သက်ရှိ ပန်ချီကားတစ်ချပ် ဖန်တီးခြင်း (သို့မဟုတ်) ဘွန်ဇိုင်း စိုက်ပျိုးရေး

02 December 2016
သက်ရှိ ပန်ချီကားတစ်ချပ် ဖန်တီးခြင်း (သို့မဟုတ်) ဘွန်ဇိုင်း စိုက်ပျိုးရေး
 

ဘွန်ဇိုင်းစိုက်ပျိုးရေးက သမန်ရိုးကျ စိုက်ပျိုးရေးနဲ့ များစွာ ကွာခြားလှပါတယ်။ သက်ရှိ ပန်ချီကားတစ်ချပ်ကို ဖန်တီးရသလိုပေါ့။ စိုက်ပျိုးသူရဲ့ စိတ်ကူးဉာဏ်နဲ့ အပင်ကို ပုံဖော်ပြီး စိုက်ပျိုးရတာလည်း   ဖြစ်ပါတယ်။

ဘွန်ဇိုင်းစိုက်ပျိုးရေးကို တရုပ်နိုင်ငံက ၃ ရာစုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ တရုပ်နိုင်ငံကနေပြီး ဂျပန်နိုင်ငံကို ၁၃ ရာစုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးကိုလည်း ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအကြိမ် ဘွန်ဇိုင်းပြပွဲကိုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၁၈၇၈ ခုနှစ်က စတင်ပြသခဲ့ပါတယ်။ အဲဒီနောက် ၁၉၀၉ ခုနှစ်မှာတော့ လန်ဒန်မြို့မှာ ဒုတိယအကြိမ် ပြသခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြသခဲ့ပြီးတော့ အခုအခါမှာဆိုရင်တော့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနဲ့ စိုက်ပျိုးနေကြပါပြီ။

ဘွန်ဇိုင်းတွေကိုတော့ ယေဘုယျအားဖြင့် ၄ မျိုး ခွဲခြားနိုင်ပါတယ်။ အကြီးစားဘွန်ဇိုင်း၊ အလတ်စားဘွန်ဇိုင်း၊ အငယ်စားဘွန်ဇိုင်းနဲ့ အငယ်ဆုံးစား ဘွန်ဇိုင်းတို့ပဲ ဖြစ်ပါတယ်။ အကြီးစားဘွန်ဇိုင်းကတော့ ၂၆ လက်မမှ ၄၀ လက်မအထိ မြင့်ပါတယ်။ အလတ်စားဘွန်ဇိုင်းကတော့ ၁၂ လက်မမှ ၂၆ လက်မအထိ ရှိပါတယ်။ အငယ်စားဘွန်ဇိုင်းကတော့ ရ လက်မမှ ၁၂ လက်မအထိ ရှိပါတယ်။ အငယ်ဆုံး ဘွန်ဇိုင်း ကတော့ ရ လက်မအောက် ရှိပါတယ်။ ဘွန်ဇိုင်းမျိုးပေါင်း ၁၈ မျိုးခန့် ရှိပါတယ်။

ဘွန်ဇိုင်းပင် ပြုလုပ်တော့မယ်ဆိုရင်တော့ မိမိမှာ အသင့်ရှိနေတဲ့ အရွယ်ရောက်အပင် ဒါမှမဟုတ်လို့ရှိရင် အစေ့ကို ပျိုးပြီးတော့လည်း စိုက်ပျိုးနိုင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မိမိစိုက်ပျိုးမယ့်ပုံစံကို သတ်မှတ်ထားဖို့လိုပါတယ်။ ပြီးရင်တော့ မိမိသတ်မှတ်ထားတဲ့ ပုံစံနဲ့ မကိုက်ညီတဲ့ ကိုင်းများကို ဖြတ်တောက်ဖယ်ရှားပေးရပါမယ်။ မိမ်လိုချင်တဲ့ပုံစံမျိုးရအောင် ဝါယာနဲ့ပတ်ခြင်း ဒါမှမဟုတ်ရင် ကြိုးများနဲ့ချည်ပြီး လိုရာပုံစံ သွင်းပေးလို့ရပါတယ်။ ပင်စည်နဲ့ အကိုင်းအခက်များ ဝေဆာအောင် ရေ၊ မြေ၊ လေ၊ အလင်းရောင်၊ အပူချိန်၊ မြေသြဇာများ ရရှိရေးနဲ့ ပိုးမွှားများ ကင်းစင်ရေးကို အထူး ပြုစုစောင့်ရှောက်ပေးဖို့ လိုပါတယ်။ ပင်စည်နဲ့ အကိုင်းအခက်များ ကြီးထွားလာရင်တော့ ပုံစံသွင်းထားတဲ့ ဝါယာကြိုးများ၊ ကြိုးများကို ဖြုတ်ပြီးတော့ လိုအပ်သလို အသစ် ပြန်လုပ်ပေးရပါတယ်။ အဲလိုမျိုး နှစ်ကြိမ်သုံးကြိမ် ပြုလုပ်ပေးခြင်းအားဖြင့် မိမိလိုရာ ပုံစံကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

မိမိကြိုက်ရာပုံစံကို ရရှိပြီဆိုရင်တော့ ကြိုးများ၊ ဝါယာကြိုးများကို ဖြတ်တောက် ဖယ်ရှားပေးရမှာပါ။ အဲဒီနောက်မှာတော့ အပင်နဲ့ သင့်လျှော်တဲ့ ဘွန်ဇိုင်းပန်းအိုးအတွင်းသို့ ထည့်သွင်း၍ စိုက်ပျိုးနိုင်ပါပြီ။ ဇီဝမြေသြဇာနဲ့ ကြာရှည်ခံ ဓာတ်မြေသြဇာများကို အသုံးပြုပြီး အပင်ရှင်သန်ကြီးထွားမှု ပုံစံထိန်းသိမ်း ကိုင်းဖြတ်ခြင်း အမြစ်ဖြတ်ခြင်း အရေးပေါ် အိုးပြောင်းခြင်းလုပ်ငန်းများကိုလည်း အဆင့်ဆင့် လုပ်ပေးရပါတယ်။

ဘွန်ဆိုင်းစိုက်ပျိုးသူတစ်ဦးက အခုလိုရှင်းပြပါတယ်။

“အစေ့ပေါက်လေးတွေကို ပျိုးတယ်။ အစေ့ပေါက်လေးတွေ ကြီးလာပြီဆိုရင် ဘွန်ဇိုင်းအနေနဲ့ ဖန်တီးတော့မယ်ဆိုတဲ့အတွက် ထပ်ကနေပြီးတော့ ဖြတ်လိုက်တယ်။ ဖြတ်ပြီးတော့ အသားဓာတ် ထွက်အောင် စောင့်လိုက်တယ်။ စောင့်ပြီးလို့ရှိရင် ယာယီအိုး နီးစပ်ရာအိုးတစ်ခုထဲကို ထည့်ဖို့ ကျွန်တော်လုပ်တယ်။ ဘေးအတက်လေးတွေထွက်လာပြီဆိုရင် ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ဖြတ်သင့်တာတွေကို ဖြတ်မယ်။ တစ်ခုသတိထားရမှာက ကိုယ်သုံးမယ့် အိုးမှာ ပိုးမွှားတွေရှိနေသလား မြေကြီးက သန့်နေဖို့လည်း လိုတယ်ခင်ဗျ။ ဖြစ်နိုင်လို့ရှိရင်တော့ ပိုးသတ်ဆေးဘာညာ သုံးတယ်။ ကျွန်တော်ကတော့ ပိုးသတ်ဆေး အားမပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့် မသုံးဘူးပေါ့။ နောက်ဆုံး အရှင်းဆုံးပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘွန်ဇိုင်းစိုက်တဲ့သူတွေအတွက်က ပုရွက်ဆိတ်ကအစ အန္တရာယ်ပဲ။

ဒါဆိုရင်တော့ အစေ့ကစိုက်ထားတဲ့ ပုတောက်ပင်ပါ။

ဒီကောင်က စေ့ကနေစိုက်ထားတာပါ။ ပိတောက်ပင်ဆိုရင် လူတွေကသိတာက အကိုင်းကနေစိုက်တယ်ဆိုတာပဲ သိတယ်။ အဲဒါဆိုရင်တော့ အရိပ်ရပိတောက်ပင်ပဲဖြစ်မှာပါ။ ဘွန်ဇိုင်းပိတောက်ပင် ကျွန်တော် ဖြစ်ချင်တော့ အမြဲတမ်း ပိတောက်စေ့ အပင်ပေါက်ကို ရှာပြီးတော့ပဲ ကျွန်တော်လုပ်ပါတယ်။ ခုနကပြောသလိုပဲ သူများတွေ ဝါယာဝင်းလုပ်တယ်ဆို ကျွန်တော်က မလုပ်ဘူး လိုအပ်တဲ့နေရာလေးတွေမှာပဲ လိုတဲ့ကိုင်းလေးတွေကိုပဲ ကျွန်တော်က ကြိုးလေးနဲ့ဆွဲတယ်။ ကြိုးတွေကို ပြန်ဖြေတဲ့အချိန်မှာလည်း ကိုယ်ပုံစံသွင့်ထားတဲ့ ပုံနဲ့မတူရင်တောင်မှ အနည်းငယ်တော့ နီးစပ်လာပါတယ်။ အဲဒီအခါကျမှ ကိုယ်လိုချင်တဲ့အတိုင်း ဖြတ်သင့်တာဖြတ်မယ်။ မလိုအပ်တာတွေကို ရှင်းထုတ်မယ်ပေါ့။ အဲလိုဆိုရင်တော့ ကိုယ်လိုချင်တဲ့ပုံစံကို ရသွားပြီပေါ့။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly