မန်ယူနည်းပြမော်ရင်ဟိုကို အက်ဖ်အေ စွဲချက်တင်

မန်ယူနည်းပြမော်ရင်ဟိုကို အက်ဖ်အေ စွဲချက်တင်
 

နိုဝင်ဘာ ၂၉၊ အင်္ဂလန် ။                ။ မန်ယူအသင်းနှင့်ဝက်စ်ဟမ်းအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ရေဗူးကို ကန်ထုတ်ခဲ့သည့် လုပ်ရပ်ကြောင့် မန်ယူနည်းပြမော်ရင်ဟိုကို အက်ဖ်အေက စွဲချက်တင်လိုက်ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် ပွဲချိန် ၂၇ မိနစ်၌ ကွင်းလယ်ဒိုင်လူကြီး ဂျွန်မို့စ်က မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ဟန်ဆောင်လှဲချသည်ဟု ယူဆကာ အဝါကတ်ပြခဲ့သည်ကို မော်ရင်ဟိုက မကျေနပ်ဘဲ အနီးရှိရေဗူးကို ကန်ခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် မော်ရင်ဟိုမှာ ပွဲကြည့်စင်သို့ သွားရန် ညွှန်ကြားခံခဲ့ရသည်။

‘နိုဝင်ဘာလ ၂၇ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ပွဲစဉ်က လုပ်ရပ်ကြောင့် မော်ရင်ဟိုကို စွဲချက်တင်လိုက်ပါပြီ။ ပွဲချိန် ၂၇ မိနစ်မှာ မော်ရင်ဟိုပြုလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့်ဖြစ်ပါတယ်။ သူ့အနေနဲ့ စွဲချက်ကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီအထိနောက်ဆုံးထားပြီး အယူခံဝင်နိုင်ပါတယ်’ ဟု အက်ဖ်အေက သတင်းထုတ်ပြန်ခဲ့သည်။

မော်ရင်ဟိုမှာ ရက်သတ္တပတ်ခြောက်ပတ်အတွင်း သုံးကြိမ်မြောက် စွဲချက်တင်ခံရခြင်းဖြစ်သည်။ လီဗာပူးလ်နှင့်သရေကျသည့်ပွဲတွင် နည်းပြအန်တိုနီတေလာကို ဝေဖန်ခဲ့သောကြောင့် ဒဏ်ငွေပေါင် ငါးသောင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို ဘန်လေနှင့်သရေကျသည့်ပွဲတွင် ဒိုင်လူကြီး ကလက်တန်ဘတ်နှင့်ပြဿနာဖြစ်ခဲ့ပြီး ပွဲကြည့်စင်သို့ ပို့ဆောင်ခံခဲ့ရကာ တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင်ရှစ်ထောင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly