သီးစုံပဲကုလားဟင်း၊ ငါးခြောက်မွှကြော် ၊ငရုတ်သီးဆားထောင်း

သီးစုံပဲကုလားဟင်း၊ ငါးခြောက်မွှကြော် ၊ငရုတ်သီးဆားထောင်း

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ သီးစုံပဲကုလားဟင်း ငါးခြောက်မွှကြော်နဲ့ ငရုတ်သီးဆားထောင်းလေးပါ။ အညာဒေသ အလှူပွဲနဲ့ မိသားစုထမင်းဝိုင်းအရသာအတိုင်း ရစေချင်လို့ ဒီတပတ်မှာ ဒီဟင်းမယ်လေးတွေကို တင်ဆက်ပေးတာပါ။ ထမင်းဇလုံထဲ ပဲဟင်းလေးဆမ်း၊ ငါးခြောက်မွှကြော်လေး ပုံ ၊ ငရုတ်သီးဆားထောင်း စပ်စပ်လေးကို တို့ပြီး စားလို်က်ရရင် မိသားစု ထမင်းဝိုင်းကြီး နဲ့ ငယ်ဘဝကိုလည်း ပြန်ပြီးသတိရစေမှာပါ၊

အရင်ဆုံး သီးစုံပဲကုလားဟင်းအတွက် လိုအပ်တာတွေကို အရင်ပြင်ဆင်ပါမယ်။

ကုလားပဲ  နို့ဆီဘူးတစ်ဘူး

ခရမ်းသီး  အနည်းငယ်

ဘူးသီး   အနည်းငယ်

ပဲတောင့်ရှည်သီး  အနည်းငယ်

အာလူး  အနည်းငယ်

ရုံးပတီသီး  အနည်းငယ်

ဘဲဥ ၅လုံး

ငါးခြောက်ရိုး အနည်းငယ်

ပြီးတော့

မန်ကျည်းမှည့်  အနည်းငယ်

မဆလာ အနည်းငယ်

ငရုတ်ပွ ၄ တောင့်

ကြက်သွန်နီ အသေး ၅ ဥ

ကြက်သွန်ဖြူ  အကြီး ၁ဥတို့ ဖြစ်ပါတယ်။

အရင်ဆုံး ပဲဝယ်တဲ့အခါမှာလည်း အရောင်ဝါ၀င်းနေတာကိုပဲ ရွေးပါ၊ အရောင်ညိုညစ်ညစ် ဖြစ်နေရင် မယူပါနဲ့။ ပြုတ်ရခက်သလို အရသာလည်း မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုလားပဲလုံးကို ရေစိမ်နေလှမ်းပြီး အခွံဖယ်ရလွယ်အောင်လုပ်ထားတော့  အရောင်က ညိုညစ်ညစ်ဖြစ်နေတာပါ။ပြုတ်ရင်လည်း တော်တော်နဲ့ မနူးပါဘူး။ ပဲကုလားဟင်းမှာ ပဲက အဓိကဆိုတော့ ပဲရွေးနည်းလေးပါ ပြောပြထားတာပါ။ ပဲကုလားဟင်းချက်တော့မယ်ဆိုတာနဲ့ ပဲကို ညကတည်းက ရေစိမ်ထားပါ။ ဒါဆို ရေစိမ်လို့ ပွလာပြီး ပြုတ်တဲ့အခါ အချိန်မကုန်ဘဲ နူးနပ်စေပါတယ်။ ပဲပြုတတ်တဲ့အိုးထဲ ဘဲဥကို ရေဆေးပြီး ထည့်ပြုတ်ပါ။ ပဲပြုတ်ပြီး ပဲနူးပြီးဆို အအေးခံပြီး အနှစ်တိုက်ပေးပါ၊ ပြီးတော့ ငရုတ်ပွနဲ့  ကြက်သွန်ဖြူနီကို ခပ်ညက်ညက်ထောင်းထားပေးပါ။ အသီးအနှံတွေကို သင့်တော်သလို လှှီးချွတ်ထားပါ။

အခုသီးစုံ ပဲကုလားဟင်း စတင်ချက်ပြုတ်ရအောင်၊

ငရုတ်သီးထောင်းကို ဆီ အနည်းငယ်နဲ့ ဆီသတ်ပါ။

အရောင်ထွက်ပြီး မွှေးလာရင်  ငါးခြောက်ရိုးနဲ့ ဘဲဥကို ထည့်ပါ။ ပြီးရင် အနှစ်တိုက်ထားတဲ့ ပဲကို ထည့်ပါ ။ နှံ့အောင် မွှေပေးပါ၊။ ပြီးရင်  ရုးပတီသီးကလွဲရင် တခြား အသီးအနှံလေးတွေကို ထည့်ပြီး ၂ မိနစ်လောက် မွှေပေးပါ။ ပြီးရင်တော့ ရေ ၁ လီတာ ရေသန့်ဘူးကြီး တစ်ဘူးစာထည့်ပြီး အဖုံးအုပ်ထားပါ။  ပွက်ပွက်ဆူလာရင် ဆား၊ ဟင်းခပ်မှုန့်၊ မန်ကျည်းမှည့်တို့ ထည့်ပါ။ အရသာ အပေါ့ အငန်မြည်းပါ။ ရေလိုရင် ရေထပ်ထည့်ပါ။

 အသီး အနှံတွေ ကျက်ပြီး ပဲ အနှစ်လေး အနည်ကျပြီး ပြစ်လာရင် မဆလာထည့်ပါ ပျဉ်းတော်သိမ်ရွက်လေးအုပ်ပါ၊ 

မဆလာနံ့မွှေးမွှေးလေးနဲ့ ပဲကုလားဟင်းကျက်ပြီးဆိုရင် သူနဲ့ တွဲစားဖို့ ငါးခြောက်မွှကြော် လေး ပြင်ဆင်လိုက်ရအောင်။

ငါးခြောက်မွှကြော်

ငါးခြောက်မွှကြော် ကြော်ဖို့ အသားထူထူကောင်းကောင်း ငါးခြောက် ၂၀သား လိုပါတယ်။ ဒီနေ့တော့ ငါးယောင်ခြောက်လေး သုံးထားပါတယ်။ ပြီးတော့ လိုတာက ကြက်သွန်နီ ၁၀သားနဲ့ ဆီကတော့ ၅ကျပ်သားပါ။

အရင်ဆုံး ငါးခြောက်ကို ၁၀ မိနစ်ပြုတ်ပါ။ အအေးခံ ၊အရိုးနွှင်ပြီးရင်  အသားမွှသွားအောင် ငရုတ်ဆုံနဲ့ထောင်း ၊ ဒါမှမဟုတ် မွှေစက်နဲ့ မွှေပေးပါ။ ပြီးရင်  ကြက်သွန်နီကို ပါးပါးလှီးပြီးကြော်ပါ ။

၊ကြက်သွန် နီညိုရောင်သမ်းလာရင် ငါးခြောက်ထည့်ပြီး ထပ်ကြော်ပါ။

အရသာ အပေါ့အငန် နှစ်သက်သလိုထည့်ပြီး ငါးခြောက်ကြော်က  အညိုရောင်သမ်းလာပြီဆို ရပါပြီ၊

ကြက်သွန်နီ  အရသာ ချိုချိုလေးရယ် ၊ ငါးခြောက်ရဲ့ အငန်ဓာတ်လေးရယ်နဲ့ အရသာ ပြည့်ဝတဲ့ ငါးခြောက်မွှကြော် ရပါပြီ။

ငရုတ်သီးဆားထောင်း

နောက်ဆုံး လိုအပ်တဲ့ဟင်းရံတစ်မယ်ကတော့  ငရုတ်သီးဆားထောင်းပါ။ လိုအပ်တာတွေကတော့  ကြက်သွန်နီ ဥအလတ် ၄ ဥ ၊အဖြူ ဥကြီး ၁ဥ၊   ငရုတ်လှော်မှုန့် ထမင်းစားစတီးဇွန်း ၂ဇွန်း နဲ့ ပဲဆီ အနည်းငယ်ပါ။

ပုံမှန်ဆိုရင်တော့ ကြက်သွန်တွေကို မီးဖုတ်ရမှာ ဖြစ်ပေမယ့် မီးဖုတ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် ကတော့ အိုးနီထဲကို ကြက်သွန်ဖြူနီ ထည့်ပါ။ အခွံမခွာပါနဲ့၊ ပြီးရင် ရေ အနည်းငယ်ထည့် အဖုံးအုပ်ထားပါ။ ရေခမ်းပြီး တစ်ဖက်ကအခွံ တူးလာရင် နောက်တစ်ဖက်လှန် ရေအနည်းငယ်ထည့်ပြီး ထားပါ။ ကြက်သွန်ဥတွေ အခွံတူးပြီးပျော့လာရင် ရေဆေး၊အခွံတွေ ဖယ်ပြီး  ကြိတ်စက် ဒါမှမဟုတ် ငရုတ်ဆုံထဲ ညက်ညက်လေးထောင်းပါ။ ငရုတ်လှော်မှုန့်နဲ့ ဆားထည့်ပြီးထပ်ထောင်းပါ၊ ပြီးရင်တော့ ပန်းကန်လေးထဲ ထည့်ပြီး ဆီစိမ်လိုက်ပါ၊ ကြက်သွန်ဥက အချိုဓာတ်ရယ်၊ ဆားအငန်ဓာတ်လေးရယ် ငရုတ်သီးစပ်စပ် အရသာလေးရယ်က ခံတွင်းမြိန်ပြီး ရှူးရှူးရှဲရှဲ ချွေးပြန်စေမှာပါ။

ကဲ အားလုံးစုံပါပြီ။ ဒီဟင်းအမယ်လေးတွေကို စားပြီး   အလှူပွဲ ၊ မိသားစုထမင်းဝိုင်းရဲ့အလယ်မှာ တည် ၊ ဟင်းရည်ဇလုံထဲက  ကိုယ်ကြိုက်တဲ့ အသီးအနှံတွေကို ရွေးဆယ်စားလိုက် …၊ ငရုတ်သီးဆားထောင်းတို့လိုက်၊ စပ်သွားရင် ငါးခြောက်မွှကြော် အချိုလေးစားလိုက် ၊ ပဲဟင်းရည်လေး ကို ရှူးခနဲ အသံမြည်အောင်သောက်လိုက်နဲ့ လက်မလည်ခဲ့တဲ့  ငယ်ဘဝရဲ့ အချိန်တွေကို ပြန်တမ်းတနိုင်ကြပါပြီ၊ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly