အမျိုးသမီးတို့ရဲ့ ငြိမ်းချမ်းရေးအိပ်မက်များ

30 November 2016
အမျိုးသမီးတို့ရဲ့ ငြိမ်းချမ်းရေးအိပ်မက်များ
 

ခိုင်ရွှေရည်

(အစီအစဉ်တင်ဆက်သူ)

မင်္ဂလာပါရှင်။ အမျိုးသမီးနှင့် ငြိမ်းချမ်းရေးအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုတွေ မငြိမ်းချမ်းတဲ့ ဒေသတွေက အမျိုးသမီးတွေရဲ့ ဘဝတွေရဲ့ ခက်ခဲရုန်းကန်မှုတွေကို ကြည့်ကြရမှာပါ။

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင် အဖွဲ့တွေလည်း များပြားပြီး စစ်ကြောင့်ပဲ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ နှေးကွေးခဲ့ ရပါတယ်။ အဲဒီအထဲမှာ အကျယ်အဝန်းအားဖြင့် အသေးငယ်ဆုံးဖြစ်တဲ့ ကယားပြည်နယ်က အမျိုးသမီးသုံးဦးရဲ့ ငြိမ်းချမ်းရေးအတွက် မက်ခဲ့ရတဲ့ အိပ်မက်တွေကို မျှဝေခံစားကြည့်ရအောင်ပါ။

နော်ပါလွှဲ (ဗဟိုကော်မတီဝင်)

ကရင်နီ အမျိုးသမီးအစည်းအရုံး

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့က ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေဖြစ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးရှိတဲ့နယ်မြေတွေမှာ ကျွန်မတို့ ငြိမ်းချမ်းပြီး ဘဝလုံခြံုမှုရှိတယ်၊ နောက်ပြီးတော့ စားဝတ်နေရေးအတွက် ပြေလည်မယ်ဆိုရင်တော့ ကျွန်မတို့ ဒီငြိမ်းချမ်းရေးရဲ့ အနှစ်သာရကိုလည်း ကျွန်မတို့ ခံစားချင်ပါတယ်။

နော်ဗွေးဖော

ကရင်နီ ဒုက္ခသည်စခန်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့အချက်ကို သူတို့ တကယ် လိုက်နာကျင့်သုံးမယ်ဆိုရင် ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးကို ရရှိလာမယ်လို့ ကျွန်မ မျှော်လင့်တယ်။ ငြိမ်းချမ်းရေးတည်ဆောက်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ်လို့ ကျွန်မ မျှော်လင့်တယ်။

နော်ပါလွှဲ (ဗဟိုကော်မတီဝင်)

ကရင်နီ အမျိုးသမီးအစည်းအရုံး

ကျွန်မတို့ ဒီ ကရင်နီပြည်နယ်ကို ဖွံ့ဖြိုးပြီး တိုးတက်တဲ့ ပြည်နယ်တစ်ခု ဖြစ်စေချင်တယ်။ အခု ကျွန်မတို့ ဒီဆွေးနွေးပွဲလုပ်တဲ့နေရာမှာဆိုရင် ပညာရေးမှာရော ကျန်းမာရေးမှာရော နိုင်ငံသားဖြစ်ခွင့် အဘက်ဘက်ပေါ့ လူ့အခွင့်အရေးမှာဆိုရင် ကျွန်မတို့ပြည်နယ်မှာ အများကြီး ဆုံးရှုံးတာကို ခံစားနေရပါတယ်။ ဒါကြောင့်မို့ ဒီ ဆုံးရှုံးတဲ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ ပညာရေး၊ ကျန်းမာရေး အားလုံး ပြန်လည်ရရှိဖို့ နောက်ပြီး ငြိမ်းချမ်းတဲ့ပြည်နယ်တစ်ခုဖြစ်ဖို့ စားဝတ်နေရေး ပြေလည်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ကျွန်မတို့ လိုလားပါတယ်။

ကျွန်မတို့ပြည်နယ်မှာဆိုရင် တကယ်လို့ ကျွန်မတို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစေချင်တယ်လေ။ စီမံခန့်ခွဲတဲ့နေရာမှာ ကိုယ့်ဘာသာကိုယ် စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်သွားချင်တယ်။

မမီးမီး

ကရင်နီအမျိုးသမီး အစည်းအရုံး

ကရင်နီပြည်နယ်မှာဆိုရင်တော့ ဒီ မငြိမ်းချမ်းမှုရဲ့ ဒဏ်တွေကို ခံလာရတာ များနေပြီပေါ့နော်။ နှစ်ပေါင်း ၆၀ ကျော်နေပြီး တကယ်ကိုပဲ ခံလာရတာတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေက စစ်ရဲ့ ပဋိပက္ခတွေကို ခံလာရတယ်။ မငြိမ်းချမ်းမှုတွေကို ခံလာရတဲ့အတွက် ကရင်နီပြည်နယ်ကို အမ မြင်ချင်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမျိုးသမီးတွေကလည်း လုံခြံုမှုရှိတဲ့ဘဝ အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ပြီးတော့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေကနေပြီးတော့ ပါဝင်နိုင်တဲ့ ကရင်နီ ပြည်သူပြည်သားတွေ ဖြစ်အောင်လို့ မြင်ချင်တယ်။

နော်ဗွေးဖော

ကရင်နီ ဒုက္ခသည်စခန်း

အမျိုးသမီးအခန်းကဏ္ဍ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးရဲ့ပါဝင်မှုက အရမ်းနည်းနေတယ်။ အဲလိုမျိုး အများအားဖြင့် ငြိမ်းချမ်းရေးပြောနေတဲ့အချိန်မှာ အမျိုးသားတွေပဲများတယ်လေ။ အမျိုးသမီးတွေက သိပ်မရှိသလောက်ပါပဲ။ ကျွန်မမြင်တာက ဒီငြိမ်းချမ်းရေးစကား ပြောနေတဲ့အချိန်မှာ အမျိုးသမီးတွေ စကားပြောနိုင်ပြီဆိုလို့ရှိရင် ပိုမိုထိရောက်မယ်လို့တော့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက ပိုပြီးတော့ စိတ်ရှည်တယ်။ စကားပြောတဲ့အခါမှာလည်း စွဲဆောင်နိုင်အောင် အပြောအဆိုရော အမူအရာရော လုပ်နိုင်တယ်ဆိုတော့ တစ်ဖက်သားတွေရဲ့ စိတ်အာရုံကို စွဲဆောင်နိုင်တယ်လို့ ကျွန််မထင်တယ်။ အဲဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေးစကားပြောတဲ့အချိန်မှာ များများပါဝင်နိုင်လို့ရှိရင် ပိုပြီးတော့ သင့်တော်မယ်လို့ ကျွန်မ အဲလိုမျိုးမြင်တယ်။

နော်ပါလွှဲ (ဗဟိုကော်မတီဝင်)

ကရင်နီ အမျိုးသမီးအစည်းအရုံး

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြန်လာရေး မပြန်လာရေး အဲလိုမျိုး ဆွေးနွေးတဲ့အချိန်မှာဆိုရင် များသောအားဖြင့် တချို့က ပြန်မလာချင်ကြသေးဘူး။ ဘာဖြစ်လို့ ပြန်မလာချင်လဲဆိုရင် ဒီမိုကရေစီ ရပြီလို့ ပြောသာပြောတယ် ဒါပေမယ့် မငြိမ်းချမ်းသေးဘူးပေါ့။ တောင်တန်းဒေသတွေမှာဆိုရင် နေ့တိုင်း ရေဒီယိိုထဲမှာ နားထောင်ရသလောက်ဆိုရင် TV ထဲမှာ ကြားသလောက်ဆိုရင် တိုက်ပွဲတွေဖြစ်တယ် KIO မှာပဲဖြစ်ဖြစ် KNU အဖွဲ့မှာပဲဖြစ်ဖြစ်ပေါ့နော်။ ဒါကြောင့်မို့ တိုင်းပြည်က မငြိမ်းချမ်းသေးဘူး။ ငြိမ်းချမ်းပြီလို့ပြောပေမယ့် အမြဲတမ်း တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့်မို့ မပြန်သေးဘူးလို့ အဲလိုမျိုးပဲ  ပြောကြတာရှိတယ်လေ။

မမီးမီး

ကရင်နီအမျိုးသမီး အစည်းအရုံး

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမအနေနဲ့ ပြောရမယ်ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်ကြားထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက တစ်ဖက်နဲ့တစ်ဖက်က ယုံကြည်မှုတွေက လျော့နည်းနေသေးတယ်။ တစ်ဖက်နဲ့တစ်ဖက်က အပြန်အလှန် မယုံကြည်ကြတာက အကြီးမားဆုံး စိန်ခေါ်မှုတွေပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်ပေါ့နော်။ ဒါက ဘယ်လိုသဘောလဲပေါ့နော်။ ဆိုတော့ ဘယ်သူ့ကို ဘယ်သူက ယုံကြည်ရမလဲဆိုတဲ့ ဟာမျိုးပေါ့နော်။ ဒါက အကြီးမားဆုံးစိန်ခေါ်မှုလို့ အမမြင်ပါတယ်။

နော်ဗွေးဖော

ကရင်နီ ဒုက္ခသည်စခန်း

ဗမာပြည်တစ်ခုလုံးမှာ ငြိမ်းချမ်းပြီးတော့ ကိုယ့်ရပ်ကိုယ့်နယ်မှာ ပြန်နေနိုင်မယ် နောက်ဆုံး ကိုယ့်ရွာရဲ့ တိုးတက်မှုကို လုပ်နိုင်မယ် အဲလိုမျိုး နေနိုင်မယ်ဆိုရင်တော့ ကျွန်မထင်တာက သာယာဝပြောတဲ့ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေဆိုလို့ရှိရင် အခုဆိုရင် ကျွန်မတို့က အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးခံရတယ်။ ကျွန်မတို့ မြင်တဲ့အတိုင်း သိတဲ့အတိုင်း ကျွန်မတို့ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမယ်ဆိုလို့ရှိရင် အခွင့်အရေး ချိုးဖောက်မှုတွေ အကြမ်းဖက်ခံရမှုတွေ လျော့နည်းလာမယ်လို့ ကျွန်မကတော့ အဲလိုမျိုး မြင်ပါတယ်။

မမီးမီး

ကရင်နီအမျိုးသမီး အစည်းအရုံး

ကရင်အမျိုးသမီးတွေခံစားနေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကလည်း အမတို့ဆီမှာ အရမ်းကို မြင့်တက်နေတယ်။ ဘာကြောင့် ဒီလိုမျိုးတွေ မြင့်တက်နေလဲဆိုရင် အမတို့ဆီမှာက မူးယစ်ဆေးဝါးတွေနဲ့ ချိတ်ဆက်မှုတွေရှိနေတယ်။ ယောကျ်ားက မူးယစ်ဆေးဝါးသုံးစွဲလို့ မိန်းမကို စိတ်ပုံမှန်မဟုတ်ပဲ ရိုက်နှက်တာမျိုးတွေပေါ့ အဲလိုမျိုးတွေ ရှိနေတယ်။ အဲလိုတွေက ဘာဖြစ်လို့ ရှိလာတာလဲဆိုရင် မငြိမ်းချမ်းလို့။ စစ်ပဋိပက္ခတွေဖြစ်နေတယ် ဖြစ်နေတဲ့အခါမှာ စီးပွားရေး လုပ်စားကိုင်စားဖို့အတွက်ကို လူတွေက ဒုက္ခတွေရောက်ကြတယ်။ ရောက်ကြတော့ ငွေရလွယ်မယ့်ဟာမျိုးတွေ အခုလို ဘိန်းစိုက်တာမျိုးတို့ အဲလိုမျိုး လုပ်လာရင်းကနေပြီးတော့ လူတွေနဲ့ နီးစပ်လာတော့ အမျိုးသားတွေ လူငယ်တွေက ဒီမူးယစ်ဆေးဝါးကိုသုံးလာတယ်။ သုံးလာပြီးတော့ အိမ်တွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ   ဖြစ်လာကြတယ်။ ဆိုတော့ ကျွန်မတို့ပြည်နယ်က အမျိုးသမီးတွေအတွက်ကို ကျွန်မပြောချင်တာက ကျွန်မတို့ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေက ရိုးရာဓလေ့အရလည်း ခွဲခြားဆက်ဆံမှုတွေရှိနေတယ်။ အဲလိုပဲ အိမ်တွင်းအကြမ်းဖက်မှုတွေ လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ခံနေရတယ်။ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုတွေပေါ့နော်။ အသက်မပြည့်သေးတဲ့ ကလေးတွေက လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ များလာတယ်။ ဒီအမျိုးသမီးတွေကို ကာကွယ်ပေးဖို့အတွက် အမျိုးသမီးတွေက ဘဝမှာ လုံခြံုမှုတွေရဖို့အတွက်ကို အစိုးရတွေကနေပြီးတော့ အမတို့ ပြည်နယ်အစိုးရ   ပြည်နယ်လွှတ်တော်အဆင့်ကနေ တကယ့် ပြည်ထောင်စု အစိုးရတွေကပါ သိပြီးတော့ မူဝါဒတွေ ချမှတ်ပေးဖို့တွေ လိုအပ်တယ်။

နော်ပါလွှဲ (ဗဟိုကော်မတီဝင်)

ကရင်နီ အမျိုးသမီးအစည်းအရုံး

အစိုးရကို တောင်းဆိုချင်တာကတော့ ကျွန်မတို့ အမျိုးသမီးအရေး လုပ်တဲ့အတွက်ကြောင့်မိုလို့ အမျိုးသမီးတွေရဲ့ ဘဝလုံခြံုမှု နောက် အမျိုးသမီးနဲ့ ကလေးတွေက တန်းတူအခွင့်အရေး ရရှိဖို့ အဲဒါကိုပဲ ကျွန်မ တောင်းဆိုချင်ပါတယ်။

နော်ဗွေးဖော

ကရင်နီ ဒုက္ခသည်စခန်း

ဒီမှာရှိတဲ့ အမျိုးသမီးတွေက ဟိုအရင်က တော်တော်ဆိုးတယ်။ အလုပ်အကိုင်ကလည်း မရှိ ဒါပေမယ့် အမျိုးသမီးအဖွဲ့အစည်းတွေကလည်း ဖွဲ့လာတဲ့အခါကျတော့ အမျိုးသမီးတွေက တက်နိုင်တဲ့ဘက်က အလုပ်အကိုင် ရှာပေးကြတာပေါ့။ ကြီးကြီးမားမားတော့ မဟုတ်ဘူးပေါ့။ ဥပမာ ယက်ကန်းထိုးလား၊ ဇာထိုးပန်းထိုး၊ စက်ချုပ် အဲလိုမျိုးဟာတွေကိုပဲ စိတ်ဝင်စားတဲ့သူတွေက ဝင်လုပ်ပြီးတော့ ကောင်းကောင်းမွန်မွန်လေးတော့ ရှိပါတယ်။ ဒါပေမယ့်လည်း လူနည်းစုပါ အများအားဖြင့်တော့ အလုပ်လက်မဲ့ပါပဲ။ ဒုက္ခသည်စခန်းမှာနေတယ်ဆိုတော့ ပေးတဲ့ဟာနဲ့ပဲ စားရတယ်။ အခုဆိုရင် ပေးတာတွေကလည်း လျော့ချလိုက်ပြီဆိုတော့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ရမှန်းလည်း မသိတော့ဘူး။ အခုချိန်ကလည်း အပစ်အခက်ရပ်ဆဲရေး ပြောနေတဲ့အချိန်မှာ တစ်ဖက်ကလည်း ကျွန်မထင်တာက ဖိအားပေးမှုတွေလည်း ရှိတယ်လို့ အဲလိုမျိုးထင်တယ်။

နော်ပါလွှဲ (ဗဟိုကော်မတီဝင်)

ကရင်နီ အမျိုးသမီးအစည်းအရုံး

အခုဆိုရင်တော့ NGO တွေကလည်း ထောက်ပံ့မှုတွေ လျော့နည်းလာပြီး။ တကယ်လို့များ ထိုင်းဘက်က ဒုက္ခသည်တွေကို လက်မခံတော့ပဲ ပြန်ပို့မယ်ဆိုရင် အဲဒါလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ တကယ်လို့ အတင်းအကြပ် ပြန်လာပို့မယ်ဆိုရင် နေစရာလည်းမရှိဘူး။ ဘဝလုံခြံုမှုလည်း မရှိဘူး။ လုပ်ကိုင်စားသောက်စရာလည်း မရှိဘူး။ သားသမီးအတွက် ပညာရေးမှာပဲဖြစ်ဖြစ် ကျန်းမာရေးမှာပဲဖြစ်ဖြစ် အားလုံးက စိုးရိမ်မှုတွေ ရှိနေတယ်လေ။ အဲဒါတွေက သူတို့တွက် စိန်ခေါ်မှုပေါ့။

မမီးမီး

ကရင်နီအမျိုးသမီး အစည်းအရုံး

ငြိမ်းချမ်းရေးတည်ဆောက်မှုမှာဆိုရင် တကယ်တမ်း ပြောမယ်ဆိုရင် အမျိုးသမီးအခန်းကဏ္ဍက အလွန်ကို နည်းနေသေးတယ်။ အမတို့ ပြည်နယ်အတိုင်းအတာနဲ့လည်း နဲသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း နည်းနေတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ပြောမယ်ဆိုရင်တောင် အမတို့ပြည်နယ်က အခြားပြည်နယ် တိုင်းရင်းသားအဖွဲ့တွေနဲ့စာရင် များသေးတယ်။ အမတို့ ကရင်နီ အမျိုးသမီးအစည်းအရုံးကလည်း ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်တော့ ရှိသေးတယ်။ ဒါပေမယ့် ပြောမယ်ဆိုရင် အားလုံးအတိုင်းအတာနဲ့ ၁၃ ရာခိုင်နှုန်းလောက်ပဲ ပါဝင်သေးတယ်ဆိုတော့ နည်းနေသေးတယ်ပေါ့။ အမတို့အမျိုးသမီးတွေက ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံရဲ့ လူဦးရေး ထက်ဝက်ကျော်ရှိတယ်လေ။ ထက်ဝက်ကျော်ရှိတော့ အမျိုးသမီးတွေက စတူ ထက်ဝက် မပါဝင်နိုင်ရင်တောင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့အတွက်ကို လိုအပ်တယ်။ အဲလို ပါဝင်ဖို့အတွက်ကိုလည်း ဒီလို NCA စာချုပ်တွေမှာလည်းပဲ ဒါကို လက်ခံပြီးသားဖြစ်တယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်ပေါ့။ လက်တွေ့မှာဆိုရင်တော့ ဒီလိုမျိုး အနည်းဆုံး ၃၀ ရာခိုင်နှုန်းက မဖြစ်သေးဘူးပေါ့ ၁၃ ရာခိုင်နှုန်းပဲ ဖြစ်သေးတော့ ဒါတွေကိုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေသာ မကပဲနဲ့ အစိုးရတွေ စစ်တပ်တွေဘက်က ဆွေးနွေးနေတဲ့ အစုအဖွဲ့တွေကလည်း ဒါတွေကို အလေးထားပြီးတော့ အကောင်အထည်ဖော်ဖို့လိုအပ်တယ်။

 

Mizzima Weekly