တရုတ်-မြန်မာနယ်စပ် စစ်ပွဲများကြောင့် တရုတ်စစ်တပ်ကို တပ်လှန့်ထားဟု ဆို

တရုတ်-မြန်မာနယ်စပ် စစ်ပွဲများကြောင့် တရုတ်စစ်တပ်ကို တပ်လှန့်ထားဟု ဆို

တရုတ်-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံမြောက်ပိုင်း၊ မူဆယ်ဒေသအနီးတဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်အာဏာပိုင်တွေက တရုတ်စစ်တပ်ကို တပ်လှန့်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုဝင်ဘာ ၃၀ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၀န်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် ယန်ယုဂျန်း (Yang Yujun) က “ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ စစ်တပ်အနေနဲ့ အလေးအနက်ကိုစိုးရိမ်ပူပန်နေပါတယ်။

ကျနော်တို့ လေးလေးနက်နက်ဆော်သြတိုက်တွန်းလိုတာကတော့ ပဋိပက္ခထဲမှာ ပါ၀င်ပက်သက်ကြသူတွေ အနေနဲ့ တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုကိုအလေးအနက်ထားဖို့နဲ့ အလားတူဖြစ်ရပ်မျိုးကို ထပ်မံဖြစ်ပွားခြင်းမှရှောင်ရှားဖို့ရန်နှင့် တရုတ်စစ်တပ်မှ ပိုမိုထိရောက် ကောင်းမွန်တဲ့ အစီအမံတွေနဲ့ထိန်းချုပ်ဖို့လုပ်ဆောင်နေခြင်းများကို သဘောတူလက်ခံရန် သတိပေးနှိုးဆော်ချင်ပါတယ် ” ဟု ပြောသည်။   

လက်ရှိတွင် တရုတ်စစ်တပ်မှ လုံခြံုရေးအစီအမံများ အားဖြည့်နေခြင်း၊ နယ်စပ်တစ်လျှောက်ကို ကင်းလှည့် နေခြင်း၊ ဖြစ်လာနိုင်ဖွယ် ကိစ္စရပ်များအတွက် ပြင်ဆင်နေခြင်း၊ နယ်စပ် ဒေသမှပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းစသည်တို့ကို လုပ်ဆောင်နေပြီဖြစ်သည်ဟု သတင်းထုတ်ပြန်ပြောကြားလိုက်သည်။ တရုတ်အာဏာပိုင်တွေက တရုတ်စစ်တပ်ကို တပ်လှန့်ထားပြီး လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်းမှထွက်ပြေးလာတဲ့မြန်မာနိုင်ငံသားများကို အဆင်ပြေစွာပြန်လည် နေရာချထားပေးနိုင်ရန်နှင့် နယ်စယ်ဒေသမှလူမှုဖွဲ့စည်းပုံများကို ထိန်းသိမ်းရန် ပြင်ဆင်နေပြီဖြစ်တယ် ဟု ယင်းက ပြောသည်။

မူဆယ်ဒေသတွင် ကုန်စည်စီးဆင်းမှုများ လုပ်ဆောင်နေသော်လည်း ယနေ့ မနက် ၅ နာရီခန့်က ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်းကျေးရွာနှင့် မန်လွယ်ကျေးရွာကြား၌ တပ်မတော်စစ်ကြောင်းနှင့် KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့  ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly