ထူးထူးခြားခြား Capoeira ဆိုတဲ့ အားကစား

04 December 2016
ထူးထူးခြားခြား Capoeira ဆိုတဲ့ အားကစား

ဒီတစ်ပတ်မှာတော့ Capoeira ဆိုတဲ့ အားကစားနည်းကို ပြောပြပေးမှာပါ။ ဘရာဇီးကိုယ်ခံပညာရပ်ဖြစ်ပါတယ်။

ကာပိုအီရာဆိုတာ အက၊ ကျွမ်းဘားနဲ့ ဂီတကိုပေါင်းစပ်ထားပြီး အာဖရိကန်ကျွန်တွေကနေဆင်းသက်လာတဲ့ ဘရာဇီးကိုယ်ခံ ပညာရပ်ဖြစ်ပါတယ်။ အနောက်အာဖရိကန်တွေက ၁၆ ရာစုကတည်းကစပြီး ဘရာဇီးမှာ အဲဒီပညာရပ်ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ခဲ့ကြတာပါ။

ခွန်အား၊ လျှင်မြန်မှု၊ ခြေကန်ချက်တွေ၊ အဆင့်မြင့်တဲ့ရွှေ့လျားမှုတွေကို မြန်မြန်ဆန်ဆန်ရောထွေး ပေါင်းစပ်အသုံးပြုရတဲ့ ကိုယ်ခံပညာအဖြစ် လူသိများပါတယ်။ ကာပိုအီရာကိုယ်ခံပညာကို ၂၀၁၄ နိုဝင်ဘာ ၂၆ ကမှ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမွေအနှစ်ပညာရပ်တစ်ခုအဖြစ် ယူနက်စ်ကိုက သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ကာပိုအီရာဟာ ကိုယ်ခံပညာရပ်တစ်ခုတင်မဟုတ်တော့ဘဲ ဘရာဇီးရိုးရာတစ်ခုအဖြစ် ကမ္ဘာမှာ ပျံ့နှံ့နေပါပြီ။ ၁၉၇၀ ကစပြီး အဲဒီပညာရပ်တတ်ကျွမ်းသူတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်လာကြပြီး တခြားနိုင်ငံတွေမှာ သင်ကြားပေးခဲ့ကြပါ တယ်။ ဒီပညာကိုစိတ်ဝင်စားကြလို့ ခရီးသွားတွေကို ဘရာဇီးကိုလာဖို့ ဆွဲဆောင်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ကမ္ဘာတစ်လွှားက အားကစားနဲ့လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တချို့မှာလည်း ကာပိုအီရာကို အသုံးပြုလာကြပါတယ်။ အင်္ဂလန် အခြေစိုက် ကာပိုအီရာဖော်ရဖျူဂျီဆိုတဲ့အဖွဲ့အစည်းဟာ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဇုန်တွေက လူငယ်တွေအတွက် အလုပ်လုပ်ပေးနေပါတယ်။ ကွန်ဂိုမှာဆိုရင်လည်း ငြိမ်းချမ်းရေးအတွက် ကာပိုအီရာဆိုတဲ့ ပရောဂျက်ကို လုပ်ဆောင်နေပါတယ်။  နူကန်တီဖောင်ဒေးရှင်းကလည်း ကိုလံဘီယာမှာ ကလေးတွေအတွက် အလုပ်လုပ်နေပါတယ်။

နောက်ပိုင်းမှာတော့ ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲတွေမှာ ကာပိုအီရာသိုင်းပညာရှင်တွေဝင်ဆံ့လာခဲ့သလို အဲဒီသိုင်းကိုအသုံးပြုတဲ့ သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ကိုယ်ခံပညာပေါင်းစုံရောနှောယှဉ်ပြိုင်ရတဲ့ MMA ပြိုင်ပွဲမှာ ဘရာဇီးသားတွေဟာ ကာပိုအီရာကို နောက်ခံပညာရပ်အဖြစ်အသုံးပြုနေကြပါတယ်။ UFC မှာနာမည်ကြီးနေတဲ့ ကော်နာမက်ဂရီဂေါဆိုရင်လည်း အဲဒီပညာရပ်ဆန်ဆန်တိုက်ခိုက်မှုတွေ ပြုလုပ်တတ်သူပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags