"ကချင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတယ်၊ မူးယစ်ဆေးက အလွယ်တကူ ရနေတယ်"

"ကချင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတယ်၊ မူးယစ်ဆေးက အလွယ်တကူ ရနေတယ်"

လိင်တူချစ်သူအမျိုးသားတွေကြား HIV ပြန့်ပွားမှုနှုန်းမှာ ရန်ကုန်က ဗန်ကောက်ထက် များနေတယ်လို့ UNAIDS က ပြောပါတယ်

ရန်ကုန် (Myanmar Now) - ဒေသတွင်း HIV ပြန့်ပွားမှု  အမြင့်ဆုံး ၅ နိုင်ငံအတွင်းမှာ မြန်မာ ပါနေဆဲဖြစ်ပြီး၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ အုပ်စုတွေထဲ HIV ပြန့်ပွားမှုနှုန်းမှာ ရန်ကုန်မြို့က ဗန်ကောက်မြို့ထက် များနေတယ် လို့ ကုလသမဂ္ဂ UNAIDS အဖွဲ့ကြီးရဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံ Mr. Eamonn Murphy က ပြောပါတယ်။  

ဒီအဖွဲ့ကြီးက မြန်မာအစိုးရ၊  နိုင်ငံတကာ အဖွဲ့၊ အစည်းတွေ၊ အရပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့  HIV ကာကွယ်တားဆီး ကုသရေး လုပ်ငန်းတွေ အောင်မြင်ရေး လုပ်ဆောင်လျက် ရှိပါတယ်။

အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာတာဝန်ခံက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ HIV ကာကွယ်တားဆီးရေး၊ ကုသရေး လုပ်ငန်းများရဲ့ လက်ရှိ အခြေအနေ၊ အနာဂတ် အလားအလာတို့အကြောင်း ပြောပြထားပါတယ်။ 

မေး - HIV ကူးစက်မှုနှုန်း၊ HIV ကြောင့် သေဆုံးနှုန်း မြင့်တက်လာသလား၊ လျော့ကျသွားလား။

ဖြေ -    တဖြည်းဖြည်း ကျလာနေတယ်။ လက်ရှိမှာ ငြိမ်နေတဲ့သဘောရှိတယ်။  အင်တိုက်အားတိုက်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လက်ရှိအနေအထားထက် ကျဆင်းသွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အသစ်ဖြစ်ပွားနှုန်းကလည်း ၂ဝ၁ဝ ကနေ ကြည့်မယ် ဆိုရင် ၂၄ ရာခိုင်နှုန်းလောက် ကျလာတယ်။ လူသေဆုံးတဲ့နှုန်းကလည်း ၂ဝ၁ဝ ကနေကြည့်မယ် ဆိုရင် ၄ဝ ရာခိုင်နှုန်းလောက်ကျလာတယ်။ ပြီးတော့ သုံးနှစ်အတွင်းမှာ ဆိုရင်လည်း ART ဆေးတွေကို နှစ်ဆနှုန်းလောက် အထိ တိုးပြီးတော့ ပေးလာနိုင်တယ်။ ဒါက ကောင်းတဲ့အချက်ပါ။ အောင်မြင်မှုရနေတဲ့ အခြေအနေပါ။

မေး - အစိုးရရဲ့ပူးပေါင်းပါဝင်မှုကရော ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ - အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားကောင်းနေတဲ့ အခြေအနေပါ။ အကောင်းဆုံးအချိန်လို့လည်း ပြောလို့ရပါတယ်။ အစိုးရရဲ့အမြင်ကလည်း HIV ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ လိုအပ်တဲ့ ရည်မှန်းချက်တွေရောက်ဖို့အတွက်ကို  နည်းလမ်းအသစ်တွေ ရှာဖွေလုပ်နေတယ်။   HIV/AIDS နဲ့ ပတ်သက်တဲ့ အမျိုးသားမဟာဗျူဟာစီမံကိန်းကြီးလည်း ရှိနေတဲ့အတွက်    အားကောင်းနေတယ်။ အောက်ခြေအဆင့်အထိကို  ART ဆေးရရှိရေး လုပ်ငန်းတွေလည်း ရှိနေတယ်။   ရောဂါဖြစ်ပွားမှုများတဲ့ မြို့နယ်တွေကို ဦးစားပေးပြီး HIV တုန့်ပြန်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာ ရှိတယ်။   အစိုးရက ဦးဆောင် ဦးရွက်လုပ်ပြီး အဖွဲ့အစည်းအကုန်လုံး ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေက တိုးတက်လာတယ်လို့ မြင်ပါတယ်။

မေး - HIV ပြန့်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေတာ ဘယ်မြို့တွေလဲ။

ဖြေ -  ဘယ်မြို့နယ်တွေက အမြင့်ဆုံးဆိုတာ ပြောဖို့ကခက်တယ်။   HIV ပြန့်ပွားမှုနှုန်း အမြင့်ဆုံးရှိတဲ့ မြို့နယ်တွေ၊ အသင့်အတင့်ရှိတဲ့မြို့နယ်တွေ၊ အနည်းဆုံးရှိတဲ့မြို့နယ်တွေ ဆိုပြီးတော့မှ ကျွန်တော်တို့ သတ်မှတ်ထားတယ်။ အခုဆိုရင် အမြင့်ဆုံးမြို့နယ် ၈၄ မြို့နယ်ရှိတယ်။

မေး -  HIV ဖြစ်ပွားမှုနှုန်းကို လျှော့ချဖို့   ဘယ်ဒေသတွေကို အဓိကထားလုပ်ရမလဲ။

ဖြေ -  အစိုးရဘက်ကလည်း အဓိကထားပြီးတော့ လုပ်ရမယ့် ၈၄ မြို့နယ်ဆိုပြီးတော့ သတ်မှတ်ထားတာ ရှိတယ်။  ကချင်၊ ရှမ်းတို့လို မြို့နယ်တွေဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့သူတွေများတဲ့အခါကျတော့ HIV ပြန့်ပွားမှုနှုန်း များတယ်။ ဥပမာ မန္တလေးဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့အုပ်စုတွေ၊ လိင်လုပ်သားတွေ ရှိမယ်၊ ပြီးတော့ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ အုပ်စုတွေလည်းများတော့ အဲဒီ အုပ်စုတွေ ဆိုရင်လည်း HIV ပြန့်ပွားမှုနှုန်း လျှော့ချရေးတွေဆက်လုပ်ဖို့ လိုအပ်တယ်။ ရန်ကုန်မှာဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့သူတွေလည်း ရှိမယ်၊  လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေလည်း များနိုင်တယ်။ မြို့နယ်ရဲ့ ကူးစက်မှုနှုန်းကို ကြည့်ပြီးတော့မှ ဘယ်အချိန်၊ ဘယ်မြို့နယ်တွေမှာ ဘယ်လိုမျိုး ဝန်ဆောင်မှုတွေ လိုအပ်တယ် ဆိုတာကို အစိုးရဘက်ကနေ ဝန်ဆောင်မှုတွေပေးတယ်။

မေး -   HIV နဲ့ပတ်သက်တဲ့ အသိပညာပေးရာမှာ ဘယ်အုပ်စုကို အဓိကထားပြီးလုပ်ရမယ်လို့ မြင်လဲ။

ဖြေ -    အုပ်စုတစ်ခုတည်းကိုလုပ်လို့ မရဘူး၊ အကုန်လုံးကို လုပ်ရမယ်။ မူးယစ်ဆေးသုံးစွဲတဲ့အုပ်စုဆိုရင် HIV ပြန့်ပွားမှုနှုန်းက ၂၈.၅ ရာခိုင်နှုန်း ရှိတယ်။ ဆေးသုံးစွဲတဲ့လူဦးရေခန့်မှန်းချက်က ၈၃,ဝဝဝ လောက်ရှိတယ်။ ပြီးတော့ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ ဦးရေက ၂၅၂,ဝဝဝ လောက်ရှိတယ်။  ပစ်မှတ်ထားရမယ့် အုပ်စုတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့နဲ့ ပတ်သက် ဆက်နွယ်နေတဲ့သူတွေပေါ့။ အထူးသဖြင့် သူတို့ရဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ။ နောက်ပြီးတော့ သူတို့မှာလည်း အမြဲတမ်းလိင်ဆက်ဆံဖက်တွေ ရှိမယ်၊ နောက် လိင်လုပ်သားတွေဆိုရင်လည်း သူတို့နဲ့ လာဆက်ဆံနေတဲ့ ဖောက်သည်တွေကိုလည်း ပစ်မှတ်ထားရပါမယ်။

မေး -  မြန်မာနိုင်ငံရဲ့ HIV ဖြစ်ပွားမှုနှုန်းက အာရှပစိဖိတ်ဒေသတွင်းမှာ ဆိုရင် ဘယ်အတိုင်းအတာမှာ ရှိနေလဲ။

ဖြေ - အာရှပစိဖိတ်ဒေသတွင်းမှာဆိုရင် မြန်မာက အမြင့်ဆုံး ၅ နိုင်ငံအတွင်းမှာ ပါနေတုန်းပဲ။ မြို့နယ် တစ်ခုချင်းစီရဲ့ အဖြေကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်တဲ့ အုပ်စုတွေထဲမှာ HIV ပြန့်ပွားမှုနှုန်းက ရန်ကုန်က ဗန်ကောက်ထက်တောင် များနေတယ်။ လိင်လုပ်သားတွေ ကြားထဲမှာ  ရန်ကုန်က ဒုတိယအမြင့်ဆုံးဖြစ်နေတယ်။  မူးယစ်ဆေးအကြောထဲထိုးသွင်းတဲ့ အုပ်စုထဲမှာ ဆိုရင််လည်း HIV ပြန့်ပွားမှုနှုန်းက ဝိုင်းမော်မြို့ဆိုရင် အမြင့်ဆုံး အဆင့် ၄ မှာ ရှိနေတယ်။ အမြင့်ဆုံး ရှိနေတဲ့ မြို့နယ်တွေကိုလည်း ဦးစားပေးပြီးတော့ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် လုပ်ဖို့ လိုအပ်တယ်။   

မေး - ဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ -  ဒါက ရောထွေးနေတဲ့ ကိစ္စဖြစ်တယ်။ ဥပမာ မူးယစ်ဆေးသုံးစွဲနေတဲ့အုပ်စုက ကချင်ပြည်နယ်မှာ ဆိုရင် များတယ်။ ဘာကြောင့်များလဲဆိုရင် လူငယ်တွေအတွက်က ကချင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတယ်၊ မူးယစ်ဆေးက အလွယ်တကူ ရနေတယ်။ ရလွယ်လွန်းတော့ သုံးစွဲမိတာလည်း ဖြစ်သွားနိုင်တယ်ပေါ့။  လိင်အလုပ်သမားတွေ ရှိမယ်၊ အမျိုးသားအချင်းချင်း ချစ်ခင် စုံမက်တဲ့ အုပ်စုတွေ ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုက အဲဒီကိစ္စနဲ့ပတ်သက်ရင် မပြောချင်၊ မကြားချင်ဘူးပဲ ပြောတယ်။ မကြားချင်၊ မသိချင်တော့ သူတို့ပတ်သက်ရင် ဘယ်လိုနားလည်လို့ရမလဲ။ သူတို့နဲ့ပတ်သက်တဲ့ ကျန်းမာရေးကိစ္စတွေကို မဆွေးနွေးချင်တဲ့ အတွက်ကြောင့်မို့လို့ မသိနိုင်ဘူး။  ဒီအုပ်စုတွေဆိုတာက မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာလည်း ရှိနေတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့က ခွဲခြားဆက်ဆံဖို့ မဟုတ်ဘဲနဲ့ သူတို့ ရှိနေတာကို အသိအမှတ်ပြုပြီးတော့ သူတို့နဲ့ ပတ်သက်တာကို ကျွန်တော်တို့ လေ့လာရမယ်။ သိရမယ်။     

မေး - လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ခက်ခဲနေတဲ့ ဒေသရှိလား။

ဖြေ - လူတွေကို သွေးစစ်ဖို့ တိုက်တွန်းရတာက စိန်ခေါ်မှုအဖြစ်ဆုံးပဲ။ ပြီးရင် ကာကွယ်ရေးဝန်ဆောင်မှုတွေ ပေးရတာကလည်း စိန်ခေါ်မှုတွေဖြစ်နေတယ်။ ကုသမှုကို ပြန်ကြည့်မယ် ဆိုရင်တော့ ART ဆေး အရင်ကထက်စာရင် ပေးနိုင်တဲ့ အရေအတွက်ကလည်း အများကြီး ဖြစ်လာပြီးတော့ ပေးလည်းပေးနိုင်နေပြီ။ ဒါက အောင်မြင်မှုရနေတဲ့ အခြေ အနေ ဖြစ်နေတယ်။ သို့သော်လည်း လူတွေကို HIV ရှိမရှိ သွေးစစ်ခိုင်းဖို့ကတော့ အခက်အခဲ ဖြစ်နေတုန်းပဲ။ HIV ဖြစ်ရင် ခွဲခြားနှိမ်ချ ဆက်ဆံခံရမှာ   ကြောက်တဲ့ အတွက်ကြောင့် သွေး မစစ်ချင်ဘူး။ ရောဂါဖြစ်တာကိုလည်း မသိချင်ဘူး။ တချို့ဆိုရင်လည်း သွေးစစ်ပြီးလို့ ရောဂါရှိမှန်း သိရင်တောင် နေကောင်းနေသေးတယ်ဆိုရင် ဆေးလည်း သွားမကုချင်ဘူးပေါ့။ ဆေးခန်း သွားတယ်၊ ဆေးကုတယ်ဆိုတာ ရုံးကသိရင် အလုပ်ဖြုတ်လိုက်မှာကို ကြောက်တဲ့အတွက် ကုသမှုကို မယူတာလည်း ရှိတယ်။ စောစောစီးစီး သွေးစစ်လို့ ရောဂါရှိမှန်း သိပြီး စောစောစီးစီး ကုသမှုကို ခံယူမယ်ဆိုရင် တခြားရောဂါတွေလည်း ဘာမှ ဖြစ်စရာ အကြောင်း မရှိဘူး။  HIV နဲ့ပတ်သက်တဲ့ရောဂါတွေ ဝင်လာမှာကို ကာကွယ်ရာ ရောက်တယ်။ စောစောစီးစီး ကုသတဲ့သူဟာ သူ့သွေးထဲမှာ ရောဂါပိုးတွေ တော်တော် နည်းသွားမယ်၊ တခြားလူတွေကိုလည်း ကူးစက်မှုနှုန်း လျော့ကျသွားနိုင်တယ်။   

မေး - မြန်မာနိုင်ငံမှာ HIV အရေး လုပ်နေတဲ့ အဖွဲ့တွေ အများကြီးရှိနေတာ ဘယ်လို သက်ရောက်မှု ရှိလာမလဲ။

ဖြေ -   နောက်ပိုင်းကျရင်တော့ အစိုးရဘက်ကပေးတဲ့ ဝန်ဆောင်မှုကိုပဲ အားကိုးရမဲ့အနေအထား ရှိနေတယ်။ ဒါကြောင့်မို့လို့ လက်ရှိ NGO မှာ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေဆိုရင်လည်း အစိုးရဘက်ကို လွှဲပြောင်းပေးတာတွေ ရှိနေတယ်။   တချို့ ART သောက်နေတဲ့လူတွေဆိုရင် အစိုးရဘက်ကို လွှဲပြောင်းပေးနေတာတွေလည်း ရှိတယ်။ အစိုးရဘက်က ရေရှည် အများကြီးပေးနိုင်တယ်။ နောက်တစ်ချက်ကျတော့ အစိုးရဘက်က မလုပ်နိုင်တဲ့ အင်အားတွေရှိတယ်။ ဥပမာ ကာကွယ်ရေးလုပ်ငန်းတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေကြားထဲမှာ လုပ်ဆောင်နေတဲ့ အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေ ဆိုရင်လည်း ဒီနေ့အထိ အစိုးရက လုပ်နိုင်တဲ့ အခြေအနေက နည်းပါးတယ်။   ဥပမာ တချို့ ဦးတည်အုပ်စုဝင်တွေဆိုရင် အစိုးရဌာနတွေဆီကိုသွားဖို့က ဝန်လေးတတ်ကြတယ်။ အဲဒီလိုမျိုးဆိုရင် NGO လိုမျိုး အဖွဲ့အစည်းက ပေးနေတဲ့ ဝန်ဆောင်မှုကို ယူတာက ပိုပြီးတော့ ကြိုက်နှစ်သက်ကြတယ်။ ကုသရေးလုပ်ငန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့က HIV နဲ့ အသက်ရှင် နေထိုင်ကြတဲ့ ဘဝတူတွေ လိုအပ်တယ်။ အချင်းချင်း ဆေးသောက်တဲ့ကိစ္စတွေမှာ ကူညီပေးလို့ ရတယ်။ HIV ကုသရေးနဲ့ ဆေးသောက်တဲ့လုပ်ငန်းတွေက သုံးလ၊ ခြောက်လလောက်နဲ့ပြီးတာ မဟုတ်ဘူး၊ ရေရှည် တစ်သက်လုံး သောက်ရမယ့်လုပ်ငန်း ဖြစ်တာကြောင့် သူတို့ ဘဝတူအချင်းချင်း ကူညီပေးတာက အရမ်း အရေးကြီးတယ်။ ဒါကြောင့်  ဘဝတူအဖွဲ့အစည်းတွေကလည်း သူတို့အခန်းကဏ္ဍနဲ့ သူတို့ ရှိနေတယ်။ ခြံုပြီးပြောရရင် ကျွန်တော်တို့က ခုနက ပူးပေါင်းမှုတွေလိုမျိုး လိုအပ်တယ်၊ တစ်ခုတည်းလုပ်လို့ မရဘူး။ အဖွဲ့ပေါင်းစုံက သူ့ရဲ့ကဏ္ဍအလိုက် ပူးပေါင်းလုပ်ဆောင်တာက ပိုပြီးတော့ ကောင်းတယ်။ ရေရှည်ကျရင်တော့  အစိုးရက လုပ်နိုင်ရင်လုပ်နိုင်သလို နိုင်ငံတကာအဖွဲ့အစည်းတွေက  နောက်ပြန်ဆုတ်ရင်လည်း ဆုတ်သွားနိုင်တယ်။ နည်းပညာပံ့ပိုးတဲ့အပိုင်းက ရပ်တည်လို့ ရတယ်။ လက်ရှိမှာ ဆက်ပြီး လိုအပ်နေမှာက NGO/INGO လိုမျိုးအဖွဲ့အစည်းတွေ လိုမယ်။ အရပ်ဖက်အဖွဲ့အစည်းလိုမျိုးတွေကတော့ ဆက်ရှိနေဦးမှာပဲ။

မေး - HIV ကုသရေးအတွက် သစ်ဥ သစ်ဖု လိုမျိုး ဆေးတွေနဲ့ အမြစ်ပြတ်အောင် ကုနိုင်တယ် ဆိုတဲ့ ကြော်ငြာတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။

ဖြေ - ဒီလိုမျိုးအမြင်မှားမှုတွေကတော့ မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးမှာ ရှိနေတယ်။ သတင်းအချက်အလက် အမှားပေးတာပေါ့၊ ဒါနဲ့ကုရင်ပျောက်တယ်၊ ဟိုဟာနဲ့ကုရင်ပျောက်တယ် ဆိုတာမျိုးပေါ့။ တချို့ကျတော့လည်း ယုံကြည်မှုနဲ့လုပ်တာ၊ တချို့ကျတော့လည်း   ပိုက်ဆံရှာချင်လို့ လိမ်ပြီး လုပ်တာတွေလည်း ရှိတာပေါ့။   သိပ္ပံနည်းကျ ဘာပြောလဲ ဆိုတာကိုပဲ ယုံကြည်ရမယ်။ ဒီနိုင်ငံအရကြည့်မယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူအတွက် အသင့်တော်ဆုံး ကုသမှုနည်းလမ်းကဘာလဲ ဆိုတာကို သတ်မှတ်ပေးလိမ့်မယ်။ အဲဒီကပေးတဲ့ သတင်းအချက်အလက်ကို ကျွန်တော်တို့ကြည့်ရမယ်။ ဒါကိုသုံးသင့်တယ် ဒါကိုမသုံးသင့်ဘူး ဆိုတာကို လမ်းညွှန်ချက်တွေပေးလိမ့်မယ်။ အဲဒါက သတင်းအမှန်ပဲ။   ပထမဦးဆုံး ပြည်သူလူထုအနေနဲ့ သတင်းအချက်အလက်တွေရှိလို့ မသေချာရင် တကယ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို တိုင်ပင်ဆွေးနွေးပြီးတော့ ဒါက ကိုယ့်ကျန်းမာရေးအတွက် အကျိုးပြုသလား အကျိုးယုတ်သလားဆိုတာကို ဝေဖန်ပိုင်းခြားဖို့ လိုအပ်တယ်ပေါ့။ HIV မှ မဟုတ်ဘဲ ဘယ်ရောဂါမဆို အဲဒါကို မေးကြည့်သင့်ပါတယ်။

မေး -  သက္ကရာဇ် ၂ဝ၃ဝ မှာ AIDS က ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ ရောဂါ မဖြစ်အောင် လုပ်ဆောင်သွားမယ် ဆိုတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မျှော်မှန်းချက်အကြောင်း ရှင်းပြပါဦး။

ဖြေ - တကယ်လို့ အစိုးရက လိုအပ်တဲ့ အရင်းအမြစ်တွေ အလုံအလောက်ရှိမယ်၊ ပြုပြင်ပြောင်းလဲသင့်တဲ့ ပေါ်လစီတွေဆိုရင်လည်း ပြုပြင်ပြောင်းလဲပြီး၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ လိုအပ်တာ လုပ်ပေးနိုင်တယ်ဆိုရင် ၂ဝ၃ဝ မှာ AIDS ရောဂါ နဲ့ပတ်သက်ပြီးတော ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ရောဂါတစ်ခုအဖြစ်မမြင်နိုင်တော့တဲ့ အခြေအနေတစ်ခုကိုရနိုင််မယ်လို့ ယုံကြည်ပါတယ်။   ကျွန်တော်တို့ သိရမှာက HIV ရောဂါပိုးဆိုတာက အရှင်းမပျောက်သေးဘူး ဒါကြောင့်မို့လို့ HIV နဲ့အသက်ရှင်နေတဲ့သူကတော့ ဆက်ရှိနေမှာပဲ။ ၂ဝ၃ဝ ကိုရည်မှန်းထားတယ်ဆိုတာက HIV ကို လုံးဝ အရှင်းပျောက်တယ်လို့ ပြောချင်တာ မဟုတ်ဘူး။   လူတိုင်းမှာ ကုသမှုတွေရမယ်၊ HIV ဖြစ်ပွားနှုန်းတွေ ကျလာမယ်၊ ဆေးကုသမှုတွေ မြင့်တက်လာမယ် ဆိုတာကို ပြောချင်တာ။ အစိုးရဆိုတဲ့နေရာမှာ ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းကို ပြောချင်တာမဟုတ်ဘူး၊ တခြား သက်ဆိုင်ရာဝန်ကြီးဌာနတွေပါမယ်။ လွှတ်တော်အပိုင်းကလည်း အရေးကြီးပါတယ်။  ဥပဒေပြုရေးအပိုင်းမှာ HIV ဥပဒေ ဆိုပြီးတော့ လုပ်ထားတာရှိတယ်။ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ပိုပြီးတော့ ပပျောက်အောင်လို့ ဒီ ဥပဒေကလည်း ကူညီနိုင်မယ်လို့ ယုံကြည်တယ်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags