ငြိမ်းချမ်းရေးအတွက် သတ္တိရှိကြပါ

ငြိမ်းချမ်းရေးအတွက် သတ္တိရှိကြပါ
 

ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ခေတ်တိုင်းခေတ်တိုင်း ကြိုးပမ်းခဲ့ကြတာ အားလုံးအသိဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူ စစ်ပွဲတွေဖြစ်လာခဲ့တာ မှန်သလို စစ်ပွဲတွေဟာလည်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို လက်ယပ်ခေါ်လာခဲ့တဲ့သဘောလည်း ရှိပါတယ်။ ဒီလိုစဉ်းစားတဲ့အခါ စစ်ပွဲတွေရှိနေလို့သာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ရှိလာရတဲ့သဘောပါပဲ။

ငြိမ်းချမ်းရေးကြိုးပမ်းမှုဆိုတာ အင်မတန် ခက်ခဲနက်နဲလှပါတယ်။ ရှုပ်ထွေးပြီး ပြောင်းလဲမှုတွေ အင်မတန်မြန်ဆန်လှတဲ့ အခြေအနေများနဲ့ အလျဉ်မီအောင်လိုက်လုပ်ရတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒ့ါအပြင် တိုက်ပွဲတွေ ပဋိပက္ခတွေဟာ တစ်ပုံစံထဲ တစ်ယောက်ထဲ တချိန်တည်းဖြစ်လာတာမျိုး ပါ၀င်ပတ်သက်နေတာမျိုး မဟုတ်ပါဘူး။ အမျိုးအမယ် စုံလှတဲ့ လူပုဂ္ဂိုလ်တွေ၊ ပုံစံတွေနဲ့   ခြအုံတစ်ခုလို   ဖြစ်နေတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကြိုးပမ်းသူတွေဟာ စိတ်ရှည်ရပါမယ်။ သီးခံနိုင်စွမ်း တည်ငြိမ်နို်င်စွမ်းနဲ့ ထွင်းဖေါက်မြင်နိုင်စွမ်းလည်း ရှိရပါမယ်။ ပေးဆပ်နိုင်စွမ်းရှိရပါမယ်။ ပြိီးတော့ သတ္တိရှိရပါမယ်။

ပုံသဏ္ဍာန်အမျိုးမျိုးအပေါ်အခြေခံပြီး ပဋိပက္ခတွေ တိုက်ပွဲတွေဖြစ်လာတာမို့ ငြိမ်းချမ်းရေးကြိုးပမ်းသူတွေထဲမှာ လည်း အဲဒီ တိုက်ပွဲတွေ ပဋိက္ခတွေနဲ့ ပတ်သက်သူဟူသမျှ ပါ၀င်ဖို့တော့ အရေးကြီးပါတယ်။ ပါ၀င်ပတ်သက်သူတို့ရဲ့အသံကို ကြားကြရဖို့ အရေးကြီးပါတယ်။ ပါ၀င်ပတ်သက်သူတိုင်းရဲ့ အသံကို နားထောင်ကြရမှာလည်း  ဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို လူတိုင်းလိုချင်ကြပါတယ်။ ဒါကတော့ လူသားတိုင်းရဲ့ သန္ဓေပါဆန္ဒပါပဲ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးကို နို်င်ငံသားတိုင်းက လိုလားသလို   နိုင်ငံခေါင်းဆောင်တွေ အားလုံးနဲ့ အဖွဲ့အစည်းအားလုံးကလည်း လိုလားကြတာပါပဲ။ အခြေခံဆန္ဒနဲ့ သန္ဓေပါသဘောအရကြည့်ရင် ငြိမ်းချမ်းရေး မလိုလားတဲ့သူဆိုတာ မရှိပါဘူး။ ဒီအခြေခံအပေါ်မူတည်ပြီးစဉ်းစားရင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုတာ မအောင်မြင်စရာ အကြောင်းမရှိပါဘူး။

အခုတလော ကျွန်တော်တို့တိုင်းပြည်ရဲ့ နေရာဒေသတချို့မှာ တိုက်ပွဲတွေပြန်ဖြစ်လာပါတယ်။ ဒီတိုက်ပွဲတွေကြောင့် လက်ရှိငြိ်မ်းချမ်းရေးကြိုးပမ်းမှုဟာ ပျက်စီးသွားစေနိုင်တယ်ဆိုတာမျိုးတွေကြောင့် စိတ်ပူကြတာ ရှိပါတယ်။ လက်ရှိငြိမ်းချမ်းရေးကြိုးပမ်းမှုရဲ့ အလားအလာကို သံသယဖြစ်ကြတာ ရှိပါတယ်။ ဒီလိုစိတ်ပူတာ သံသယဖြစ်တာဟာ မှားတော့မမှားပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးကြိုးပမ်းမှုရဲ့ သဘော သဘာဝကို အခြေခံမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ တိုက်ပွဲတွေဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေထဲက လက္ခဏာရပ်တစ်ခုဖြစ်တာမို့ ငြိမ်းချမ်းရေးကြိုးပမ်းမှု အဆင့်တဆင့်ဆင့်ရောက်တဲ့အခါ တိုက်ပွဲတွေ ရပ်ပါလိမ့်မယ်။

ဒီရက်အတွင်း စင်ကာပူနိုင်ငံကိုရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းထောက်တွေကို ဖြေကြားရာမှာ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူ့အမြင် သူ့အယူအဆကို အခုလို ထုတ်ပြောလိုက်တာ ရှိပါတယ်။

“ဒီတိုက်ပွဲတွေက ကျမတို့နိုင်ငံမှာ ဖြစ်နေတာကြာလှပါပြီ အဲဒီတိုက်ပွဲတွေဖြစ်တိုင်း ကြောက်နေလို့ ရှိရင်ကျမတို့ အစကတဲက စပြီးတော့ ၂၁ရာစုပင်လုံကို လုပ်မှာမဟုတ်ပါဘူး။ ကျမတို့အနေနဲ့ တိုက်ပွဲတွေဖြစ်လို့ကို ၂၁ရာစုပင်လုံ ညီလာခံကြီး ဘယ့်လောက်လိုအပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြီးတော့ အခုလို ထပ်ပြီးပြောပါတယ်။

“ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာ တကယ်ဘဲ စေတနာလည်းရှိတယ်၊ ပညာလည်းရှိတယ်၊ သတ္တိလည်း ရှိတယ်ဆိုရင် ငြိမ်းချမ်းရေးကို ရအောင်ကို ယူမှာဘဲ၊ ငြိမ်းချမ်းရေးကိုရအောင် မယူလို့ရှိှိရင်   စေတနာ နည်းနေလို့လား၊ ပညာနည်းနေလို့လား၊ သတ္တိနည်းနေလို့လား” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါသေးတယ်။

ဒါကြောင့်မို့ ငြိမ်းချမ်းရေးကြိုးပမ်းမှုအအပေါ် မဇ္စျိမအနေနဲ့ အခိုင်အမာ ထောက်ခံမြဲထောက်ခံလျက်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းကြသူတွေအားလုံး ဒေါ်အောင်ဆန်းစုကြည်ပြောသလို စေတနာ၊ ပညာနဲ့ သတ္တိများ အပြည့်အဝ မွေးနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly