ကွန်ပျူတာဖောက်ထွင်းမှု အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

ကွန်ပျူတာဖောက်ထွင်းမှု အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီက အသုံးပြုခဲ့သည့် လျှို့ဝှက်ဖောက်ထွင်းရေး ပရိုဂရမ်တစ်ခုနှင့် ပတ်သက်သော နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုတွင် တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတစ်ဦးကို သေဆုံးလျှက်တွေ့ရှိကြရပြီး မိမိကိုယ်မိမိ သတ်သေခဲ့ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၉ရက်နေ့တွင် ပြောကြားခဲ့သည်။

အသက် ၄၅နှစ်အရွယ် အမျိုးသားထောက်လှမ်းရေးှဌာန (NIS)မှ အဆိုပါအရာရှိကို ဇူလိုင်လ ၁၈ရက်နေ့က ဆိုးလ်မြို့တော်၏ တောင်ဘက် ၂၅မိုင်အကွာ ယုံဂျင်ရှိ တောင်တက်လမ်းမပေါ်တွင် ၎င်း၏ ကားအတွင်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြခြင်းပင် ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မိသားစုအမည် လင်ဟုသာသိရသည့် အဆိုပါ ထောက်လှမ်းရေးအရာရှိမှာ ၎င်း၏ ကားအတွင်းတွင် NISက အငြင်းပွားဖွယ် ဖောက်ထွင်းရေးပရိုဂရမ်ကို မည်ကဲ့သို့အသုံးချခဲ့ပုံ အသေးစိတ်ကို ဖော်ပြထားသည့် သေတမ်းစာကို ရေးသား ချန်ထားရစ်ခဲ့ပြီးနောက် မိမိကိုယ်မိမိ သတ်သေခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။

တောင်ကိုရီးယားအစိုးရနှင့် NIS အရာရှိများက ပရိုဂရမ်ကို အီတလီကုမ္ပဏီတစ်ခုထံမှ ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ပြုံယမ်းကို ရင်ဆိုင်ရာတွင် ဆိုးလ်၏ ဆိုက်ဘာစစ်ပွဲစွမ်းရည်ကို မြှင့်တင်ရာတွင်သာ အသုံးပြုခဲ့ပြီး။ ပြည်တွင်းတွင် အသုံးမပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် အတိုက်အခံအမတ်များကမူ NISက တောင်ကိုရီးယားနိုင်ငံသားများကို ထောက်လှမ်းရန်အတွက် ပရိုဂရမ်ကို အသုံးပြုခဲ့သည်ဟု စောဒကတက်ခဲ့ကြသည်။

ပါလီမန် ထောက်လှမ်းရေးကော်မတီ၏ အကြီးအကဲ အာဏာရပါတီအမတ်တစ်ဦးဖြစ်သည့် လီချဲဝူးကမူ လင်မှာ ပရိုဂရမ်ကို ဝယ်ယူခဲ့ပြီး ထောက်လှမ်းရေးဆော့ဖ်ဝဲများ တပ်ဆင်ခြင်းဖြင့် စမတ်ဖုန်းနှင့် ကွန်ပျူတာများကို ခြေရာခံနိုင်စေမည့် ဖောက်ထွင်းရေးပရိုဂရမ်ကို ကြီးကြပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် လင်၏ သေတမ်းစာမိတ္တူတွင်မူ လင်က NIS အနေဖြင့် တောင်ကိုရီးယားနိုင်ငံသားများကို မထောက်လှမ်းခဲ့ကြောင်းနှင့် ပရိုဂရမ်နှင့် ပတ်သက်သည့် ဖိုင်များကို ဖျက်မိသည့်တွက် တောင်းပန်ပါကြောင်း ပြောကြားထားသည်ဟု ဆိုသည်။  

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (NIS)မှာ ၁၉၈၀ခုနှစ်များတွင် ဒီမိုကရေစီသို့ မကူးပြောင်းမီအထိ ဆယ်စုနှစ်များစွာ နာမည်ဆိုးထွက်ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး၊ ခေတ်သစ် အသွင်သစ် အဖွဲ့အစည်းမှာလည်း ရွေးကောက်ပွဲ စွက်ဖက်ခြယ်လှယ်မှုအပါအဝင် အရှုပ်တော်ပုံများစွာနှင့် ရင်ဆိုင်နေရသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly