စီးပွားဖြစ် သစ်ခွပန်း စိုက်ပျိုးရေး

.

ဒီကနေ့ခေတ်မှာဆိုရင် လက်ဆောင်ပန်းခြင်းများ အလှူ၊ မင်္ဂလာဆောင်၊ ဘွဲ့နှင့် အခြားသော အခမ်းအနားများမှာ သစ်ခွပန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် သစ်ခွပန်းများဟာ ဒီနေ့ခေတ်မှာတော့ ရောင်းတန်းဝင် စီးပွားဖြစ် ဈေးကွက်တစ်နေရာကို ရရှိလာနေပြီလည်းဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း သစ်ခွပန်းများကို အရင်တုန်းက ဝါသနာပါသူများက အိမ်မှာ အလှစိုက်ပျိုးခဲ့ကြပေမယ့် အခုအခုမှာဆိုရင်တော့ စီးပွားဖြစ် စိုက်ပျိုးလာတာကိုလည်း တွေ့မြင်လာရပါတယ်။ သစ်ခွပန်း စိုက်ပျိုးနေသူတစ်ဦးကလည်း အခုလို ပြောပြလာပါတယ်။

ဒေါ်သင်းသင်းလှိုင်

သစ်ခွစိုက်ပျိုးသူ

ကျွန်မက ၂၀၀၁ ခုနှစ်က စစိုက်တယ်။ ဝါသနာပါတာကတော့ အရင်တည်းက ဝါသနာပါတာပါ။ အဲဒီအချိန်ရောက်မှပဲ အဆင်ပြေလို့ စစိုက်ဖြစ်တာပါ။ စစိုက်တော့ ဘာမျိုးကို စစိုက်ချင်သလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ဒါကတော့ ကိုယ့်နေရာရဲ့ ဈေးကွက်ပေါ့ ကိုယ့်နေရာမှာ ဘယ်ပန်းမျိုးကို လူကြိုက်များလဲဆိုတာကိုတော့ နည်းနည်း လေ့လာဖို့လိုတာပေါ့။ အဲလို လေ့လာပြီးလို့ရှိရင် ဖြေးဖြေးချင်း ကျွန်မကတော့ နည်းနည်းချင်း ထည့်သွားတာလေ။ အပင် ၁၀၀ နဲ့စတယ်။ နောက်ပြီးတော့ တစ်နှစ်ကို အပင် ၅၀ စီ တိုးတိုးပြီး ထည့်တယ်။ ကိုယ့်အရပ်မှာ ဝယ်တဲ့သူက ဘာမျိုးကြိုက်လဲ အဲဒီအပေါ်မှာ မူတည်ပြီးတော့ စိုက်တာပေါ့။ အများစိုက်ကြတဲ့ မျိုးဆိုရင် သစ်ခွဆိုလို့ရှိရင် ပင်ထောင်၊ ခြင်းနဲ့စိုက်တဲ့ဟာကျတော့ သူက ပင်ပွားမျိုးလို့ ခေါ်တာပေါ့နော်။ ပြုစုရတာကျတော့ တစ်ခုနဲ့တစ်ခု တူတော့မတူဘူး။ ပင်ထောင်ကတော့ အစာမလိုဘူး၊ ခြင်းနဲ့စိုက်တာကတော့ အစာလိုတယ်။ ဒါပေမယ့် နေရောင်ခြည်ကောင်းကောင်းလိုတယ်၊ အလင်းရောင်လိုတယ်၊ လေဝင်လေထွက်လိုတယ်၊ နောက်ပြီးတော့ မြေသြဇာ အမြဲတမ်းလိုလို ကျွေးရတယ်၊ မှိုစာကျွေးရတယ်ပေါ့။ ချိတ်ပြီးတော့ စိုက်ရတဲ့အပင်ကလည်း အတူတူပဲ မှိုစာကျွေးရတယ်၊ မြေသြဇာကျွေးရတယ်။ သူကတော့ ရေလောင်းတာ နဲနဲလျော့သွားတယ်။

ပင်ထောင်ကျတော့ ရေများများလောင်းရတယ်။ အဲဒါလေး နဲနဲတော့ ကွာသွားတယ်။ ပန်းလှလှရဖို့ဆိုရင်တော့ အဓိကလိုအပ်တာကတော့ နေရောင်ခြည် လေဝင်လေထွက် ပြီးလို့ရှိရင်တော့ အစာ၊ ရေပေါ့။ သစ်ခွရဲ့ အဆိုးဆုံးရောဂါကတော့ မှိုပေါ့။ မှိုရောဂါကျတာပေါ။ ပိုးကတော့နည်းပါတယ်။ မှိုမဖြစ်အောင်လို့ အဓိကကတော့ အလင်းရောင်ကောင်းရမယ်၊ လေဝင်လေထွက်ကောင်းရမယ်၊ နောက်ပြီးတော့ ဆေးကတော့ ပုံမှန် ၁၅ ရက်တစ်ခါ တစ်ပတ်တစ်ခါ ဖျန်းပေးရမှာပေါ့။

မဇ္ဈိမ

ဒါကြောင့် သစ်ခွပန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးတဲ့ နည်းစနစ်ကိုလည်းဆက်ပြီး လေ့လာကြည့်ကြအောင်ပါ။

ဒေါ်သင်းသင်းလှိုင်

ယိုးဒယားကနေဝင်တဲ့ ဒန်နိုပျံပေါ့ အဲဒီအပင်ကို အိမ်မှာပြန်စိုက်မယ်ဆိုရင် ကျွန်မဆိုရင်တော့ အကုန်ချွတ်ပစ်လိုက်တာပေါ့နော်။ ဈေးကနေဝယ်ရင်တော့ ဒီပုံစံအတိုင်းပဲရမှာလေ အပင်အောက်က အဆွေးတွေကို ဖဲ့ထုတ်ပစ်မယ်။

အမြစ်တွေ အမျှင်တွေကို ဖြတ်ပစ်မယ်၊ ရေဆေးမယ်၊ ရေဆေးပြီးလို့ သန့်သွား၇င် အဲဒါကို ကျွန်မတို့က မီးသွေးနဲ့ ပြန်စိုက်မယ်။ မီးသွေးနဲ့ ပြန်စိုက်မယ်ဆိုရင် ခြင်းအသစ်တစ်ခုယူမယ်၊ မီးသွေးထည့်မယ်၊ မီးသွေးထည့်တဲ့အခါမှာ အောက်ပိုင်းကို အကြီးထည့်မယ်၊ ပြီးရင် အပင်ကို ခြင်းပေါ်မှာ အပေါ်ကနေ တင်လိုက်တာပေါ့နော်။ အပေါ်ကနေတင်ပြီးရင် တစ်ဖက်ကိုကပ်ထားရမယ်။ ကပ်ပြီးရင် အပင်ငြိမ်သွားအောင်လို့ ကြိုးလေးတွေနဲ့ ချည်ထားမယ်။ အဲဒါမှ အပင်က ငြိမ်ပြီးတော့ အမြစ်မြန်မြန်စွဲမှာပေါ့။ ပြီးတော့မှ လိုတဲ့နေရာလေးတွေမှာ မီးသွေးခဲလေးတွေ ထပ်ထည့်မယ်ပေါ့နော်။ အဲဒါဆိုရင်တော့ အပင်စိုက်လို့ ပြီးပြီပေါ့။ သူ့ကိုတော့ မိုးရေထဲမှာပဲ ချိတ်ထားရမှာပေါ့။ မနက်ဖြန် သဘက်ခါလောက်ဆိုရင်တော့ မှိုဆေးရယ်၊ အမြစ်ထွက်ဆေးရယ် သူ့ကို ဖျန်းပေးရမယ်။ အမြစ်မထွက်မချင်း တစ်ပတ်ကို နှစ်ရက်ခြား သုံးရက်ခြား မှိုဆေးနဲ့ အမြစ်ထွက်ဆေး ဖျန်းလိုက်မယ်ဆိုရင် အမြစ်တွေက ဖွာပြီးတော့ ထွက်လာမယ်ဆိုရင်တော့ အပင်က ရှင်သန်ပြီ။ ဒီမျိုးက ဒန်နိုပျံ ယိုးဒယားကဝယ်တာပေါ့။

မဇ္ဈိမ

ပင်ပွားမျိုးကို စိုက်ပျိုးရာမှာတော့ မီးသွေး၊ ခြင်း၊ သံချိတ်တို့ လိုအပ်ပါတယ်။ ပင်ထောင်မျိုးကတော့ အစာထည့်ပေးရန် မလိုပါဘူး။ သစ်ခွကိုတော့ စင်နဲ့စိုက်ပျိုးသလို ချိတ်ဆွဲပြီးတော့ စိုက်ပျိုးတာလည်း ရှိပါတယ်။ စင်နဲ့စိုက်ပျိုးခြင်းက အပင်အများအပြားကို စိုက်ပျိုးနိုင်သလို နေရာအခက်အခဲရှိသူများအတွက် အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

ဒေါ်သင်းသင်းလှိုင်

ဒါကတော့ ပင်ထောင်ပေါ့။ သူကလည်း ယိုးဒယားပင်ပဲ။ သူ့ကို ဒီလိုမျိုး စင်နဲ့စိုက်တယ်ဆိုရင် သူ့ကို စင်မှာကပ်လိုက်မယ်၊ ကပ်ပြီးရင် ကြိုးနဲ့ချည်မယ်။ အပေါ်တစ်ချက် အောက်တစ်ချက် ချည်မယ်။ အပင်ငြိမ်အောင်လို့ပေါ့။

မဇ္ဈိမ

သစ်ခွပန်းကို မြန်မာနိုင်ငံမှာ သီးသန့် ရောင်းချတဲ့ဆိုင် မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ သစ်ခွပန်းက ဈေးကြီးတယ်။ ပြီးတော့ မိုးရာသီမှာ အပွင့်နည်းပြီးတော့ နွေရာသီနဲ့ ဆောင်းရာသီမှာသာ အပွင့်များတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သစ်ခွပန်း ဈေးကွက်တစ်ခု ဖြစ်လာဖို့ဆိုရင်တော့ နည်းစနစ်တကျနဲ့ စိုက်ပျိုးထုတ်လုပ်သူတွေ များမှသာ ဈေးကွက်တစ်ခု ဖြစ်ပေါ်လာနိုင်မှာပါ။