးအပြည့်အဝမခံစားရသည့်ကိစ္စများ၊ ရက်မှန်ကြေး (Attendance Bonus)ကဲ့သို့သောအလုပ်သမား မရနိုင် သည့်ကြေး များကို လစာတွင် မတန်တဆသတ်မှတ်ပြီး အလုပ်ဆင်းရက် တစ်ရက်နှစ်ရက်ပျက်ရုံဖြင့် လစာမှ ဖြတ်တောက်မှုများ စသည့် လုပ်ခဆိုင်ရာ ပြဿနာများကား အနမတဂ္ဂပင်။

ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရသည် ၂၀၁၃ခုနှစ်အတွင်း အတည်ပြုပြဌာန်းခဲ့သည့် အနည်းဆုံးအခကြေးငွေဥပဒေနှင့် အကျုံးဝင်သည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များမှ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ နှုန်းထား အဆိုပြုချက်တစ်ရပ်ကို အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုး သားကော်မတီက ၂၀၁၅ခုနှစ် ဇွန် ၂၉ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ယင်းထုတ်ပြန်ချက်ပါ အနည်းဆုံးအခကြေးငွေ နှုန်းထားမှာ တစ်နာရီကျပ် ၄၅၀ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈နာရီတစ်ရက်အတွက် ကျပ် ၃၆၀၀ဖြစ်၍ အများပြည်သူများသိရှိရန် ကြေငြာခဲ့ပြီး မည်သူမဆို နှစ်ပတ်အတွင်း အကြံပြုခြင်း၊ ကန့်ကွက်ခြင်း များကိုဆောင် ရွက်နိုင်သည်။ ယင်းသို့ဆောင်ရွက်ပြီးပါက ယင်းတင်ပြချက်များကို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီက ရက်ပေါင်း ၆၀အတွင်း လေ့လာစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အနည်းဆုံးအခကြေးငွေနှုန်းထား  သတ်မှတ်မည်ဖြစ်ပါသည်။

အဆိုပါ အနည်းဆုံးအခကြေးငွေအဆိုပြုနှုန်းထား ကြေညာပြီးနောက်တွင် အနည်းဆုံးလုပ်ခကြေးငွေ နှုန်းထား ကျပ် ၄၀၀၀ သတ်မှတ်ရေးနှင့် အနည်းဆုံးလုပ်ခလစာကျပ် ၃၆၀၀ အတည်ပြုသတ်မှတ်ပါက စက်ရုံပိတ် အိမ်ပြန်မည်ဟု အလုပ်ရှင် များက ခြိမ်းခြောက်မှုအပေါ် လှိုင်သာယာစက်မှုဇုန်ရှိစက်ရုံ ၂၀မှ အလုပ်သမား ၃၀၀ကျော်က လမ်းလျှောက်ချီတက် တောင်းဆိုသည့် သတင်းများဖတ်ရသည်။

စာရေးသူအနေနှင့် အလုပ်ရှင်များ၏ ခြိမ်းခြောက်တောင်းဆိုမှုများအနက် “စက်ရုံပိတ်သိမ်းကာ အိမ်ပြန်ရပါကအစိုးရ၏ လုပ်ဆောင်ချက်ကြောင့်သာ စက်ရုံပိတ်သိမ်းခဲ့ရသည့်အတွက် နစ်နာကြေးများ၊ လျော်ကြေးများပေးနိုင်မည် မဟုတ်ကြောင်း” အထည်ချုပ်လုပ်ငန်းရှင်အချို့ ပြောကြားသည့် စကားအပေါ်  စာရေးသူအနည်းငယ်တင်ပြလိုပါသည်။

အလုပ်ရပ်စဲမှု နစ်နာကြေး၏ သဘောမှာအလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသော အလုပ်သမားများအနေနှင့် အခြား လုပ်ငန်းတစ်ခုရှာဖွေနေစဉ် ကာလအတွင်းသုံးစွဲနိုင်ရန် စရိတ်သာဖြစ်သည်။ အလုပ်သမားတစ်ဦးသည် အလုပ်ရှင်၏ စီးပွားရေး အခြေအနေကြောင့်လည်းကောင်း၊ လုပ်ငန်းပြောင်းရွှေ့မှုကြောင့်လည်းကောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး အဆင်မပြေ မှုကြောင့် လည်းကောင်း၊ ဖြစ်ပွားသော အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုတွင် အလုပ်သမားကြောင့် မဟုတ်ဘဲ အလုပ်သမားသည် အလုပ်ရပ်စဲခြင်းခံရပါက အလုပ်သမားရေးရာဥပဒေများပါ ၁၉၂၉ ခုနှစ်၊ ဝါဏိဇ္ဇပဋိပက္ခအက်ဥပဒေ(The Trade Dispute Act-1929) အရ အလုပ်သမားအားအလုပ်ရပ်စဲမှု နစ်နာကြေးအဖြစ် အတန်းအစား ငါးမျိုးခွဲ၍ နို့တစ်ကြေးတစ်လစာ နှင့် အလုပ်ထုတ်နစ်နာကြေးကို လုပ်သက်နှစ် အနည်းအများအလိုက် အများဆုံး ငါးလစာအထိ ခံစားခွင့်ပြုခဲ့သည်။

ဒီမိုကရေစီအစိုးရလက်ထက်တွင် ခေတ်စနစ်နှင့်ကိုက်ညီမှု မရှိတော့သော ၁၉၆၃ခုနှစ်၊ ဝါဏိဇ္ဇပဋိပက္ခမှု နည်းဥပဒေ နှင့် ၁၉၇၁ခုနှစ် ပြည်သူ့အလုပ်သမားများ၏ ဝါဏိဇ္ဇပဋိပက္ခမှုဆိုင်ရာ ငွေကြေးခံစားမှု နည်းဥပဒေများကို ရုပ်သိမ်း၍ ၂၀၁၂ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများကို အစားထိုးပြဋ္ဌာန်းခဲ့သည်။ ယင်းနည်းဥပဒေ၊ အခန်း(၈)၊ အထွေထွေ၏ ပုဒ်မ(၃၅)တွင် ဥပဒေအရအလုပ်သမားများ အလုပ်ရပ်စဲမှု နစ်နာကြေးခံစားရရှိနိုင်ရန် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

“အလုပ်ရှင်က လုပ်ငန်းတစ်ခုခုကို ဆက်လက် လည်ပတ်လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းရသောအခါတွင် ဖြစ်စေ၊ အလုပ်သမားအား အကြောင်းမဲ့ အလုပ်ထုတ်ပစ်သည့် အခါတွင်ဖြစ်စေ၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုတွင် ပါဝင်သော အလုပ်သမားအား အလုပ်ရှင်ကပေးရမည့် နစ်နာကြေးနှုန်းထားကို ဝန်ကြီးသည် အမိန့်ကြော်ငြာဖြင့် အခါအားလျော်စွာ သတ်မှတ်၍ ထုတ်ပြန်နိုင်သည်”

အလားတူပင် ၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ (၅)(ဃ)တွင်လည်း- “အကြောင်း အမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန်ကိစ္စ ပေါ်ပေါက်လာလျှင် အလုပ်ရှင်က အလုပ်သမားအား သတ်မှတ်ထားသော နစ်နာကြေးပေးရန် ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ရမည်” ဟုပြဌာန်းထားသည်။

အထက်ပါ ဥပဒေပြဌာန်းချက်များအရ အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ရှင်က အလုပ်သမားကို ပေးလျော်ရမည့် အလုပ် ရပ်စဲမှု နစ်နာကြေး နှုန်းထားတစ်ရပ် သတ်မှတ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင် များ၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင်များအား ဖိတ်ကြား၍ ဆွေးနွေးခြင်း၊ သဘောထား အကြံပြုချက် များတောင်း ခံခြင်းဖြင့် အလုပ်သမားဝန်ကြီးဌာနသည် ၃-၇-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၅)ဖြင့် လုပ်သက်အလိုက် အတန်းအစား ၁၀မျိုးခွဲခြား၍ အနိမ့်ဆုံးအတန်းအစားတွင် လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်သော အလုပ်သမား အားနစ်နာကြေး လဝက်စာ နှင့် အမြင့်ဆုံးအတန်းအစားတွင် လုပ်သက် (၂၅)နှစ်အထက် ရှိပါကနစ်နာကြေး (၁၃)လစာ ခံစားခွင့်ပြုရန် သတ်မှတ်ပြဌာန်းခဲ့သည်။

အထက်ပါပြဌာန်းခဲ့သည့် အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထား အမိန့်ကြော်ငြာစာမှာ နိုင်ငံတော်မှ ဥပဒေအရဆောင်ရွက်သည့် ကိစ္စလည်းဖြစ်၍ အလုပ်သမား၏ တာဝန်ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ အကြောင်းကြောင်းကြောင့် အလုပ်မှ ရပ်စဲခံရသည့် အလုပ်သမားအားဥပဒေနှင့်အညီ အလုပ်ရပ်စဲမှုနစ်နာကြေးပေးရန် တာဝန်ရှိသည်။

နိုင်ငံတော်မှ အဆိုပြုအနိမ့်ဆုံးလုပ်ခကျပ် ၃၆၀၀ သတ်မှတ်၍ စက်ရုံပိတ်သိမ်းကာ အိမ်ပြန်ရပါက အလုပ်သမားအား သတ်မှတ် နစ်နာကြေးမပေးနိုင်ဟူသော ပြည်ပရင်းနှီးမြှုပ်နှံသူတစ်ချို့၏ စကားနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်း၏ စကားလေး ပြန်လည်ဖောက်သည်ချလိုပါသည်-

“နိုင်ငံတကာကို သွားရောက်လုပ်ကိုင်သူတိုင်း နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာရပါမယ်၊ ပြည်ပက လာရောက် ရင်းနှီး တဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေဟာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရပါလိမ့်မယ်” ဟူ၍။

သို့ဖြစ်၍လည်း မြန်မာနိုင်ငံတွင် စီးပွားရေး လာရောက် ရင်းနှီမြှုပ်နှံကြသော ပြည်ပလုပ်ငန်းရှင်များအနေနှင့် မိမိရင်းနှီး မြှုပ်နှံ မည့်နိုင်ငံ၏ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ကြေညက်အောင် ကြိုတင်လေ့လာရန် လိုအပ်ကြောင်းနှင့် နိုင်ငံကြီးသား ပီသစွာ အဆိုပါနိုင်ငံ၏ ပြဌာန်းထားသော ပြည်တွင်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ (Rule of Law) လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags