၂၀၁၆ ခုနှစ် ဖီဖာကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု၊ နည်းပြဆုနှင့် အလှဆုံး သွင်းဂိုး Puskas ဆုများအတွက် ဆန်ခါတင် (၃) ဦးစာရင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ သောကြာနေ့ ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုအတွက် ဆန်ခါတင် (၃) ဦး စာရင်းတွင် ဘာစီလိုနာရဲ့ မက်ဆီ၊ ရီးယဲလ်ရဲ့ စီရော်နယ်လ်ဒိုနှင့် အက်သလက်တီကိုရဲ့ ဂရစ်ဇ်မန်းတို့ ပါဝင်ခဲ့ပါတယ်။
ဒီဆုအတွက် မဲပေးရွေးချယ်ရာမှာ လက်ရွေးစင်အသင်း ခေါင်းဆောင်နှင့် နည်းပြများရဲ့ ဆန္ဒမဲ (၅၀) ရာခိုင်နှုန်းကို ရယူမှာဖြစ်ပြီး ကျန် မဲ (၅၀) ရာခိုင်နှုန်းကိုတော့ ပရိသတ်များက အွန်လိုင်းမှ တစ်ဆင့် မဲပေးမှုနှင့် ကမ္ဘာတစ်လွှားရှိ မီဒီယာ (၂၀၀) ကျော်ထံမှ ဆန္ဒမဲကို ရယူ ဆုံးဖြတ်သွားမှာလို့ သိရှိရပါတယ်။
ဖီဖာက တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနာမည်နဲ့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သီးခြား ချီးမြှင့်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ပူးပေါင်းပြီး Ballon d'Or ကမ္ဘာ့အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းမှာ ဖီဖာက ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့် လမ်းခွဲလိုက်တာကြောင့် ဖီဖာက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို The Best အမည်နဲ့ အသုံးပြုသွားမှာဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ Ballon d'Or နာမည်ကို ဆက်လက်အသုံးပြုပြီး ဥရောပအကောင်းဆုံးဘောလုံးသမားဆုအဖြစ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။
ဖီဖာ တစ်နှစ်တာအကောင်းဆုံးဆုများအတွက် ဆုပေးပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ(၉)ရက်မှာ ဇူးရစ်မြို့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါဆုတွေ အားလုံးကို ကြေညာသွားမှာဖြစ်ပါတယ်။
၂၀၁၆ ဖီဖာ တစ်နှစ်တာအကောင်းဆုံးဆုများအတွက် ဆန်ခါတင် စာရင်း
အကောင်းဆုံး သွင်းဂိုး Puskas ဆုအတွက် ဆန်ခါတင် (၃) ဦး
မာလွန် (ကိုရင်သီဟန်)၊ ရိုဒရီဂွက် (ဗင်နီဇွဲလား)၊ ဖာဇီ ဆူဘရီ (Pulau Pinang)
အကောင်းဆုံး အမျိုးသား ဘောလုံးသမား ဆန်ခါတင် (၃) ဦး
မက်ဆီ (ဘာစီလိုနာ)၊ စီရော်နယ်လ်ဒို (ရီးယဲလ်)၊ ဂရစ်ဇ်မန်း (အက်သလက်တီကို)
အကောင်းဆုံး အမျိုးသမီးဘောလုံးသမား ဆန်ခါတင် (၃) ဦး
ကာလီလွိုက်(အမေရိကန်)၊ မာတာ(ဘရာဇီးလ်)၊ ဘာရင်ဂါ(ဂျာမနီ)
အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင် (၃) ဦး
ရာနီရေရီ (လက်စတာ)၊ ဖာနန်ဒိုဆန်းတို့စ် (ပေါ်တူဂီ)၊ ဇီဒန်း (ရီးယဲလ်)
အကောင်းဆုံး အမျိုးသမီးနည်းပြဆုအတွက် ဆန်ခါတင် (၃) ဦး
ဂျီးလ်အဲလစ် (အမေရိကန်)၊ ဆယ်လ်ဗီယာနိဒ်(ဂျာမနီ)၊ ပီယာဆန်းဟေ့ချ်(ဆွီဒင်)