မြစ်ကြီးနားတွင် ICRC အထောက်အကူပြု ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဖွင့်လှစ်

မြစ်ကြီးနားတွင် ICRC အထောက်အကူပြု ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနဖွင့်လှစ်
ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနအတွင်း ထားရှိမှု အခြေနေ။ ဓာတ်ပုံ-Charles Dupoizat /ICRC

ပဋိပက္ခ ဖြစ်ပွားရာဒေသတစ်ခုဖြစ်သည့် မြန်မာနိုင်ငံမြောက်ပိုင်း၌ ကိုယ်လက်အင်္ဂါထိခိုက်သူများအတွက် အဓိကရည်ရွယ်ပြီး ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနကို ကချင်ပြည်နယ်  ၊ မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဌာနကို နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC )မှ ဆောက်လုပ်ပေးထားပြီး မြေမြှုပ်မိုင်း သို့မဟုတ် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အနေဖြင့် ခြေတုများ၊ အားပြုကိရိယာများ၊ အကြောအဆစ်ကုထုံးများ ရရှိနိုင်မည် ဖြစ်သည်။ ကုတင် ၆၀ ဆန့် ဌာနဖြစ်ပြီး ၀န်ထမ်း ၃၀ ဖြင့် တစ်နှစ်လျှင် လူနာ ၁၅၀၀ အထိ လက်ခံသွားမည်ဟု ခန့်မှန်းထားသည်။

 “ အရင်တုန်းကဆိုရင် လူနာတွေဟာ ဒဏ်ရာကိုပြသဖို့၊ အကြောအဆစ်ကုသဖို့ နဲ့ ခြေတုတပ်ဆင်ဖို့အတွက်  မြစ်ကြီးနားကနေ မန္တလေးအထိ နာရီ ၂၀ ကျော်ကြာအောင် အဝေးပြေးကားစီးပြီး သွားလာခဲ့ကြတာပါ ” ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာယုဂ်မွန်တာနီက ဆိုသည်။

ယင်းဌာနကို ICRC မှ မြန်မာကျပ်ငွေ  ၁ ဒသမ ၉၈ ဘီလျံ အကုန်အကျခံတည်ဆောက်ပေးထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ မကြာသေးမီက လွှဲပြောင်းခဲ့ကာ ICRC ၏ အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့ရှိဌာနပြီးလျှင် မြစ်ကြီးနားမြို့ဌာနသည် ဒုတိယအကြီးဆုံး ဖြစ်သည်။ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်အန္တရာယ်အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည်လည်း ကမ္ဘောဒီးယားနှင့် အာဖဂန်နစ္စတန်နည်းတူ အပါအဝင်ဖြစ်သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင်လည်းကောင်း ကိုယ်ကာယသန်စွမ်းရေးဌာနများအား အကူအညီပေးနေပြီး မန္တလေးအနီးရှိ   ရေနံ့သာဆေးရုံကိုလည်း ကူညီပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly