ရိုက်နှက်ဆုံးမခြင်းသည် လူ့အသိုင်းအဝိုင်းကို ရန်သူလိုမြင်စေနိုင်သည်

ရိုက်နှက်ဆုံးမခြင်းသည် လူ့အသိုင်းအဝိုင်းကို ရန်သူလိုမြင်စေနိုင်သည်

ပြီးခဲ့တဲ့ နှစ်ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ ပထမတန်းကျောင်းသူကလေးတစ်ဦးရဲ့သတင်းကို စိတ်မချမ်းမြေ့ဖွယ် ကြားခဲ့ကြရပါတယ်။ စာသင်ကျောင်းတစ်ခုကို ကျန်းမာရေးစစ်ဆေးမှုအဖွဲ့က လာရောက် စစ်ဆေးရင်းက ကျောင်းသူတစ်ယောက်ရဲ့ ကြောနဲ့ ခြေသလုံးပေါ်မှာ ရိုက်နှက်ခံထားရတဲ့ ဒါဏ်ရာတွေတွေ့လို့ မေးမြန်းတော့ ကြီးတော်နဲ့ အစ်မဝမ်းကွဲက ဝါယာကြိုးနဲ့ ရိုက်နှက်ဆုံးမထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အုပ်ထိန်းသူတွေကို သက်ဆိုင်ရာက စစ်ဆေးတော့ စာမရလို့ ရိုက်နှက်တာ လို့ ဖြေကြပါတယ်။ ကလေးရဲ့ဖခင်က ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး မိခင်ကတော့ အခြားတစ်နေရာမှာ ရောက်နေတဲ့အချိန်ဖြစ်တယ်လို့ သိကြရပါတယ်။

တစ်ခါ အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦးရဲ့သတင်းကလည်း ရင်နာဖို့ ကောင်းပါတယ်။ အိမ်ရှင် ဖြစ်သူက ပန်းကန်လုံး ကျကွဲရမလားဆိုပြီး ထမင်း သုံးလေးရက်မကျွေးဘဲ ထားတာတွေ၊ လျှပ်စစ်မီးပူနဲ့ ပါးကို ကပ်တာတွေ၊ မီးဖုတ်ထားတဲ့သံချောင်းနဲ့ လက်ဖဝါးပေါ် ကပ်တာတွေ အလုပ်ခံရပြီး နောက်ဆုံးမှာ မီးဖိုချောင်အခန်းကလေးထဲ အစာငတ် ရေငတ်နဲ့ ကွယ်လွန်သွားရတဲ့ သတင်းမျိုးကလည်း အင်မတန် တုန်လှုပ်ဖို့ကောင်းတဲ့ ရက်စက်မှုကြီးပါ။ ဒါလည်း အိမ်နားနီး ချင်းတွေက မသင်္ကာလို့ သက်ဆိုင်ရာကို တိုင်မှ အမှုမှန် ပေါ်ပေါက်လာတာပါ။ အိမ်ရှင်တွေကတော့ ဒီကလေးဟာ ဟင်းခိုးစား တတ်လို့၊ လိမ်ပြောတတ်လို့၊ စိတ်ကောက်ပြီး ပစ္စည်းတွေ ကျိုးပျက်အောင်လုပ်တတ်လို့ အခုလို ဆုံးမခဲ့တာပါလို့ ဖြောင့်ချက် ပေးကြပါတယ်။

ဒီလို ရက်စက်ပြီး ကြမ်းကြုတ်တဲ့ ဆုံးမမှုတွေဟာ လူတွေကို ကလေးတွေကို လိမ်မာအောင် တကယ်ပဲ ဆောင်ရွက် နိုင်ပါရဲ့လား။ ပြစ်မှုနဲ့ ပြစ်ဒါဏ် မမျှမတဖြစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ။ စိတ်ပညာရှင်တချို့ရဲ့ကောက်ချက်တစ်ခုကတော့ လူသားတွေအတွက် ထိတ်လန့်စရာ သင်ခန်းစာယူစရာဖြစ်ပါတယ်။

ကလေးတွေကို ငယ်စဉ်ကတည်းက လူကြီးတွေက ပစ်ပယ်ထားရင်၊ သူတို့ကို အသိအမှတ်မပြုရင်၊ မဆံ့ရင်ကန် နှိပ်စက်ရင်၊ ကြီးမားတဲ့ နှိမ့်ချဆက်ဆံမှုတွေလုပ်ရင် အဲဒီလို အလုပ်ခံရတဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ လူတွေကို ရန်သူလို မြင်လာတတ်ကြပြီး အင်မတန်ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေကျူးလွန်ပြီး လူတွေကို လက်စားချေသလို လုပ်တာမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ကောက်ချက်ဆွဲကြပါတယ်။ သူတို့ပေးတဲ့ဥပမာတွေထဲမှာ ဟစ်တလာလိုလူမျိုးကို ဥပမာပေးပါတယ်။ဟစ်တလာဟာ ငယ်စဉ်က ပတ်ဝန်းကျင်ကလူတွေရဲ့ အသိအမှတ်ပြုခြင်းမခံရခဲ့တာ၊ ခွဲခြားနှိမ့်ချ ဆက်ဆံခံခဲ့ရတာတွေကို တုန့်ပြန်တဲ့အနေနဲ့ ကြီးလာတဲ့အခါ လူပေါင်းမြောက်မြားစွာကို သေတွင်းပို့တဲ့ နာဇီဝါဒီဖြစ်လာ တာပါလို့ ဥပမာပေးကြပါတယ်။

ဒါနဲ့ တဆက်တစပ်တည်း စဉ်းစားတဲ့အခါ ကမ္ဘာကြီးပေါ်မှာ လူကို အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ ချုပ်နှောင် အပြစ်ပေးတဲ့နည်းဟာ မှန်ကန်ပါရဲ့လားဆိုတဲ့မေးခွန်းဟာ အဖြေရခက်တဲ့ မေးခွန်းပါ။ ဖြေတဲ့အခါမှာလည်း ဥပဒေရှုထောင့်၊ လူမှုရေးရှုထောင့်နဲ့ နှလုံးသားရှုထောင့်များအပေါ်မူတည်ပြီး အဖြေတွေကလည်း အမျိုးမျိုး ကွဲပြားသွားမှာကလည်း သေချာ ပါတယ်။ ဒီတော့ကာ အကျဉ်းထောင်စနစ်ဟာ မှန်ကန်တဲ့စနစ် ဟုတ်မဟုတ် ယတိပြတ် အဖြေပေးဖို့ ခက်ခဲလာတာ တွေ့ရ ပါတယ်။ စိတ်မချမ်းမြေ့စွာ ပြောရမယ်ဆိုရင်တော့ ကမ္ဘာကြီးပေါ်မှာ လူအချင်းချင်း အကျဉ်းထောင်ထဲထည့်ပြီး ပြစ်ဒဏ်ပေး တဲ့စနစ် မရှိတဲ့ တိုင်းပြည် တစ်ပြည်မှ မရှိတဲ့အချက်ကတော့ တွေးကြည့်မိတိုင်း စိတ်မချမ်းမြေ့စရာ အချက်ပါပဲ။

အင်မတန် အရေအတွက်နည်းလှတဲ့ အရှေ့ဥရောပနိုင်ငံတချို့မှာတော့ ရာဇဝတ်ပြစ်မှုကျူးလွန်လို့ အကျဉ်းချထား ခံရသူတွေအနေနဲ့ အကျဉ်းထောင်စည်းကမ်း လိုက်နာမှုအပေါ် မူတည်ပြီး မိသားစုဆီ သတ်မှတ်ပေးတဲ့ရက်အတိုင်း လွတ်လပ်စွာ ပြန်လည် အလည်လာရောက် နေထိုင်တဲ့စနစ်ကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အနှစ်ချုပ်ကြည့်တဲ့အခါ မိမိတို့လူသားတွေအနေနဲ့ လူသားအချင်းချုင်း မတန်တဆ ညှဉ်းပန်းနှိပ်စက်ပြီးမှ အပြစ်ဒဏ် ပေးတဲ့စနစ် အပြစ်ဒဏ်ပေးတဲ့ စိတ်ဓာတ်ကို ဆန့်ကျင်ကြရမှာ ဖြစ်သလို တချိန်တည်းမှာပဲ လူကို စိတ်ဓာတ်ပြုပြင်ပေးရာ မရောက်တဲ့ အပြစ်ဒဏ်ပေးနည်းစနစ်တွေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်ကြရမှာပဲ ဖြစ်ပါတယ်။

ဘယ်လို အပြစ်ဒဏ်ပေးနည်းပဲဖြစ်ပစေ၊ လူမှုရေးရှုထောင့်၊ နှလုံးသားရှုထောင့်အပေါ် မူတည်ပြီးမှ ပြစ်ဒဏ်ပေးတဲ့ နည်းသည်သာ လူသားတွေအတွက် အသင့်တော်ဆုံး ပြစ်ဒဏ်ပေးနည်း ဖြစ်မည်ထင်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags