တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း လက်မှတ်ထိုးရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဆွေးနွေးရန် သေချာပြီဟု MPC အရာရှိပြော

တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း လက်မှတ်ထိုးရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဆွေးနွေးရန် သေချာပြီဟု MPC အရာရှိပြော
UPWC နှင့် NCCT တို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ၂၀၁၄ခုနှစ်၊ သြဂုတ် ၁၄ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ ဘိုဘို)
 

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) မှ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇူလိုင်လ ၁၈ ရက် ညနေ ၄ နာရီမှ ၆ နာရီခွဲထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းနှင့် နိုင်ငံရေးမူဘောင်များ ရေးဆွဲနိုင်ရေးအတွက် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တွင် မပါဝင်သဖြင့် RCSS ကို သီးသန့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) မှ အရာရှိတစ်ဦးက ပြောသည်။

“ဒီနေ့တွေ့တာက အန်စီအေကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့နဲ့ လက်မှတ်ထိုးပြီးရင် Framework (နိုင်ငံရေးမူဘောင်)တွေ ဆက်ပြီးတော့ ဆွေးနွေးနိုင်ဖို့ သေချာပါပဲ။ အဲဒီ့အတွက် အပြန်အလှန် သဘောထား အမြင်တွေ ဖလှယ်တာပေါ့ဗျာ။ ဘာလို့တုန်းဆိုတော့ SD ထဲမှာ အာစီအက်စ်အက်စ်က မပါတာကိုး။ မပါတော့ သူ့ကို ရှင်းပြတာ”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။  

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေ၊ ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့ ပါဝင်ဆွေးနွေးခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖိုး၊ ဗိုလ်မှူးကြီး ထူးထူးလေး၊ ပဒိုစော တာဒိုမူးတို့ အပါအဝင် သုံးဦးနှင့် RCSS ဘက်မှ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်၍ ဦးဟန်ညောင်ဝေ၊ ဗိုလ်မှူး စိုင်မိန်းတို့ ပါဝင်ဆွေးနွေးခဲ့သည်။

ဇူလိုင်လ ၁၆ ရက်က KNU နှင့် RCSS အဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းနှင့် နိုင်ငံရေး မူဘောင်များနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝန်ကြီး ဦးအောင်မင်းဦးဆောင်သော အဖွဲ့သည် ဇူလိုင် ၁၉ရက်တွင်လည်း ပဒိုနော်စီဖိုးရာစိန် ဦးဆောင်သော အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

လာမည့် ဇူလိုင်လ ၂၂ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် UPWC တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရန် ကြိုဆင်ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly