ကြားဖြတ်ရွေးကောက်ပွဲနှင့် ပြည်သူတို့ ရွေးချယ်ရမည့် လမ်း

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပြည်သူတို့ ရွေးချယ်ရမည့် လမ်း

မကြာမီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပါတော့မည်။ လက်ရှိ အင်ကြီးအားကြီး အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနှင့် ရွေးကောက်ခံမည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ  စာရင်းကို ထုတ်ပြန်ထားပြီးဖြစ်သည်။ ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများပင် ထွက်ပေါ်လာပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကဆိုလျင် ရွေးကောက်ပွဲအပေါ် ပြည်သူများစိတ်ဝင်စားမှုမှာ စံချိန်တင်ရလောက်အောင် မြင့်တက်ခဲ့သည်။ လမ်းတိုင်း ရွာတိုင်း မြို့တိုင်း အုတ်သြသောင်းနင်း စည်းရုံးလှုံ့ဆော်ကြ၊ ပြောဟော မဲဆွယ်ကြနှင့် တတိုင်းပြည်လုံး အုံးအုံးကျွက်ကျွက် ရှိခဲ့သည်။ သာမာန်ပြည်သူများတွင်မက ပြည်သူချစ်သော အနုပညာရှင်များ၊ စာရေးဆရာများနှင့် တိုင်းသိပြည်သိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကအစ စင်ပေါ်တက်ပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲသဘင်များ နေ့ညမပြတ် ရှိခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အသံများ တိတ်ဆိတ်လွန်းသည်ဟု ဆိုရပါမည်။

ရွေးကောက်ပွဲမှာ အရေးကြီးသည်။ ရွေးကောက်ပွဲဖြင့် ပြည်သူများက သူတို့ဘဝ ပြောင်းလဲရေး စိတ်ထက်သန်စွာ ရည်မှန်းထားကြသည်။ ရွေးကောက်ပွဲသည် တိုင်းပြည်အလှည့်အပြောင်းအတွက် ပဓာနကျသည့် နိုင်ငံရေးကစားကွက်ဖြစ်သည်။ ထို့ကြောင့် ပြည်သူတို့သည် ရွေးကောက်ပွဲကို စိတ်ဝင်စားကြ၊ ပါ၀င်ပူးပေါင်းဆောင်ရွက်ကြ၊ အလေးအနက်ထားကြသည်။ သို့သော် ယခု ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် သည်လိုကာလတွင်မူ ပြည်သူတို့၏ အသံ တိတ်််ဆိတ်လွန်းနေသည်ဟု မြင်သည်။

အဘယ့်ကြောင့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းနေကြရသနည်း။ အကြောင်းအချက်များစွာထဲက ထင်ရှားသိသာသည့်အချက်တချို့ကိုတော့ တင်ပြချင်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို မျှော်လင့်ချက်အပြည့်ဖြင့် မဲပေးခဲ့ကြသည်။ NLD သည် မိမိတို့ဘဝ အလှည့်အပြောင်းကို အောင်မြင်အောင်   ဖေါ်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် မဲပေးခဲ့ကြသည်။ NLD မှတစ်ပါး အခြားမရှိ ဟူသော ဆောင်ပုဒ်ကို မြင့်မြင့်မားမား လွှင့်ထူခဲ့ကြသည်။ သို့သော် NLD သည် အာဏာရရှိပြီး ခြောက်လတာ ကာလအတွင်း မိမိတို့အတွက် ထင်သလောက် ခရီးပေါက်အောင် မလျှောက်နိုင်သေးဟု ပြည်သူတို့က ယူဆလာကြသည်။ NLD ၏ ခေါင်းဆောင်မှုအပိုင်းကို အားမလိုအားမရ ဖြစ်လာကြသည်။ NLD ၏ လုပ်ကိုင်နိုင်စွမ်းကို သံသယဖြစ်လာကြသည်ဟု ယူဆရမလိုဖြစ်လာသည်။

ဥပမာ မေခ မလိခ မြစ်ဆုံ ရေကာတာတည်ဆောက်ရေးလုပ်ငန်းလို ပြဿနာအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စအဆုံး ပြည်သူတို့သည် အားမလိုအားမရ ဖြစ်လာကြရသည်။

NLD အဖို့ရာလည်း ရင်ဆိုင်ဖြေရှင်းရသည့် နိုင်ငံရေးပြဿနာများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး အစရှိသော ပြဿနာပေါင်းစုံကို ခြောက်လအတွင်း အောင်မြင်အောင် ဖြေရှင်းနိုင်ဖို့ရာ မလွယ်ကူလှ။ တစတစ ထူးထူးခြားခြား ပေါ်ပေါက်လာနေသော သက်ငယ်မုဒိမ်းမှုများအပါအဝင် လက်နက်ကိုင် ပဋိပက္ခများအဆုံး ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းနေရသည်။ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးကိစ္စများ စတင်ကောက်ကိုင်နိုင်ဖို့ဝေးစွ၊ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စကိုပင်လျင် နိုင်အောင် ကိုင်တွယ်ဖို့ရာ ခဲရာခဲဆစ် ကြိုးပမ်းနေရသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသော အခွင့်အာဏာအရပင်လျင် အစိုးရသည် နိုင်နင်းအောင် ကိုင်တွယ်ဖြေရှင်းဖို့ရာ ကျားကုတ်ကျားခဲ ကြိုးပမ်းနေရသည်။

သည်လိုအခြေအနေအောက်တွင် နောက်ဆုံး အကျိုးဆက်တစ်ခုမှာ ကာလုံအစည်းအဝေး အမြန်ဆုံးခေါ်ယူဖို့ရာ စုပေါင်းတောင်းဆိုမှုများ ရှိလာသည်ဟူသည့်အကျိုးဆက်ပင်ဖြစ်သည်။ တိုင်းပြည် မတည်မငြိမ်ဖြစ်နေပြီ၊ လက်ရှိပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသော အစိုးရမှာ တိုင်းပြည်ကို နိုင်နင်းအောင်မအုပ်ချုပ်နိုင်ဟူသော အကြောင်းပြချက်ဖြင့် တောကြောင်များ လက်ခမောင်းခတ်လာနိုင်ဖွယ်လည်း ရှိနေသည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ မိမိတို့ပြည်သူများ၊ ကျောင်းသားနှင့် အလွှာအသီးသီးမှ ပြည်သူများသည် နိုင်ငံရေးအကင်းပါးရန် လိုအပ်လာပြီဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်းစားကြရပါလိမ့်မည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းပြည်အတွက် အမှန်ကန်ဆုံး ဦးဆောင်ကြိုးပမ်းပေးနိုင်မည့် ဒီမိုကရေစီ ကိုယ်စားလှယ်လောင်းများကို   ပြတ်ပြတ်သားသား   ရွေးချယ်မဲပေးကြဖို့ အရေးကြီးသည်။ မည်သည့် သွေးထိုးလှုံ့ဆော်မှုများနှင့် ခြိမ်းခြောက်မှုများကိုမှ ဝေဝါးတုန်လှုပ်ခြင်းကင်းစွာ ယခင်ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းကလိုပင်   ရွေးချယ်မှု အားပေးထောက်ခံမှု ရာနှုန်းပြည့် ပြတ်သားတိကျစွာ ပါ၀င်ဆောင်ရွက် မဲပေးကြဖို့လိုအပ်သည်။ မိမိတို့ပြည်သူများသည် သဘာဝတရားအရဖြစ်စေ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့်ဖြစ်စေ လက်ရှိဖြစ်ပေါ်နေသော ပြဿနာများ မည်သို့ပင် ရှုတ်ထွေးနေသည်ဖြစ်ပစေ ရွေးကောက်ပွဲနည်းကိုသာ အမိအရဆုပ်ကိုင်ပြီး ဒီမိုကရေစီမုဒ်ဦးသို့သာ ဦးတည်ချီတက်ကြဖို့ အထူးလိုအပ်ကြောင်း မဇ္စျိမက နှိုးဆော်အပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly