ဖီဖာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဆန်ခါတင် (၃) ဦးစာရင်းအတွက် ရာနီရေရီ၊ ဖာနန်ဒိုဆန်းတို့စ်၊ ဇီဒန်းတို့ကို ရွေးချယ်

ဖီဖာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဆန်ခါတင် (၃) ဦးစာရင်းအတွက် ရာနီရေရီ၊ ဖာနန်ဒိုဆန်းတို့စ်၊ ဇီဒန်းတို့ကို ရွေးချယ်

ဖီဖာရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး အမျိုးသားနည်းပြဆု ဆန်ခါတင် (၃) ဦး စာရင်းအတွက် အီတလီလူမျိုး ရာနီရေရီ၊ ပေါ်တူဂီလူမျိုး ဖာနန်ဒိုဆန်းတို့စ်နှင့် ပြင်သစ်လူမျိုး ဇီဒန်းတို့ ရွေးချယ်ခံရတယ်လို့ သိရှိရပါတယ်။

နည်းပြ ရာနီရေရီဟာ လက်စတာကလပ်ရဲ့ သမိုင်းမှ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆုဖလားကို အသင်းအတွက် ရယူပေးနိုင်ခဲ့တဲ့အတွက် အခုလို အကောင်းဆုံးနည်းပြစာရင်းမှာ ပါလာပြီး နည်းပြသက်တမ်း နှစ် ၃၀ နီးပါး အဓိကလိဂ်ဖလား အနိုင်ရရှိခဲ့ခြင်းမရှိတဲ့ အီတလီလူမျိုးနည်းပြအတွက် ပထမဦးဆုံးအကြိမ် အဓိကဖလားတစ်ခု ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲအစမှာ ပေါ်တူဂီတို့ ရုန်းကန်ခဲ့ရပေမယ့် ဗိုလ်လုပွဲမှာ အိမ်ရှင် ပြင်သစ်ကို အနိုင်ယူပြခဲ့ပြီး ပေါ်တူဂီတို့ ပထမဆုံးအကြိမ်အဖြစ် အဓိကဆုဖလားကို ဆွတ်ခူးရရှိခဲ့တာကြောင့် နည်းပြ ဖာနန်ဒိုဆန်းတို့စ်အနေနဲ့ အခုလို ရွေးချယ်ခံရတာဖြစ်ပါတယ်။

နည်းပြ ဇီဒန်းဟာ ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်ရဲ့ နေရာကို နှစ်အစပိုင်းမှာ ဆက်ခံခဲ့ပြီးနောက် ချန်ပီယံလိဂ် ဗိုလ်လိုပွဲမှာ အက်သလက်တီကိုနှင့် ယူအီးအက်ဖ်အေ စူပါဖလားမှာ ဆီဗီလာတို့ကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အကောင်းဆုံး ဆန်ခါတင် (၃) ဦး စာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး နည်းပြဆုကို ဘာစီလိုနာ နည်းပြ စပိန်လူမျိုး အင်းနရစ်က ရရှိခဲ့ပြီး ဖီဖာ တစ်နှစ်တာအကောင်းဆုံးဆုများအတွက် ဆုပေးပွဲအခမ်းအနားကို လာမယ့်နှစ် ဇန်နဝါရီလ(၉)ရက်မှာ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly