မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ ပျက်ကွက်မှုကြောင့် မတွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် တုန့်ပြန်

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ ပျက်ကွက်မှုကြောင့် မတွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် တုန့်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၃ ။         ။ ငြိမ်းချမ်းရေးကော်မရှင်၏ တရုတ်ပြည်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ နှင့် မတွေ့ဆုံခဲ့ခြင်းသည် ၄င်းအဖွဲ့များ၏ ပျက်ကွက်မှုများကြောင့်သာ ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောဆိုခဲ့သည်။

"ကျွန်တော်တို့က သုံးဖွဲ့နဲ့ တွေ့ပါမယ်။ ၀ နဲ့က သီးခြားတွေ့ဆုံပြီးဖြစ်တဲ့အတွက် တွေ့ဖို့မရှိတော့ပါဘူး။ ကေအိုင်အေကလည်း ကျွန်တော်တို့နဲ့ မတွေ့ဘူးဆိုတော့ မတွေ့ဖြစ်ဘူး။ တရုတ်ကလည်း ၀င်မပါဘူး ဆိုတော့ ခင်ဗျားတို့ သုံးဖွဲ့နဲ့ဆိုရင်တွေ့မယ်ပြောတော့ နောက်ဆုံုးမတွေ့ဖြစ်တော့ပါဘူး" ဟု ဦးခင်ဇော်ဦးက ပြောသည်။
ဒီဇင်ဘာ ၃ ရက်နေ့ ညနေလေးနာရီခန့်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းဗဟိုဌာန(NRPC) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် တရုတ်ပြည်သို့ ဒီဇင်ဘာ ၁ ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ မိုင်းလားနှင့် ၀ တပ်ဖွဲ့များကြား တင်းမာနေသည့် စစ်ရှိန်ကို လျှော့ချဖို့ ရည်ရွယ်ချက်သာ ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ထို့အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအနေဖြင့် မုံးကိုးတွင်ရှိသော တပ်မတော်စစ်စခန်းရှိသည့် နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများကို ရပ်တန့်ဖို့လိုအပ်ကြောင်း ဦးခင်ဇော်ဦးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၃ ဖွဲ့ ( KIAယ AA၊  TNLA ၊ MNDAA အကြား တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်အချို့မှာ တရုတ်နိုင်ငံအတွင်း ခိုလှုံလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly