အပြန်အလှန် ရင်းနှီးမြုပ်နှံမှု ပဋိညာဉ်အတွက် စင်ကာပူနှင့် မြန်မာ ဆွေးနွေးမည်

အပြန်အလှန် ရင်းနှီးမြုပ်နှံမှု ပဋိညာဉ်အတွက် စင်ကာပူနှင့် မြန်မာ ဆွေးနွေးမည်

စင်ကာပူ၊ ဒီဇင်ဘာ ၁ ။            ။ စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ရင်းနှီးမြုပ်နှံမှု ပဋိညာဉ် ရရှိရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာသည်။

နှစ်ကြိမ်ဝင်ငွေခွန်ကောက်ခံမှု double taxation ရှောင်ရှားခြင်း သဘောတူညီမှု ပြန်လည်မွမ်းမံရေးအပါအဝင် အပြန်အလှန်ရင်းနှီးမြုပ်နှံမှု ပဋိညာဉ်နှင့် ပတ်သက်ပြီး စတင်ဆွေးနွေးရန် ရှိကြောင်း လီရှန်လွန်းက ဆိုသည်။

သမ္မတအိမ်တော်ရာ Istana ရှိ ဂုဏ်ပြုညစာစားပွဲခန်းမ၌ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တည်ခင်းဧည့်ခံသည့် ညစာစားပွဲတွင် ဝန်ကြီးချုပ် လီရှန်းလွန်းက ယခုကဲ့သို့   ပြောကြားခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ ရေရှည် ခိုင်မာသည့် မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် သံတမန်နှစ်ငါးဆယ်ပြည့်မြောက်ချိန် ပိုမိုတွဲလက်များ ခိုင်မြဲစေရေး ကြိုးပမ်းလျက်ရှိကြောင်း လီရှန်လွန်းက   ပြောသည်။

နှစ်နိုင်ငံ၏ စီးပွားရေးဆက်ဆံမှုသည် ခိုင်မာအားကောင်းနေပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုမှာလည်း အပြန်အလှန် တိုးတက်လျက်ရှိနေကြောင်း၊ ယင်းက မြန်မာနိုင်ငံ၏  ရေရှည်အောင်မြင်မှု အပေါ်တွင် စင်ကာပူနိုင်ငံက ယုံကြည်မှု ရှိထားသည်ကို ပြသနေခြင်းဖြစ်ကြောင်း လီရှန်လွန်းက မှတ်ချက်ပြုသည်။

ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည့် နှစ်နိုင်ငံ ဗီဇာမဲ့ သွားရောက်နိုင်ခြင်းနှင့် တစ်ပြိုင်တည်းဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှုပင်ဖြစ်ကြောင်း ၎င်းက ဂုဏ်ပြုစကားဆိုသည်။ “နှစ်နိုင်ငံကြား လေကြောင်းဆက်သွယ်မှုတွေ တိုးမြှင့်သွားနိုင်မယ်လို့လည်း မျှော်လင့်ထားတယ်။ ဒါမှ ကျွန်တော်တို့ နှစ်နိုင်ငံပြည်သူတွေ ပိုမိုလွယ်ကူစွာ အပြန်အလှန် သွားရောက်နိုင်ကြမှာဖြစ်တယ်။”ဟု လီရှန်လွန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သို့ ရည်ရွယ်သည့် ပြောကြားမှုတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုမှာ စင်ကာပူလွတ်လပ်ရေးမရမီ အချိန်များကပင် ရှိခဲ့ကြောင်း လီရှန်လွန်းက ဆိုသည်။

စင်ကာပူတည်ထောင်သူ ၎င်း၏ ဖခင် ဝန်ကြီးချုပ် လီကွမ်ယုက ၁၉၆၅ ခုနှစ် မေလအတွင်း ရန်ကုန်သို့ ရောက်ခဲ့ကြောင်း၊ အိန္ဒိယသို့လည်း အစည်းအဝေးတစ်ရပ် သွားရောက်တက်ခဲ့ရာ   ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ အိန္ဒိယသံအမတ်ကြီးအဖြစ် တာဝန်ယူထားသည့် ဒေါ်ခင်ကြည်က လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း လီရှန်လွန်းက ပြောသည်။

လီကွမ်ယုနှင့် ဒေါ်ခင်ကြည် တွေ့ဆုံမှု ဓာတ်ပုံကို ဒေါ်အောင်ဆန်းစုကြည်အား လက်ဆောင်ပေးလျက် “ဒီဓာတ်ပုံက ကျွန်တော်တို့ ပြည်သူတွေနဲ့ နှစ်နိုင်ငံရယ်၊ ခေါင်းဆောင်တွေရယ်ကြားက  ရေရှည်   ကောင်းမွန်သော ရင်းနှီးသော မိတ်ဖက်ပြုမှုကို အမှတ်ရနေစေပါတယ်။”ဟု လီရှန်လွန်းက ပြောခဲ့သည်။

“တကယ် အံ့သြစရာပါပဲ။ ဒီဓာတ်ပုံလေးက ကျွန်မတို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးခိုင်မာမှုဟာ ကျွန်မတို့ သိထားတာထက် ပိုတယ်ဆိုတာ ပြနေတာပါပဲ။”ဟု ထိုဓာတ်ပုံနှင့် ပတ်သက်ကာ   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက တည်တံ့ခိုင်မြဲကာ နွေးထွေးလျက်ရှိပါတယ်။ ကျွန်မအနေနဲ့ ကျွန်မတို့ နှစ်နိုင်ငံကြား ယခင်ကထက် နားလည်မှုတွေ ပိုရှိလာတယ်လို့ ယုံမှတ်ပါတယ်။”ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များကို သူ့အနေဖြင့် ကြိုဆိုနေကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။ “စင်ကာပူစီးပွားရေးလုပ်ငန်းရှင်တွေဆီက ကျွန်မတို့နိုင်ငံက လုပ်ငန်းရှင်တွေ အနေနဲ့   ငွေကြေးဖော်ဆောင်မှုကို သင်ယူနိုင်ရုံမကဘူး အကျင့်ပျက်အဂတိလုပ်ဆောင်ချက် မရှိပဲ ငွေကြေးရှာနိုင်မှုကို သင်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါဟာ တကယ့်ကို အရေးကြီးပါတယ်။”ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags