တိုင်စာ အချက်အလက် မှန် ၊မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်း

တိုင်စာ အချက်အလက် မှန် ၊မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်း

ရန်ကုန်၊နိုဝင်ဘာ ၂၈ ။               ။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက တိုင်စာများ ရောက်ရှိလာသောကြောင့် အချက်အလက်များကို မှန်၊မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ဆိုသည်။

" ဒေသနှစ်ခုစလုံးမှာ တိုင်စာတွေ ရောက်နေတယ်၊ တိုင်စာမှာ အချက်အလက်တွေ ဘယ်လောက် မှန်တယ်၊ မှားတယ် ၊ ကျွန်တော်တို့ လေ့လာဖို့ပါ၊ အမှန်ကို ဖော်ထုတ်ဖို့နဲ့ စည်းကမ်းတကျအရေးယူဖို့ ဒီအဖွဲ့ကို ဖွဲ့တာပါ၊ စစ်ဆေးလေ့လာတာတွေကို အမြန်ဆုံးလုပ်သွားမှာပါ " ဟု ဆိုသည်။

ဦးဉာဏ်ဝင်းကိုယ်တိုင် အဖွဲ့ဝင်ခေါင်းဆောင်အဖြစ်ပါ၀င်သည့် လေ့လာသုံးသပ်ရေးအဖွဲ့ကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသအတွင်းရှိ ကိစ္စရပ်များအား လေ့လာ၍ တွေ့ရှိချက်များအား သုံးသပ်တင်ပြနိုင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း နိုဝင်ဘာ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့က အဖွဲ့ဝင်အဖြစ် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

သတင်းထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၅.၁၁.၂၀၁၆ ရက်နေ့တွင ်ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကိစ္စရပ်များအား လေ့လာ၍ တွေ့ရှိချက်များအား သုံးသပ်တင်ပြနိုင်ရန် လေ့လာသုံးသပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly