တစ်နေ့မှ မမေ့ရမည့် အာဇာနည်နေ့

တစ်နေ့မှ မမေ့ရမည့် အာဇာနည်နေ့

သည်ရက်ပိုင်းထဲတွင် ဖတ်ရသည့် သတင်းစာများနှင့် ဂျာနယ် အချို့တို့တွင် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာနှင့် အာဇာနည်ကြီးများ၏ အထုပ္ပတ္တိများ၊ တွေ့ဆုံမေးမြန်းသည်များကို တွေ့မြင်ရသည့်အတွက် လွန်စွာ ဝမ်းသာပီတိ ဖြစ်ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်မှ စ၍ မှေးမှိန်နေခဲ့ရသည့် အာဇာနည်နေ့ကို ယခုနှစ်တွင် ထိုရက် မတိုင်ခင်ကပင် သတင်းဆောင်းပါးနှင့် တွေ့ဆုံမေးမြန်းခန်းတို့ကို သတင်းဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကို ပြည်သူများက ဝမ်းပန်းတသာ ဖတ်ရှုကြသည်ကိုလည်း တွေ့မြင်ကြားသိရသည်။ မြန်မာနိုင်ငံအတွက် ကမ္ဘာတည်သရွေ့ မမေ့နိုင်ကြရမည့် ထိုနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်း အမှန်ကို ယခု အသက် ၂၀ အောက် ကလေးအချို့ မသိကြပေ။ မသိအောင် မည်သည့်အတွက် လုပ်ခဲ့ကြသည်။ မေ့ပျောက်အောင် မည်သို့ လုပ်ခဲ့ကြသည်ကို ပြန်၍ မတူးဖော်လိုပါ။ သို့သော်လည်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင် ထားရှိမည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ဖြစ်ပေါ်စေရန် အာဇာနည်နေ့ကို မမေ့မလျော့ အမှတ်ရခြင်းက အရေးပါကြောင်း မည်သူမျှ ငြင်း၍ မရနိုင်ပါ။

ကျွန်မတို့ ငယ်စဉ်ကတည်းက အာဇာနည်နေ့ မတိုင်ခင်မှာပင် ရေဒီယိုမှ အာဇာနည်နေ့နှင့် သက်ဆိုင်သည်များကို ထုတ်လွှင့်ပေးသလို သတင်းစာများတွင်လည်း ဖော်ပြပေးခဲ့သည်။ ကျောင်းနေခဲ့ရသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းတို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စကားရည်လုပွဲ၊ ကျပန်း စကားပြော ပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများကို ကျောင်းတိုင်းတွင် ကျင်းပ ပြုလုပ်ပေးသည်။ ထိုစဉ်က ကျောင်းသား၊ ကျောင်းသူတိုင်း ကျဆုံးခဲ့ရသည့် အာဇာနည် ကိုးဦး အမည်နှင့် အထုပ္ပတ္တိကို မသိသူ မရှိခဲ့ကြသလို ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီးများ ဘာကြောင့် ကျဆုံးခဲ့ရသည်ကိုလည်း သိကြပြီး အာဏာကို မက်မောတပ်မက်၍ လိုချင်သူ တစ်ဦးက နယ်ချဲ့ အကူအညီဖြင့် မည်သို့ ရက်ရက်စက်စက် သတ်ဖြတ်သဖြင့် ကျဆုံးခဲ့ရသည်ကိုလည်း သိကြပါသည်။

ထို့ကြောင့် အာဇာနည်နေ့ကို မမေ့သင့်သည့် အကြောင်းတရားကို ဆန်းစစ်လျှင် အာဏာလိုချင်သဖြင့် မိမိတစ်ယောက်တည်း ကောင်းစားရေးအတွက် နိုင်ငံနှင့် လူမျိုး အတွက်သာမက လူလူချင်း မပြုလုပ်သင့်သည်ကို လုပ်ရဲသည့် မကောင်းသည့် စိတ် ဖြစ်ပေါ်ပြီး လူမျိုးခြား၊ တိုင်းတစ်ပါးကို အားကိုသည့် စိတ်ကြောင့် နိုင်ငံအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေသည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် ဝါးအစည်းပြေသလို ဖြစ်၍ လွတ်လပ်ရေးရပြီး မကြာခင်မှာပင် တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေကြသည့် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားခဲ့ရသည်မျာ ယနေ့ထက်တိုင်ပင် ရှိနေဆဲ ဖြစ်သည်။ ပြည်တွင်း စစ်ပွဲကြောင့်သာမက နိုင်ငံ၏ အုပ်ချုပ်ရေး စနစ်များ မတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံသည် အဘက်ဘက်မှာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်နေရမှုများကလည်း ယနေ့အထိ အဖြေရှာ မရနိုင်သည့် ပုစ္ဆာ တစ်ပုဒ်လိုပင်။ သယံဇာတ မျိုးစုံ ထွက်ရှိနေပြီး စိမ်းလန်းသည့် သစ်တောနှင့် စိုက်ပျိုးသီးနှံ မျိုးစုံ စိုက်ပျိုး၍ ရနိုင်သည့် နိုင်ငံရှိ လူများက ဆင်းရဲသထက် ဆင်းရဲနေကြရသည်မှာ အာဇာနည်ကြီးများကို လုပ်ကြံခဲ့ရသည့် အာဇာနည်နေ့ကို မေ့ပျောက်ခဲ့စေခြင်း၏ အကျိုးဆက်ဟု ဆိုချင်သည်။

ကြီးကျယ်သော အခမ်းအနားများနှင့် အာဇာနည်နေ့ကို ကျင်းပခြင်းထက် အာဇာနည် ခေါင်းဆောင်တို့ ထားရှိသည့်  နိုင်ငံချစ်စိတ်နှင့် ကိုယ်ကျိုးစွန့် စိတ်ဓါတ်မျိုး နောင်လာမည့် လူငယ်များတွင် ဖြစ်ပေါ်စေရန် ပြုလုပ်ပေးနိုင်မှ ကျွန်မတို့ လိုချင်သည့် ခေတ်မီတိုးဖွံ့ဖြိုးတက်သည့် နိုင်ငံတော်သစ်  ဖြစ်လာမည်။ သို့မဟုတ်ပါက မိမိ မိသားစု ဆွေမျိုး အသိုင်းအဝန်း ကောင်းစားရေးအတွက်သာ ရှေ့ရှုသည့် လုပ်ကြံမှု ဖန်တီးခဲ့သူ၏ စိတ်ဓါတ်မျိုး နိုင်ငံရှိ ပြည်သူများ စိတ်တွင် ကိန်းအောင်းပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရော ဖြစ်လာကြ၍ နိုင်ငံ့ အာဇာနည် သားကောင်းများစွာ ကျဆုံး ရနိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို တကယ် အမှတ်ရ အောင့်မေ့ကြသည် ဆိုလျှင် ယနေ့နိုင်ငံတွင်း ဖြစ်ပျက်နေသည့် စစ်ပွဲများ၊ ဆင်းရဲမွဲတေမှုများ လျော့နည်း ပပျောက်အောင် လုပ်ဆောင်နိုင်ကြရမည်သာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လျှင် ကြည်ညိုလျှင် သူလိုလားသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လွတ်လပ်ရေး အဓွန့်ရှည် တည်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သော်လည်း အပြောသာရှိပြီး လက်တွေ့ကျကျ မလုပ်ဆောင်ကြသည်ကို တွေ့ရသည်။ တကယ်သာ ဗိုလ်ချုပ် ပြောစကား နားထောင်ပြီး အာဇာနည်နေ့တွင် ဖြစ်ပျက် ခဲ့သည်များကို မမေ့လျှင် ယခုနိုင်ငံတွင် ဖြစ်ပျက်နေသည့် အခြေအနေများဖြစ်လာစရာ အကြောင်းမရှိပါ။

မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းနေသည့် ဗိုလ်ချုပ်နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို မသမာသူတို့က လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်နေ့ ရောက်လျှင် သတိရ လွမ်းဆွတ်သည့် အခမ်းအနား ပြုလုပ်ကြသလို တစ်နှစ်ပတ်လုံးလည်း အောက်မေ့ သတိရ လွမ်းဆွတ် စေလိုသည်။ ပြည်သူများအား ဇူလိုင် ၁၉ တစ်ရက်ကိုသာ အလေးပြုရန် ဝင်ခွင့်ပေးခြင်းထက် တစ်နှစ်ပတ်လုံး အာဇာနည် ဗိမာန်သို့ ဝင်ခွင့်ပြုလျှင် ပို၍ သင့်တော်မည်ဟု ထင်သည်။ ကျွန်မတို့ ငယ်စဉ်က အာဇာနည်များ လဲလျောင်းရာ ဗိမာန်သည် တစ်ဦးချင်းစီ အုတ်ဂူတွင် ၎င်းတို့ အမည်၊ ဝန်ကြီးဌာနနှင့် တာဝန်ထမ်းဆောင်သည့် ရာထူး၊ မွေးဖွားသည့် ခုနှစ်များကို ရေးထိုးထားလျှက် ထိုဂူတစ်ခုစီ၏ အပေါ်တွင် ဓါတ်ပုံ တစ်ပုံစီ ထားရှိသဖြင့် သမိုင်းကြောင်းမသိလျှင် သော်မှ ရောက်ဖူးလျှင် အမှတ်ရနိုင်ကြသည်။ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားသည့် အတွက် နိုင်ငံအနှံ့အပြားမှ ပြည်သူများ လာရောက်ဂါရဝပြုပြီး ဗိုလ်ချုပ်နျင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို မမေ့နိုင်ခဲ့ကြပေ။

ကျွန်မတို့ အသက်အရွယ်ထိ ရှိသူတွေ ယခုထိ အမှတ်ရဆဲ ရှိနေသလို နောင်လာမည့် မျိုးဆက်သစ်များလည်း အာဇာနည်များကို အမြဲတမ်း အမှတ်ရစေမည့် အစီအမံ ဆောင်ရွက်ချက်များ ပြုလုပ်ပေးသင့်ပါသည်။ သို့မှသာ လူငယ် ဘဝကတည်းက နိုင်ငံအတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံလိုသည့် စိတ်များ သန္ဓေတည် ကိန်းအောင်းလာကြမည် ဖြစ်ရာ တစ်နှစ်တစ်ခါ သာ သတိရသည့် အာဇာနည်နေ့မျိုး မဟုတ်ဘဲ အမြဲ ထာဝစဉ်တစ်နှစ်ပတ်လုံး သတိရနေမည့် တစ်နေ့မှ မမေ့ရမည့် အာဇာနည်နေ့ ဖြစ်အောင် တာဝန်ရှိသူများက လုပ်ဆောင်ပေးသင့်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly