လွှတ်တော်ကို ပုံအပ်ထားပြီဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး ပြော

လွှတ်တော်ကို ပုံအပ်ထားပြီဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး ပြော

ဆိုးလ်၊ နိုဝင်ဘာ ၂၉ ။               ။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ရာထူးက ဆင်းပေးရာတွင် လွှတ်တော်က အကူအညီပေးရန် တောင်းခံထားကြောင်း ပြောသည်။

ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် သမ္မတပတ်ဂွန်ဟေးသည် ၎င်း၏ မိတ်ဆွေဖြစ်သူအား နိုင်ငံရေးဆုံးဖြတ်ချက်များ၌ ပါဝင်စေခဲ့သည်ဟု စွပ်စွဲချက်များ ရှိနေရာ စုံစမ်းစစ်ဆေးမှု ပြုနေသည့် ကာလအတွင်း ၎င်းအား နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ကျွန်မရဲ့ ကျန်ရှိသက်တမ်းအပါအဝင် အနာဂတ်ကို လွှတ်တော်ထံမှာ ထားရှိပါမယ်။”ဟု သမ္မတ ပတ်ဂွန်ဟေးက ပြောပြီး နိုင်ငံတွင် သမ္မတမဲ့ ကာလမျိုးတော့ မဖြစ်လိုကြောင်း ဆိုသည်။

လွှတ်တော်အနေဖြင့် ပတ်ဂွန်ဟေး နုတ်ထွက်ပေးသင့်မပေးသင့်ကို လာမည့် ဒီဇင်ဘာ ၂ ရက်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။

အတိုက်အခံများကမူ သမ္မတပတ်ဂွန်ဟေးအနေဖြင့် ဂုဏ်သိက္ခာရှိရှိဖြင့် ကိုယ်တိုင်နုတ်ထွက်သွားသင့်ကြောင်း ပြောဆိုကြသည်။

သမ္မတပတ်ဂွန်ဟေးအနေဖြင့်မူ ပြည်သူထံ နှစ်ကြိမ်တိုင် တောင်းပန်မှုပြုထားပြီး သူ ကြံုနေရသည့် နိုင်ငံရေးပြဿနာကြောင့် နှလုံးကြေကွဲရကြောင်း ပြောသော်လည်း ရာထူးက နုတ်ထွက်ရေးကိုမူ   ငြင်းဆန်ထားခြင်းဖြစ်သည်။

အကျင့်ပျက်မှု စွပ်စွဲချက်များ ပေါ်ထွက်ပြီးနောက်ပိုင်း တတိယမြောက်အဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် လူထုထံစကားဆိုရာ၌ “အာဏာလစ်လပ်သွားမှု မရှိအောင်၊ အုပ်ချုပ်ရေး ဝရုန်းသုန်းကားမဖြစ်အောင် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများကို နာခံပြီး” ရာထူးက ထွက်ခွာပေးမည်ဖြစ်ကြောင်း ပတ်ဂွန်ဟေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly