“ပါတီက အုပ်ချုပ်ရေးမှာ ဝင်ရောက်ပါဝင် ပတ်သက်တာမျိုးက မသင့်တော်ဘူး

“ပါတီက အုပ်ချုပ်ရေးမှာ ဝင်ရောက်ပါဝင် ပတ်သက်တာမျိုးက မသင့်တော်ဘူး

NLD က အုပ်ချုပ်ရေးမှာစွက်ဖက်နေတယ်လို့ ဝေဖန်ခံနေရချိန်မှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက သူတို့ရဲ့ အခြေအနေတွေကို ပြောပြထားပါတယ် ။

ရန်ကုန် (Myanmar Now) - အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု လတ်တလောဝေဖန်ခံနေရသည်။

ဝေဖန်ချက်များနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဉာဏ်ဝင်းကို သွားရောက်တွေ့ဆုံ မေးမြန်းထားသည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။    ။ NLD က အငြင်းပွားစရာ  ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုဝင်ပြီးလွှတ်တော်ထဲရောက်နေတာ ၅ နှစ်  ပြည့်ပါတော့မယ်။ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည် ဘယ်လောက် ပေါ်ပြီလဲ။

ဖြေ။     ။ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်မှာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်ခေါင်းဆောင်တွေ အကြားအပြန်အလှန် စာရေးသားမှုတွေ ရှိခဲ့ပါတယ်။ အဓိကအချက်တွေကတော့ NLD ပါတီရွေးကောက်ပွဲတာကို လက်ခံမယ်။ နောက်ထပ် အချက် နှစ်ချက်၊ သုံးချက်ရှိပါသေးတယ်။ သူတို့နဲ့ အပြန်အလှန် ညှိနှိုင်းပြီးတော့ သဘောတူမှ ဒီလိုအခြေအနေကို ရောက်တာပါ။

ပြည်သူတွေကကိုယ့်ကိုအုပ်ချုပ်မယ့်သူကိုရွေးချယ်ခွင့်ရလာတာကတော့ အဓိကအချက်ပဲ။ အပြည့်အဝတော့ ရွေးချယ်ခွင့်မရှိပါဘူး။ ဒါကဖွဲ့စည်းပုံအခြေခံဥပဒေကန့်သတ်ချက်အရ (လွှတ်တော်ထဲအလိုအလျောက် နေရာရတဲ့ တပ်မတော်သားကိုယ်စားလှယ်များ)၂၅ရာခိုင်နှုန်းကို ပြည်သူကရွေးချယ်တာမဟုတ်ဘူး။

မေး။    ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါတီက ကြိုးပမ်းနေတာ ဘယ်ကာလလောက်မှာ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုတွေ ရှိလာမလဲ။

ဖြေ။     ။ တစ်ချိန်မှာတော့ရှိမှာပဲ။ ဘယ်တော့လုပ်မယ်သာမပြောနိုင်တာပါ။ ကျွန်တော်တို့ကဒီမိုကရေစီသွားမယ်လို့ပြောထားတာ။ ဒီမိုကရေစီမှာရွေးကောက်ခံမဟုတ်တာမရှိပါဘူး။ တစ်နေ့ကျရင်တော့ ဒီရွေးကောက်ခံမဟုတ်တာတွေကိုပယ်ရမှာပါပဲ။ အချိန်အခါပဲလိုတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော၊တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရရောတပ်မပါဘဲနဲ့ ့ ရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့မရဘူး။

မေး။    ။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကိုဘယ်လိုအချက်အလက်တွေနဲ့ ရွေးချယ်နေပါသလဲ။

ဖြေ။     ။ အခုလက်တလောမှာက နိုင်ငံရေးအတွေ့အကြံု၊ နိုင်ငံရေးလုပ်သက် အတွေ့အကြံုရင့်ကျက်တာ၊ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိတာ၊ ဥပမာ-အင်ဂျင်နီယာတစ်ယောက်ဆိုရင် အင်ဂျင်နီယာဘာသာရပ်မှာကျွမ်းကျင်တယ်၊ ဆရာဝန်ဆိုရင်လည်းဆရာဝန်ဘာသာရပ်မှာ ကျွမ်းကျင်တာမျိုး၊ ဥပဒေသမားဆိုရင်လည်းသူ့ဘာသာရပ်မှာ ကျွမ်းကျင်တာမျိုးပေါ့၊ဒါတွေကိုလည်းထည့်စဉ်းစားပါတယ်။ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုကိုလည်း ကြည့်ပါတယ်။ နိုင်ငံရေးအတွေ့အကြံုမှာဆိုရင်လည်းတခြားမှာဖြစ်ဖြစ်၊ NLDမှာပဲ နှစ်ပေါင်းများစွာလုပ်လာတဲ့ ရင့်ကျက်တဲ့ အတွေ့အကြံုရှိတဲ့လူတွေကိုစဉ်းစားပါတယ်။

မေး။    ။ ယခင် ရွေးကောက်ပွဲတွေအတွက် တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီးဆိုပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့ပါတယ်။ အခုရော ဘာတွေများကွာခြား ပါသလဲ။

ဖြေ။     ။ အဲဒါက ဦးစားပေးကို ပြောတာပါ။ ကျွန်တော်ခုပြောတာက ရွေးချယ်ရေးမှူကိုပြောတာပါ။ တူရင်ဦးစားပေးမှာ တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီးပေါ့။ ရွေးချယ်တဲ့ အခါမှာတော့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြံု၊ ဘာသာရပ်ကျွမ်းကျင်မှု၊ဒါတွေကိုဦးစားပေးပါတယ်။

မေး။    ။ ဒီလိုမျိုးရွေးချယ်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ထဲမှာ ဘယ်လိုမျိုးညှိနှိုင်းခဲ့ရပါသလဲ။

ဖြေ။     ။ ကျွန်တော်တို့ ဒီမူကိုအရင်ချတယ်။ ပြီးတော့ ဒီမူနဲ့ရွေးမယ်ပေါ့။ အဖြစ်နိုင်ဆုံးပေါ့။ ကိစ္စတိုင်းမှာကိုယ်လိုချင်တဲ့ ပုံစံမျိုးတော့မရပါဘူး။

မေး။    ။ CECထဲမှာ အဖွဲ့ဝင်အဖြစ် ထပ်မံရွေးချယ်တင်မြှောက်ထားတာတွေ ရှိပါသလား။ ဘယ်လိုမူနဲ့ ရွေးချယ်ပါသလဲ။

ဖြေ။     ။ CECကို ညီလာခံနေစပြီး ဖွဲ့တာပါ။ ညီလာခံက အားလုံးအောက်ခြေကနေတက်လာတဲ့ ဗဟိုကော်မတီဆိုတာရှိလာတယ်။ ပထမဆုံးပါတီဥက္ကဋ္ဌကိုရွေးတယ်။ ပါတီဥက္ကဋ္ဌက ပါတီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီးတော့ CECကိုရွေးလိုက်တယ်။ ပြီးတော့ ဗဟိုကော်မတီကိုချပြတယ်။ ဗဟိုကော်မတီကအတည်ပြုလိုက်တဲ့အတိုင်းCECကိုဖွဲ့တယ်။ ဒါကညီလာခံကနေလာတာ။ ညီလာခံမရှိတဲ့ အခုလိုအချိန်မှာကိုဖြိုးမင်းသိန်းတို့ကိုအောင်စိုးတို့ကိုခန့်တယ်ဆိုတာဒါကCECဆုံးဖြတ်ချက်နဲ့ခန့်တာ။ ပြီးခဲ့တဲ့လကလုပ်တဲ့ ဗဟိုကော်မတီမှာကိုဖြိုးမင်းသိန်းတို့ အကျံုးဝင်သွားတယ်။ ဒါသူတို့ကအတည်ပြုပြီးသား။ အဲဒီလိုရွေးချယ်ပါတယ်။

မေး။    ။ ပါတီCECကနေ ဒုဝန်ကြီးတစ်ဦးကို တာဝန်က နှုတ်ထွက်ဖို့ ဖိအားပေးခဲ့တာတွေ ရှိပါသလား။

ဖြေ။     ။ မရှိပါဘူး။ လုံးဝမရှိဘူး။ ကျွန်တော်တို့မသိဘူး။ ကျွန်တော်မသိဘူး။ အဲဒီတော့ ဒီဒုဝန်ကြီးကို ဖြုတ်တယ်ဆိုတာ သမ္မတရုံးကဖြုတ်တာပဲ။ ကျွန်တော်တို့ဖြုတ်တာမှ မဟုတ်တာ။ ပါတီကမဟုတ်ဘူး။ သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာပဲလေ။

မေး။    ။ ဒါပေမယ့် ဦးထွန်းဝင်းက အင်တာဗျူးတွေမှာ ပြောပါတယ်၊ သူကို နှုတ်ထွက်ဖို့ CECထဲကတစ်ယောက်က ဖိအားပေးတယ်တဲ့။

ဖြေ။     ။ အဲဒါကသီးခြားကိစ္စပဲ ဖြစ်မယ်။ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ CECကိုလည်း တင်ပြတာမျိုးလည်း မရှိဘူး။ CECမှာလည်း ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးတာမရှိဘူး။ ပါတီကအုပ်ချုပ်ရေးမှာ ဝင်ရောက်ပါဝင်ပတ်သက်တာမျိုးက မသင့်တော်ဘူးလို့ ထင်ပါတယ်။

မေး။    ။ လက်တလောဖြစ်နေတဲ့ တောင်ကြီးက ဒေါ်ခင်မို့မို့တို့။ လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့ကို ပါတီတာဝန်တွေက အနားပေးတာတွေကရောCECရဲ့ ဆုံးဖြတ်ချက်တွေပါလား။

ဖြေ။     ။ ဒေါ်ခင်မို့မို့ကိစ္စမှာဆိုရင် ပထမကCECရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဒါကြောင့်မို့ မမှန်ဘူးလို့ သတင်းမီဒီယာတွေကို ကျွန်တော်တို့ ပြောတာပါပဲ။ နောက်ကျတော့ ဒါနဲ့ပတ်သက်ပြီး သူ့ကိုခုခံ   ချေပခွင့် အပြည့်ပေးတာပါပဲ။ အပြီးမှာ ကြားနာပေးတယ်။ နောက်ဆုံးဟာကတော့ စည်းကမ်းထိမ်းသိမ်းရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကိုCEC က အတည်ပြုပေးခဲ့ပါတယ်။ ပထမဆုံးဟာကတော့ CECလုံးဝမပါ ပါဘူး။

လွှတ်တော်ကိုယ်စားလှယ် သုံးဦးကိစ္စကတော့ CECရဲ့ဆုံးဖြတ်ချက်ပါ။ သူတို့ သုံးယောက်မှာသီးခြားပြသနာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ လောလောဆယ်ရပ်ထားလိုက်။ အချက်အလက်တွေ အားလုံးကိုပြန်စုမယ်။ စုပြီးတော့မှ ဘာဆက်လုပ်ရမယ်ဆိုတာဆက်စဉ်းစားမယ်။

မေး။    ။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့  NLDလွှတ်တော်ကိုယ်စားလှယ်တွေကိုNLD လူကြီးပိုင်းတွေကကန့်သတ်၊ ထိန်းချုပ်မှုတွေရှိတယ်လို့ ကြားသိနေရပါတယ်။ ပါတီက ဒါတွေလုပ်ဖို့ ဆုံးဖြတ်ထားတာများ ရှိပါသလား။

ဖြေ။     ။ ပါတီကထိန်းချုပ်ခွင့် မရှိပါဘူး။ ဒါပေမယ့် ဆော်သြရေးမှူးတွေတော့ ရှိပါတယ်။ ဆော်သြရေးမှူးတွေကတော့ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဆော်သြရေးမှူးတွေရဲ့ အဓိပ္ပာယ်ထဲမှာ အဲဒီလိုလုပ်ခွင့်တော့ မရှိပါဘူး။ ဒါကပါတီနဲ့ မဆိုင်ဘူး။ ပါတီက အဲဒီလိုလုပ်ခွင့်လည်း မရှိပါဘူး။ အဲဒီတော့ ဥပဒေပြုရေး အပိုင်းကိုင်တဲ့ လွှတ်တော်ကသူ့ကဏ္ဍနဲ့ သူပေါ့။   ပြောကြပါတယ်၊ ကျွန်တော်တို့လည်း ကြားတယ်၊ကိုယ်နဲ့မဆိုင်တာဆိုတော့ မပြောတာပါ။ လွှတ်တော်ကကိစ္စကကျွန်တော်တို့နဲ့ မဆိုင်ဘူးလေ။ ကျွန်တော်တို့က ပါတီကလေ။

မေး။    ။ ဒီအပေါ်ရောဘာများမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။     ။ ပါတီမှာ အဲဒီလိုဆုံးဖြတ်ဆောင်ရွက်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပေးထားပါဘူး။

မေး။    ။ လက်တလောမှာဝန်ကြီးချုပ်တစ်ဦးကိုအင်တာဗျူးဖို့ ခွင့်တောင်းတော့ ပါတီကသူ့ကိုအင်တာဗျူးခွင့် ပိတ်ထားတယ်လို့ အဲဒီဝန်ကြီးချုပ်ဆိုပါတယ်။ ဒီလိုမျိုး CECက ဆုံးဖြတ်ပြီး ပိတ်ပင်ထားတာမျိုးတွေများ ရှိပါသလား။

ဖြေ။     ။ ကျွန်တော်မသိဘူး။ တစ်ခါမှ မကြားဘူးဖူး။ သူ့ကိုတစ်စုံတစ်ယောက်က ပြောတာမျိုးလည်း ရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော့တို့ပါတီအနေနဲ့တော့ အဲဒီလိုလုပ်တာမျိုး ညွန်ကြားတာမျိုး တစ်ခါမှ မရှိဘူး။ စွက်ဖက်တယ်ဆိုရင်တော့ မဖြစ်သင့်ဘူး။ တစ်ခါတလေလည်းအဓိပ္ပာယ်တွေကအမျိုးမျိုးဖြစ်တယ်။ ပါတီဝင်အချင်းချင်းပဲ အထက်မှာတစ်ယောက်ရှိတယ် ၊   အောက်မှာတစ်ယောက်ရှိတယ် ၊နှစ်ယောက် ရင်းရင်းနှီးနှီးနဲ့ တိုင်တိုင်ပင်ပင်နဲ့ လုပ်တာကိုအမိန့်ပေးတာလို့ ယူဆတဲ့လူကတစ်မျိုးယူဆတယ်။ အမိန့်ပေးတာမဟုတ်ဘူး ဂိုက်လိုင်းပေးတာ၊ကောင်းအောင် လုပ်တာဆိုတာလည်း   ဖြစ်နိုင်ပါတယ်။ အဲဒီဟာက အဓိပ္ပာယ်ဖွင့်တာ သိပ်အရေးကြီးပါတယ်။ ဘယ်သူမှ မတိုင်ပင်ဘူး။ ငါက Independent ပဲဆိုတာမျိုး၊ ဒီလိုရပ်တည်တယ် ဆိုရင်လည်းဘယ်မှန်နိုင်မလဲ။ အဲဒီတော့ မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံကိုတော့ လုံးဝလက်ခံပါတယ်။

မေး။    ။ ပါတီအတွက် အရေးကြီးလို့ CECက ဆုံးဖြတ်ရမယ့် အချက်တွေကို ရန်ကုန်ဗဟိုဌာနချုပ်ရုံးမှာပဲ ဆုံးဖြတ်တာလား။ နေပြည်တော်မှာ ဆုံးဖြတ်ကြတာလား။

ဖြေ။     ။ တချို့ဟာတွေ သူတို့ဆုံးဖြတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် ပြောရရင်တော့ အနည်းစုပါ။ အဓိကကတော့ CECအနေနဲ့တော့ ဗဟိုအနေနဲ့ပဲ ဆုံးဖြတ်ပါတယ်။ အနည်းစုကိုလည်း ကျွန်တော်တို့ သဘောမတူကြောင်းလည်း ပြောခဲ့တယ်။ ။ ဆက်သွယ်ရေးတွေ အပေါ်လည်းမူတည်တာပေါ့ဗျာ။ တချို့ အမိန့်တွေမှာ ကျွန်တော်တို့ မသိလိုက်ဘူး၊ မြို့နယ်တစ်ခုက လူအစားထိုးတဲ့ ကိစ္စတွေပေါ့။  ကျွန်တော်တို့ မသိဘဲအမိန့်တွေ ထွက်တယ်။ ဒါမျိုးမလုပ်သင့်ဘူးဆိုတာကို ကျွန်တော်တို့ ဆွေးနွေးတာပါ။ သူတို့ကလည်း အရေးပေါ်ပေါ့ဗျာ။ အရေးပေါ်ဆိုတိုင်းလည်း(ပါတီစည်းမျဉ်း၊ စည်းကမ်း) ဥပဒေတွေကို ချိုးဖောက်လို့တော့ ဘယ်ရမလဲဗျာ။

မေး။    ။ ပါတီတွင်းမှာ အုပ်စုဖွဲ့တဲ့ ပုံစံတွေများ မြင်နေရပါသလား။

ဖြေ။     ။ ကျွန်တော်က မဖွဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ရိုးရိုးပဲ ပြောပါ့မယ်။ မီဒီယာတွေက ကျွန်တော်တို့ကို အုပ်စုဖွဲ့ခိုင်းချင်နေတာ။ ဦးဉာဏ်ဝင်းနဲ့ ဦးဝင်းထိန်နဲ့က အုပ်စုပေါ့။ ဘယ်သူမှလည်း မလုပ်ပါဘူး။ အဲဒါကိုမီဒီယာတွေက အဲဒီလိုရေးတာပါ။  ဖြစ်စေချင်လို ့ရေးနေတာလားတော့ မသိပါဘူး။  ကျွန်တော်တို့မှာ အဲဒီလိုမျိုး မရှိပါဘူး။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly