နယ်စပ်ဒေသ ငြိမ်းချမ်းရေးကိစ္စ မြန်မာအစိုးရနဲ့ တရုတ် တိုက်ရိုက်ဆွေးနွေးမယ်

နယ်စပ်ဒေသ ငြိမ်းချမ်းရေးကိစ္စ မြန်မာအစိုးရနဲ့ တရုတ် တိုက်ရိုက်ဆွေးနွေးမယ်
Photo-EPA

တရုတ်နိုင်ငံဘက်မှ ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံရဲ့မီဒီယာကိုယ်စားလှယ်အဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၉ ရက်မှာ ကူမင်းမြို့၊ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို သွားရောက်ခဲ့ကြပြီး   မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်တဲ့ အဓ်ိကအကြောင်းအရာတွေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသမှ ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ပက်သက်ပြီး ဘယ်လိုကြိုတင်စီမံခြင်းများရှိလဲဆိုတာကို မေးမြန်းခဲ့ကြပါတယ်။

 ယူနန်ပြည်နယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဒါရိုက်တာ မစ္စတာဝမ်ဝေ(Wang Wei) က ကူမင်းမြို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့နဲ့   နို၀င်ဘာ၂၉ရက်နေ့မှာ  တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့  Myanmar Golden Phoenix(ရွှေဇာမဏီဂျာနယ်) နဲ့ မြန်မာပြည်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အမေးအဖြေပြုလုပ်ခဲ့ပါတယ်

မေး။ ။ နိုဝင်ဘာ၂၀ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားအရေအတွက် ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အခုချိန်ထိတော့ တရုတ််ပြည်နယ်စပ်တစ်ဖက်ကမ်းကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားအရေအတွက် ၁၄၀၀၀ လောက်ရှိပါပြီ။

မေး။ ။ အခုလိုထွက်ပြေးလာတဲ့မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေက ဘယ်မှာ နေရာချထားပေး ပါသလဲ။

ဖြေ။ ။ နယ်စပ်ဒေသမှာရှိတဲ့ မန်ရှီ(Mangshi) နဲ့ ၀န်ဒင်း(Wanding) တို့မှာ ပြန်လည်နေရာချထားရေးစခန်းတွေ ကိုဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံသားတွေအတွက် အကူအညီတွေပေးနေပါတယ်။ တစ်ချို့မြန်မာနိုင်ငံသားတွေက တော့ တရုတ်ပြည်မှာရှိတဲ့ သူတို့ရဲ့ဆွေမျိုးတွေနဲ့ လောလောဆယ်အတူနေ နေကြပါတယ်။ ပြန်လည်နေရာချထား ရေးစခန်းထဲမှာနေထိုင်နေကြတဲ့သူတွေအတွက်တော့ တရုတ်ဘက်က နေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့ ဆန်၊ဆီ ဟင်းချက်စရာတွေကို အမြောက်အမြား ထောက်ပံ့ပေးနေပါတယ်။ ဒါ့အပြင် မြန်မာအစိုးရရဲ့မေတ္တာရပ်ခံချက်ကြောင့် မြန်မာဘက်ခြမ်း မူဆယ်မြို့၊ ယာယီနေရာချထားရေးစခန်းမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကိုပါ တရုတ်ဘက်က ထောက်ပံ့ကူညီပေးနေပါတယ်။

 မေး။ ။ ဘယ်အချိန်မှာ တရုတ်အစိုးရဘက်က ပဋိပက္ခကြောင့်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေ ကို လက်ခံခေါ်ယူထားခြင်းကနေ ရပ်ဆိုင်းမှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ မကြာခင်အချိန်အတွင်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်သွားဖို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်ယုံကြည်သလိုမျိုး   နေအိမ်ကိုလွမ်းဆွတ်နေတဲ့   မြန်မာနိုင်ငံသားတွေလည်း သူတို့အိမ်တွေဆီကို ပြန်သွားနိုင်ပါမယ်။ အခြားတစ်ဖက်မှာတော့ တရုတ်ဘက်ခြမ်းက သူတို့အိမ်ကို ပြန်သွားဖို့ အတင်းအကြပ်တွန်းအားပေးသွားမှာ မဟုတ်ပါဘူး။

 မေး။ ။ တရုတ််အစိုးရဘက်ကရော ပဋိပက္ခတွေကို မြန်နိုင်သမျှ မြန်မြန်အဆုံးသတ်သွားစေဖို့  ကြားဝင် ညှိုနှိုင်းဆွေးနွေးပေးမယ့်အစီအစဉ်တွေ ရှိပါသလား။

ခင်ဗျားတို့သိတဲ့အတိုင်းပါပဲ။ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံမှ နိုင်ငံခြားဝန်ကြီးဌာနတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန တွေကြားက ပထမဦးဆုံးအစည်းအဝေးပွဲဖြစ်တဲ့ တရုတ်-မြန်မာ အဆင့်မြင့်ညှိုနှိုင်းတိုင်ပင်မှုကို   ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၆ရက်နေ့က ကျင်းပခဲ့ ပါတယ်။ အဲ့ဒီ့အစည်းအဝေးပွဲမှာ တရုတ်က မြန်မာပြည်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်သွားဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထူးသံတမန်ဟာ ဒီကိစ္စထဲမှာပါ၀င်ပတ်သက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း   ဆွေးနွေးပြောဆိုဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်ဟာ ဒီလက်နက်ကိုင်ပဋိပက္ခကို စောစောအဆုံးသတ်သွားစေဖို့ မျှော်လင့်ပြီး ဒီပဋိပက္ခထဲမှာပါ၀င်ပက်သက်ကြသူတွေအနေနဲ့ အပစ်အခတ်ရပ်စဲဖို့၊   ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ကိုလည်း တရုတ်ဘက်က ကူညီနိုင်ပါတယ်။ မြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ တရုတ််နယ်နမိတ်အတွင်းကို အမြှောက်ဆံတွေကျရောက်ခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ဝန်ဒင်း(Wangdin)မှာလည်း ပဋိပက္ခတွေစတင်ပေါ်ပေါက်လာကတည်းက ကျောင်းတွေ ပိတ်ထားရပါတယ်။

မေး။ ။ အချို့နိုင်ငံခြားသတင်းမီဒီယာတွေရဲ့အဆိုအရ တရုတ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကို အကူအညီထောက်ပံ့ပေးနေပြီး ပဋိပက္ခစတင်ဖြစ်ပွားကတည်းက အဲဒီအဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံထဲကို ၀င်ရောက်လာခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်မှ ဘယ်လိုများတုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ အကယ်၍ ဒဏ်ရာရရှိနေတဲ့မည်သူမဆို တရုတ်နိုင်ငံကိုလာခဲ့မယ်ဆိုရင် တရုတ််အာဏာပိုင်တွေက သူတို့ကို ဦးစားပေးအနေနဲ့ ဆေးကုသမှုထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေမှာ ဒဏ်ရာရနေတဲ့သူဟာ ဘယ်သူဘယ်ဝါဆိုတာကို စုံစမ်းဖို့အချိန် ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အလေးထားလိုတာကတော့ တရုတ်အစိုးရဲ့ရပ်တည်ချက်   ဖြစ်ပါတယ်။ အဲ့ဒါကတော့ တစ်စုံတစ်ယောက်ရဲ့ အပြုအမူဟာ နယ်စပ်ဒေသရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကိုလျော့ပါးစေမယ်ဆိုရင် ဘယ်သူရဲ့လုပ်ဆောင်ချက်ကိုမှ လက်သင့်ခံမှာမဟုတ်ခြင်း၊ တစ်စုံတစ်ယောက်ဟာ သူတစ်ပါးကိုတိုက်ခိုက်ရန်ပြုဖို့အတွက် တရုတ်နိုင်ငံကို  မှီခိုခြင်းကို လက်သင့်ခံမှာမဟုတ်တာတို့ပဲ ဖြစ်ပါတယ်။   ငြိမ်းချမ်းရေးကို   နိုင်ငံရေးနည်းလမ်းတွေမှတဆင့်   ဖော်ဆောင်နိုင်ဖို့ကိုပဲ မျှော်လင့်ပါတယ်။ မြန်မာမီဒီယာတွေဟာ တိကျမှန်ကန်ပြီး ပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို ရရှိသွားမယ်လို့ ကျွန်တော်တို့   မျှော်လင့်ပါတယ်။

မေး။ ။ အခုလိုလက်နက်ကိုင် ပဋိပက္ခတွေကြောင့် တရုတ်အစိုးရအနေနဲ့ ရှမ်းပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖို့ ဒါမှ မဟုတ် ပူးပေါင်းဆောင်ရွက်သွားဖို့အစီအစဉ် ရှိပါသလား။

ဖြေ။ ။ ကျွန်တော်ရဲ့အမြင်အရတော့ ဆွေးနွေးဖို့လိုအပ်လာမယ်ဆိုရင် တရုတ်အစိုးရဟာ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရအဖွဲ့နဲ့ပဲ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ထင်ပါတယ်။

မေး။ ။ မြန်မာပြည်သူတွေထင်ထားတာကတော့ တရုတ်နိုင်ငံဟာ လက်ရှိ ပဋိပက္ခ တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေမယ်ဆိုတာပါ။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား။

ဖြေ။ ။ တရုတ်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံဟာ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမကဘဲ အကောင်းဆုံးသူငယ်ချင်းအဖြစ် ရှိနေတာပါ။ မကြာခင်အချိန်အတောအတွင်းမှာ   ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကို တွေ့မြင်ရဖို့ကိုပဲ မျှော်လင့်နေပါတယ်။ တရုတ်နိုင်ငံဟာ အရင်လိုပဲ မြန်မာနိုင်ငံအပေါ်ကို အပြောင်းအလဲမရှိ အကူအညီတွေ ဆက်လက်ထောက်ပံ့သွားမှာပါ။   မြန်မာနိုင်ငံအပေါ် အန္တရာယ်ဖြစ်စေမယ့်ဘယ်လိုအတိုင်းအတာကိုမှ လုပ်ဆောင်သွားဖို့မရှိပါဘူး။

 နို၀င်ဘာလ၂၀ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအောင်းတိုင်းရင်းသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာတိုင်းရင်းသားများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ ရခိုင်တပ်မတော် (AA) နဲ့ မြန်မာနိုင်ငံကာကွယ်ရေးတပ်မတော်တို့ ကြားမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ပွားမှုတွေကြောင့် တရုတ်-မြန်မာနယ်စပ်ဒေသမှာရှိတဲ့ မြန်မာနိုင်ငံသားအများအပြားဟာ အိုးအိမ်စွန့်ခွာပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြပါတယ်။ ထွက်ပြေးလာတဲ့မြန်မာ နိုင်ငံသားတွေကို တရုတ်အစိုးရက နေစရာအကာအကွယ်နဲ့ အကူအညီထောက်ပံ့ပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags