Facebook ပေါ်မှာ Celebrity တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်မလဲ

Facebook ပေါ်မှာ Celebrity တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်မလဲ

Facebook ကို လူငယ်တိုင်း အကြောင်းအမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်။ တစ်ချို့က ဗဟုသုတရှာတယ် တစ်ချို့က အပေါင်းအသင်း ရှာကြတယ်။ နောက်ပြီး ကိုယ့်ရဲ့ အိပ်မက်ကမ္ဘာကိုလည်း အကောင်အထည် ဖော်နိုင်ပါသေးတယ်။ ဒီတော့ Facebook ပေါ်က စိတ်ကူးယဉ်ဘဝတွေက ဘယ်လိုတွေရှိမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်/ အင်ဂျင်နီယာကြီး ဖြစ်နိုင်သလို ဆရာဝန်ကြီးလည်း ဖြစ်နိုင်ပါတယ်။ Facebook ပေါ်မှာ Celebrity ဖြစ်ချင်တဲ့သူ တစ်ယောက်ရဲ့ အဖြစ် အပျက်လေးတွေကို တင်ဆက်ပေးထားပါတယ်။

 

အလုပ်များချင်ယောင် ဆောင်တာ

အလုပ်က မယ်မယ်ရရ လုပ်မနေသော်လည်း အလုပ်တွေ အလွန်များပြားစွာ လုပ်နေရတဲ့အကြောင်း တင်တာ။ “အပေါဆုံးက ပိုက်ဆံ၊ အရှားဆုံးက အချိန်” ဆိုတာမျိုး  Facebook ပေါ်မှာ အများသိအောင် ကြွားတာ။

ဘာဖြစ်ဖြစ် FB ပေါ်ရောက်စေမယ်

ပတ်ဝန်းကျင်အခြေအနေနဲ့ အဖြစ်အပျက်အမျိုးမျိုးကို အချိန်တိုင်းတင်နေတာ။ ကိုယ်ကြံုနေရတဲ့ စိတ်ပျက်ဖွယ် အခြေအနေကို တင်ပြီးညည်းတွားတာ။ “ကားကလည်း ကျပ်လိုက်တာ” ၊ “မိုးကလည်း မစဲနိုင်တော့ဘူး” “နေပူချက်က ကြက်ဥတောင် ကြက်တယ်၊ မဖြူတဲ့ အသားတွေတော့ မဲကုန်ပါပြီ” စသဖြင့် တင်တာ။

အထက်အရှာရှိကို Post တင်နည်းနဲ့ အသိပေးတာ

ရုံးပုံမှန်မတက်ပေမယ့် တစ်ခါတစ်လေ ရုံးကိုစောစောရောက်တဲ့အခါ ရုံးစောစော လာရတဲ့အကြောင်း ရုံးရှေ့မှာ ဓာတ်ပုံရိုက်ပြီး ကိုယ့် အထက် အရာရှိတွေသိအောင် တင်တာ။ ကိုယ့်ရုံးက ဘယ်လောက်ခမ်းနားကြောင်း ကြွားတာမျိုးပေါ့။

သုံးနိုင်ကြောင်း ကြွားတာ

စျေးကြီးတဲ့ ကော်ဖီဆိုင်ကောင်းကောင်းကို လကုန်အပြီး ၂၀ ရက်နောက်ပိုင်းမှာ မသွားနိုင်သော်ငြား လစာထုတ်ပြီး ပထမတစ်ပတ်မှာ ကော်ဖီဆိုင်ကောင်းကောင်းသွားပြီး ကော်ဖီကောင်းကောင်း သောက်တတ်တဲ့အကြောင်း တင်တာ။ “ဒီနေ့တော့ ၃၅၀၀ တန် ကော်ဖီလေးနဲ့ပဲ ဦးနှောက် ဆေးလိုက်တယ်” စတဲ့ Post တွေတင်တာ။

လမ်းဘေးဆိုင်တွေမှာ မစားတဲ့အကြောင်း

စျေးကြီးကြီးပေးပြီး အစားကောင်းကောင်း စားပေမယ့် ဒီအစားအစာတွေကို ပုံမှန်စားနေရသလိုမျိုး Post တွေတင်တာ။ တခြားသူတွေ ဟိုတယ်မှာ ဧည့်ခံတာကို ကိုယ့်ပိုက်ဆံမကုန်ပေမယ့် “ဒီနေ့တော့ စီဒိုးနားဟိုတယ်မှာ နေ့လည်စာကို ဖြစ်သလိုလေး စားလိုက်တယ်” စသည်ဖြင့် တင်တာမျိုးပေါ့။

ကောင်မလေးကို သိစေချင်တဲ့ သတင်းစကား

တစ်ခါတစ်လေကျ ကိုယ့်ကောင်မလေး၊ ကိုယ့်ကောင်လေးနဲ့ စိတ်ကောက်ပြီး မခေါ်မပြောဖြစ်နေပေမယ့် ကိုယ်ဘယ်လို ခံစားနေရတဲ့အကြောင်း  သူသိအောင် Post တွေတင်တာ။ “ခရစ္စမတ်က ကိုယ်နဲ့ မဆိုင်သလိုပဲ လက်ဆောင်ပေးမယ့်လူလည်း မရှိဘူး” “ချစ်သူများနေ့ကတော့ ကိုယ့်အတွက် မဟုတ်ပါဘူး” “ရုပ်ရှင်တော့ ကြည့်ချင်တယ် အဖေါ်မရှိလို့ စွန်းကြေကွဲ” စတာမျိုးပေါ့။

အဖေနဲ့ အမေ သိစေမယ်

တစ်ခါ တစ်လေကျ အဖေ၊ အမေတွေနဲ့ စိတ်ကောက်တာပြီး ကိုယ်ဘယ်လို ခံစားနေရတဲ့အကြောင်း သူငယ်ချင်းတွေ သိအောင်၊ ကိုယ့်ကောင်လေး ကိုယ့်ကောင်မလေး သနားလာအောင် Post တွေတင်တာ။ “ပျော်စရာဆိုတာ ကိုယ့်ကမ္ဘာမှာ မရှိပါ၊ ရင်နာစရာတွေ တွေးမိပြန်ရင် ရင်ထဲမှာ” စတဲ့ သီချင်းလေးတွေ ညည်းပြီး တင်တာ။ အဘိဒါန် စာအုပ်ကြီးကို ဓာတ်ပုံရိုက်ပြီး ဒီအဘိဒါန်မှာ “ပျော်ရွှင်မှုဆိုတာ ပါမလာဘူး၊ ငါ့ဘဝမှာလည်း ဒီလိုပဲ” စသဖြင့် တင်တာမျိုးပေါ့။ ဒီနည်းလေးတွေကို Post တင်ပြီး FB မှာ လူကြိုက်များအောင် လုပ်နိုင်တယ်နော် ဒါပေမယ့် ဖုန်းဘေလ်လေးတော့ သတိရှိကြနော် သူငယ်ချင်းတို့။

 

 

(အယ်ဒီတာ့ မှတ်ချက် - ဤအစီအစဉ်သည် လူငယ်အစီအစဉ် ဖြစ်သည့်နည်းတူ လူငယ်များ Facebook ပေါ်တွင် သုံးနှုန်းထားသည့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနှင့် ညီညွတ်ခြင်းမရှိသည့် စာလုံးပေါင်းအချို့ကို ထည့်သွင်းအသုံးပြုထားပါသည်။ မဇ္ဈိမ မီဒီယာမှ စီစဉ်ထုတ်လုပ်သည့် YOPE လူငယ်အစီအစဉ်တွင်လည်း ဖေါ်ပြထားသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags