ဒေါ်နယ်ထရမ့်နှင့် ထိုင်ဝမ်သမ္မတ ဖုန်းပြောဆိုခြင်းအား တရုတ် ကန့်ကွက်အရေးဆို

ဒေါ်နယ်ထရမ့်နှင့် ထိုင်ဝမ်သမ္မတ ဖုန်းပြောဆိုခြင်းအား တရုတ် ကန့်ကွက်အရေးဆို

ပေကျင်း၊ ဒီဇင်ဘာ ၃ ။              ။ အမေရိကန်၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်ခေါင်းဆောင်နှင့် ဖုန်းပြောဆိုခဲ့ခြင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ကန့်ကွက်အရေးဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက   ပြောသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားသည်။ အမေရိကန်နိုင်ငံက ၁၉၇၉ ခုနှစ်မှစကာ ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ထားခြင်းဖြစ်သည်။

သို့သော်လည်း ထရမ့်နှင့် ထိုင်ဝမ်ခေါင်းဆောင် ထိုက်အန်းဝန်က စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြံုရေးဆက်ဆံမှုများအကြောင်း ဖုန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထရမ့်၏ အဖွဲ့က ပြောသည်။

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် မလိုလားအပ်သည့် အနှောင့်အယှက်များ ဖြစ်မလာစေရေး ထိုင်ဝမ်အရေးကိစ္စရပ်တွင် သတိထားကိုင်တွယ်ရန် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းက ဖော်ပြသည်။

အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ထိုဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်ပြီး ထိုင်ဝမ်ဖက်က လုပ်ဆောင်လာသည့် မပြောပလောက်သော ဗျူဟာလေးတစ်ရပ်အဖြစ် အရေးမထားကြောင်း   ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးသားဖော်ပြရာ ရွေးကောက်ပွဲ၌ အနိုင်ရခြင်းကို ထိုက်အန်းဝန်က ဖုန်းဖြင့် ဂုဏ်ပြုစကား လှမ်းပြောခြင်းဖြစ်ကြောင်း ရေးသားထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly