အလုပ်ပိတ်ရက်မရှိခြင်းကြောင့် He Shan အထည်ချုပ်စက်ရုံပြဿနာဖြစ်

အလုပ်ပိတ်ရက်မရှိခြင်းကြောင့် He Shan အထည်ချုပ်စက်ရုံပြဿနာဖြစ်
 

ပုသိမ်မြို့၊ အမှတ်၁၃ရပ်ကွက်၊ He Shan အထည်ချုပ်စက်ရုံတွင် အလုပ်ချိန် လုပ်သက်ကြာ အလုပ်သမားများ ထုတ်ပယ်ခြင်းကြောင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြဿနာဖြစ်ပွားခဲ့ပြီး ယခု ညှိနှိုင်းမှုများရှိနေကြောင်း သိရသည်။

"အလုပ်ချိန်ကို ၈နာရီ သတ်မှတ်ပေးမယ်၊အချိန်ပိုဆင်းရင် အလုပ်သမားတွေ သဘောတူမှ ဆင်းရမယ်၊ အချိန်ပိုဆင်းရင်လည်း မဆင်းခင် နာရီဝက်နားရမယ်၊ နောက် အလုပ်ဖြုတ်ခံရတယ် ကလေးနှစ်ယောက်ကို အလုပ်သမားရုံးမှာ ညှိနှိုင်းပြီး ပြန်ဆင်းချင်ဆင်းခွင့်ရမယ် စသည့်အချက်များ ညှိနှိုင်းခဲ့ကြောင်း အလုပ်သမားများဘက်မှ တက်ရောက်ဆွေးနွေးသူ ဦးအောင်မြတ်ကျော်က   ပြောသည်။

“ ကလေးတွေ ညနေ ၆ နာရီအထိ လုပ်ရပြီး အချိန်ပိုဆင်းရင် ည ၉ နာရီအထိ လုပ်ရပြီး တစ်ခါတလေ ည ၁၂နာရီ လောက်အထိ လုပ်ရတယ်။ ဒီနေ့ ထုတ်ခံရတာ ဆိုင်ကယ်သုတ်ဖို့ ပိတ်စယူလို့ဆိုပြီး နှစ်ယောက်ထုတ်ခံလိုက်ရတယ် ”ဟု ၎င်းက စက်ရုံနှင့်ပတ်သက်ပြီး ပြောသည်။

"အလုပ်ကပြန်တော့ ည ၉ နာရီကျော်မှ ပြန်ရတယ်။  ပိတ်ရက်လည်းမရှိတော့၊ အခုရက်ဆို လုပ်သက်ကြာနေတဲ့ အလုပ်သမား ဆယ်ယောက်လောက်ရှိပြီး အလုပ်က ထုတ်ခံရတယ်။ အားလုံး သည်းခံပြီးလုပ်တယ် ။ ဒီနေ့မခံနိုင်လို့ အားလုံးညှိလို့ရအောင် လုပ်လိုက်တာ”ဟု စက်ရုံမှ မစုမြတ်အောင်က ပြောသည်။

“ ကျွန်တော်က ဆိုင်ကယ်သုတ်ဖို့ ယူထားတာပါ။ အဲဒါယူလို့ဆိုပြီး မနက် အလုပ်လာတော့ အလုပ်ပေးမဆင်းဘဲ အလုပ်က ထုတ်လိုက်တာပါ။ ကျွန်တော် အများရှေ့မှာ ရှက်တယ်၊အလုပ်လုပ်လာတာ တစ်နှစ်ကျော်ပါပြီ” ဟု အလုပ်မှ ထုတ်ပယ်ခံရသူ ကိုသန့်ဇော်ထွန်းက အလုပ်ထုတ်ခံရမှုနှင့်ပတ်သက်ပြီး မီဒီယာများသို့ ပြောသည်။

စက်ရုံအလုပ်သမားများက “လုပ်သက်ရှိသူတွေ လစာတိုးပေးရမှာစိုးလို့ အလုပ်ထုတ်တာ၊  အလုပ်မှ မုန့်စားရင်လည်း ပြောတယ်၊ အခက်အခဲတော်တော်ရှိကြောင်း ” ပြောသည်။

အလုပ်သမား နှစ်ဦး အလုပ်ထုတ်ခံရမှုကြောင့် အလုပ်သမားများ ယနေ့ ၃ နာရီတွင် စက်ရုံထဲ အလုပ်မလုပ်ဘဲနေမှ အလုပ်သမားဦးစီးဌာန သက်ဆိုင်ရာများလာရောက်မှ ညှိနှိုင်းမှုရှိကြောင်းသိရှိရသည်။
ယနေ့ အလုပ်သမားများထုတ်ပယ်ခံရမှု အလုပ်သမားအခက်အခဲနှင့်ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူများ မေးမြန်းရန် တွေ့ခွင့်မရရှိခဲ့ပါ။ စက်ရုံမှာ တရုတ်နိုင်ငံသားများ ပိုင်စက်ရုံဖြစ်ပြီး စက်ရုံမှာ နိုဝင်ဘာလတွင်ဖွင့်လှစ်သည့်စက်ရုံဖြစ်ကာ လုပ်သားအင်အား တစ်ထောင်ဝန်းကျင် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly