ချယ်လ်ဆီးနှင့်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့၍ ဂွာဒီယိုလာတောင်းပန်

ချယ်လ်ဆီးနှင့်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့၍ ဂွာဒီယိုလာတောင်းပန်

ဒီဇင်ဘာ ၄၊ မန်ချက်စတာ။            ။ ချယ်လ်ဆီးကို ၃-၁ ဖြင့်ရှုံးသည့်ပွဲတွင် ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အကျိုးဆက်အဖြစ် အဂူရိုနှင့် ဖာနန်ဒင်ဟိုတို့ အနီကတ်ပြခံခဲ့ရရာ မန်စီးတီးနည်းပြဂွာဒီယိုလာက ၎င်း၏ အသင်းကိုယ်စားတောင်းပန်ခဲ့သော်လည်း ကစားသမားနှစ်ဦးစလုံးကို ကာကွယ်ပြောဆိုခဲ့ သည်။

ချယ်လ်ဆီးအသင်းသည် နှစ်ပွဲဆက်အနိုင်အတွက် ၁-၀ ဂိုးအရှုံးဖြင့်လိုက်ကစားခဲ့ရပြီး အမှတ်ပေးဇယားထိပ်တွင်ဆက်လက် ဦးဆောင်နိုင်ခဲ့ကာ မန်စီးတီးအသင်း၏ ပေါက်ကွဲမှုမှာ ထပ်ဆောင်းအချိန်ပိုတွင် ဖြစ်ပေါ်လာခဲ့သည်။

အဂူရိုသည် ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကိုကြမ်းတမ်းစွာတားဆီးခဲ့ပြီး အသင်းဖော်ဖာနန်ဒင်ဟိုမှာလည်း ဖာဘရီဂတ်စ်ကို လိုက်ခံရန်ရှာခဲ့သည့်အတွက် အနီကတ်ပြခံခဲ့ရသည်။ ရုပ်သံပြကွက်များတွင် ဖာဘရီဂတ်စ်က ဖာနန်ဒင်ဟို၏ပါးကိုလက်ဖြင့် ဦးစွာ ပွတ်ခဲ့ပြီး ဖာနန်ဒင်ဟိုက လိုက်လံရန်ရှာရာ၌ ပြန်လည်တုန့်ပြန်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

“ပွဲကဒီလိုပြီးသွားရတာ မကောင်းပါဘူး။ ကျွန်တော်အဲဒီလိုပုံစံကိုမကြိုက်ဘူး။ ဖြစ်ခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်။ အဂူရိုရဲ့ ဖျက်ထုတ်ပုံက အင်တာနေရှင်နယ်ဆန်တယ်လို့ ကျွန်တော်မထင်ဘူး။ ကစားသမားနှစ်ယောက်လုံးက သန်မာလွန်းခဲ့ တယ်။ ဒါပါပဲ။

ဖာနန်ဒင်ဟိုကတော့ ပြိုင်ဘက်ကစားသမားတွေရဲ့ရန်ကနေ အဂူရိုကိုကာကွယ်ဖို့သွားခဲ့တာ။ ဘုန်းမောက်နဲ့ပွဲမှာ စီးတီးတောင်ပံ ကစားသမားနိုလီတိုလုပ်ခဲ့တုန်းက အနီကတ်ပြခံရပြီး သုံးပွဲပယ်ခံခဲ့ရတယ်။

ဒါကြောင့် ဖာနန်ဒင်ဟိုက သူ့အသင်းဖော်ကိုကာကွယ်ဖို့ သွားခဲ့တာ။ ဒါပါပဲ။ အဲဒါနဲ့ပတ်သက်ပြီး သူ့ကိုကျွန်တော်မပြောခဲ့ရဘူး။ ရုပ်သံမှာကြည့်ရင်တော့ အကြောင်းစုံမြင်နိုင်ပါလိမ့်မယ်”ဟု ဂွာဒီယိုလာက ပြောသည်။

ဖာနန်ဒင်ဟိုမှာ သုံးပွဲပယ်ခံရမည်ဖြစ်ပြီး အဂူရိုမှာမူ ယခုနှစ်ရာသီတွင်အလားတူတစ်ကြိမ်ထုတ်ပယ်ခံရဖူးရာ လေးပွဲပယ် ပြစ်ဒဏ် နှင့်ရင်ဆိုင်ရဖွယ်ရှိသည်။ ပထမတစ်ကြိမ်မှာ သြဂုတ်တွင် ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်အပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly