အငှားဝယ်ယူစနစ်မှ သတ်မှတ်နှုန်းထက် ငွေကြေးပိုမို ကောက်ရယူခဲ့သည့် ၀န်ထမ်းနှစ်ဦးအား ရိုးမဘဏ်မှ တရားစွဲဆိုထား

အငှားဝယ်ယူစနစ်မှ သတ်မှတ်နှုန်းထက် ငွေကြေးပိုမို ကောက်ရယူခဲ့သည့် ၀န်ထမ်းနှစ်ဦးအား ရိုးမဘဏ်မှ တရားစွဲဆိုထား

ရန်ကုန်၊ ဒီဇင်ဘာ ၃ ။             ။ အငှားဝယ်ယူစနစ်မှ သတ်မှတ်ရာခိုင်နှုန်းထက် ပိုမိုကောက်ခံငွေကြေးရယူခဲ့သည့် ဘဏ်ဝန်ထမ်းနှစ်ဦးအား တရားစွဲဆိုထားကြောင်း ရိုးမဘဏ်မှ အမှုဆောင်ဒါရိုက်တာ   ဒေါ်အေးအေးစိုးက ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။

အဆိုပါ ၀န်ထမ်းနှစ်ဦးမှ ရိုးမဘဏ်၏ အငှားဝယ်ယူစနစ် (Hire Purchase) ဆောင်ရွက်ရာတွင် ကုန်စည်ဝယ်ယူသူများထံမှ ဘဏ်မှဝန်ဆောင်ခအဖြစ် သတ်မှတ်ထားသော ၁ ရာခိုင်နှုန်းထက် ပိုမိုကောက်ခံခဲ့ပြီး ကောက်ခံရရှိငွေကို အခြားဘဏ်များရှိ ၄င်းတို့ဘဏ်စာရင်းများထဲသို့ လွဲပြောင်းခဲ့ကြသည်ဟု ရိုးမဘဏ်မှ ပြောသည်။ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ရယူငွေမှာ ခန့်မှန်းချေ ကျပ် သိန်း နှစ်သောင်းခန့် ရှိကြောင်း သိရသည်။

ရိုးမဘဏ်၏ Branch Banking ဌာန တာဝန်ခံ ဦးဘမောင်စိန်က "ဆုံးရှုံးမှုငွေသားက ခန့်မှန်းထားတာကတော့ မြန်မာကျပ်ငွေ သိန်း နှစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်"ဟု ဆိုသည်။

အဆိုပါရာခိုင်နှုန်းပိုမိုကောက်ခံမှုများကို တိုင်ကြားမှုရှိသောကြောင့် အောက်တိုဘာလ ရ ရက်တွင် ၀န်ထမ်းနှစ်ဦးအား တာဝန်မှ ရပ်စဲခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ယင်းငွေလွှဲပြောင်းမှု တွေ့ရှိ ရသည်ဟု ဆိုသည်။ ထို့ကြောင့် ရိုးမဘဏ် Business Financing ဌာနမှ ၀န်ထမ်းနှစ်ဦးဖြစ်သူ မန်နေဂျာ ဦးအာကာကံ့ကော်နှင့် တာဝန်ခံ ဦးဖြိုးသူရကျော်တို့အား မင်္ဂလာတောင်ညွှန့်ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ဒေါ်အေးအေးစိုးက ပြောသည်။

" ဒီလိုလုပ်ရတာကတော့ သူတို့က ဘဏ်ကို အသုံးချတဲ့အတွက်ကြောင့် ဘဏ်အနေနဲ့ နစ်နာဆုံးရှုံးမှုက အများကြီးရှိတယ်လေ။ ဘာကြောင့်လဲဆိုတော့ ဂုဏ်သတင်းကို ထိခိုက်နိုင်တဲ့အတွက်ကြောင့် ကျွန်မတို့က သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန်နဲ့ အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်" ရိုးမဘဏ်မှ အမှုဆောင်ဒါရိုက်တာ ဒေါ်အေးအေးစိုးက ပြောသည်။

အဆိုပါအမှုကို အောက်တိုဘာလ ၂ဝ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ(၄၀၈) အရ မင်္ဂလာတောင်ညွှန့်မြို့မ ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး  နိုဝင်ဘာ ၈ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ထားသည်။

သို့သော် မင်္ဂလာတောင်ညွှန့်တရားရုံးက အမှုမစစ်ဆေးမီ စွဲချက်တင်ခံရသူနှစ်ဦးအား ဆေးစာဖြင့် အာမခံပေးခဲ့သည့်အတွက် တရားလိုဖြစ်သူ ရိုးမဘဏ်ဘက်မှ နစ်နာမှုရှိကြောင်း သုံးသပ်မိခြင်းကြောင့် အာမခံပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် နိုဝင်ဘာ ၃၀ ရက်နေ့က လျှောက်ထားပြီးဖြစ်ကြောင်း ရိုးမဘဏ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၀န်ထမ်းနှစ်ဦးမှာ ၂၀၁၃ ခုနှစ်မှ စတင်ကာ ရိုးမဘဏ်၌ တာဝန်ထမ်းဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ရိုးမဘဏ်မှ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၃ ရက်တွင် ယင်းဘဏ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly