ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဘာတိုမြူအနိုင်ရရှိ

ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဘာတိုမြူအနိုင်ရရှိ

ဇူလိုင် ၁၉၊ စပိန်။ ။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဘာတိုမြူက ပြိုင်ဘက်ဥက္ကဋ္ဌလောင်း သုံးဦးကို ကျော်ဖြတ်ပြီး အနိုင်ရသွားခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌမှ စတင်ပြီး ကစားသမားများအပါအဝင် အသင်း၏အဖွဲ့ဝင်များက မဲပေးရွေးချယ်ခဲ့ရာတွင် ဘာတိုမြူသည် ၅၄ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဘာတိုမြူ၏အဓိကပြိုင်ဖက် ဥက္ကဋ္ဌဟောင်း လာပေါ်တာမှာ ၃၃ ဒသမ ၀၃ ရာခိုင်နှုန်းရရှိခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် ဘန်ဒီတိုမှာ ၇ ရာခိုင်နှုန်းကျော်နှင့် ဖရီဇာမှာ ၃ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ကြသည်။

ဘာတိုမြူသည် နေမာ၏အပြောင်းအရွှေ့ပြဿနာများကြောင့် အသင်းမှ နုတ်ထွက်သွားခဲ့သော ဥက္ကဋ္ဌဆန်ဒရို ရိုဆဲလ်၏နေရာတွင် ဆက်ခံခဲ့ခြင်းဖြစ်ပြီး ၎င်း၏လက်ထက်တွင် တစ်နှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

ထို့နောက်တွင် နည်းပြ လူးဝစ္စအင်းနရစ်၊ ကွင်းလယ်လူ ဘက်စ်ကွက်၊ ပက်ဒရို၊ ဂျော်ဒီအယ်လ်ဘာတို့ကို သက်တမ်းတိုးခြင်း၊ ဆီဗီလာကွင်းလယ်လူ အလက်ဆစ်ဗီဒယ်နှင့် အက်သလက်ကွင်းလယ်လူ အာဒါတူရန်တို့အား ခေါ်ယူခြင်းများကို လက်ကျန်ဥက္ကဋ္ဌသက်တမ်းတွင် ပြုလုပ်နိုင်ခဲ့သည်။

လာပေါ်တာမှာ ဥက္ကဋ္ဌဖြစ်လာပါက ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူပေးမည်ဆိုသည့် မက်လုံးဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် ဘာတိုမြူသည် ဘာစီလိုနာအသင်းကို ခြောက်နှစ် ထပ်မံဦးဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly