ရန်ကုန်က အထပ်မြင့်အဆောက်အအုံတွေမှာ ထရန်စဖော်မာ ထည့်သွင်းရမည့် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးသမားအချို့ အခက်ကြံုနေ

ရန်ကုန်က အထပ်မြင့်အဆောက်အအုံတွေမှာ ထရန်စဖော်မာ ထည့်သွင်းရမည့် ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးသမားအချို့ အခက်ကြံုနေ
 ရန်ကုန်မြို့က အထပ်မြင့်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

အစိုးရသစ်လက်ထက် ပြန်လည်စီစစ်နေဆဲ ကာလတုန်းက ခဏရပ်ဆိုင်းထားတဲ့ ရန်ကုန်ကအထပ်မြင့် အဆောက်အဦးတစ်ချို့ကတော့ ပြန်လည် လည်ပတ်နေတာတွေရှိနေပါပြီ။ ဒါပေမယ့် အသေးစားအဆောက်အဦး လုပ်ငန်းတွေမှာတော့ ထရန်စဖော်မာထည့်သွင်းရမယ်ဆိုတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ သတ်မှတ်ချက်ကလည်း အငြင်းပွားစရာဖြစ်နေတုန်းပါ။

အစိုးရသစ်တက်လာပြီးချိန် လအနည်းငယ်ထဲမှာပြောစရာဖြစ်ခဲ့တဲ့ စီးပွားရေး မြို့တော်ရန်ကုန်က အထပ်မြင့်အဆောက်အဦးတွေ ရပ်ဆိုင်းခဲ့တာကြောင့်   မြန်မာ့စီးပွားရေး တည်ငြိမ်မှုအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သလိုဆောက်လုပ် ရေးနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းအချို့ ကျဆင်းခဲ့တာတွေရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အိမ်ခန်းအရောင်းအဝယ်တွေ အလုပ်သိပ်မဖြစ်ခဲ့တာမျိုးလည်း   ဖြစ်ပေါ်ခဲ့ပါတယ်။

အခုတော့ အအထပ်မြင့်အဆောက်အဦးတစ်ချို့ကို အစိုးရကပြန်လည်ဆောက်လုပ်ခွင့်ပေးခဲ့တာကြောင့် အိမ်ခန်းအရောင်းအဝယ်တစ်ချို့ အနည်းငယ် လှုပ်ခတ်လာတယ်လို့ ရန်ကုန်က ဝါရင့်   ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"ဒီအစိုးရသစ်တက်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ဆောက်ခွင့်ပါမစ်တွေ လုံးဝလက်မခံဘူး။ ဆိုင်းငံ့ထားတဲ့ ဟာကိုလည်းအခုပြန်ပြီးတော့ လက်ခံနေပါပြီတင်လို့ရပါပြီ..ဖြစ်တဲ့အတွက် လုပ်ငန်းတွေက အရင်ထက်စာရင်တော့ လှုပ်လှုပ်ရွရွဖြစ်လာတယ် အရင်တုန်းကအခန်းတွေကို လုံးဝတောင်မေးမယ့် လူမရှိတဲ့အခြေ အနေဘဝကနေ အခု အခန်းဝယ်မယ့်သူတွေ နည်းနည်းပါးပါး စုံစမ်းမေးမြန်းတဲ့ အဆင့် ရောက်လာတဲ့အတွက် အနည်းငယ် တိုးတက်လာပြီလို့တော့ ဆိုနိုင်ပါတယ်။" လို့ ကမ္ဘာ့ဘုရင် အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုအောင်က ပြောပါတယ်။

ဒါပေမယ့် ၃ (ခန်း) (ထပ်)နဲ့ အထက် တိုက်ခန်းတွေမှာ ထရန်စဖော်မာတပ်ဆင်ထည့်သွင်းပေးရမယ်ဆိုတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အခုနှစ် သြဂုတ်လအတွင်း ထုတ်ပြန်ချက်ကြောင့်  ဆောက်လုပ်ရေးလုပ်ငန်းသမားတွေအဖို့ အခက်ကြံုနေရတယ်လို့ သိရပါတယ်။

"အခုလူတိုင်းခံစားနေရတယ်၊ လျှပ်စစ် ဒီသုံးခန်းကျော်ရင် ထရန်စဖော်မာထိုင်ရမယ်ဆိုတဲ့ အခက်ခဲပေါ့ အဲတော့ သုံးခန်းကျော်ရင် ထရန်စဖော်မာထိုင်ရမယ်ဆိုတော့ လျှပ်စစ်ဘက်ကလဘဲ ဘာအခက်ခဲဖြစ်လဲဆိုတော့ သုံးခန်းကျော်လို့ လျှပ်စစ်ဓာတ်အားပျောက်တဲ့ပေါ်မှာအခြေခံပြီးတော့ ဒီသုံးခန်းကျော်ရင် ထရန်စဖော်မာထိုင်ရမယ်ဆိုတာဖြစ်လာတာပါ။ အဲတော့ သုံးခန်းကျော်ရင် ထရန်စဖော်မာထိုင်ရမယ်ဆိုတော့ ဥပဒေက ၁၁ ရက် ၈လမှာလားမသိဘူးဒီဥပဒေကိုထုတ်လိုက်တာအဲဒီအရင် ပါမစ်ထွက်တဲ့ လူအားလုံးကလည်း ဥပဒေနောက်ကြောင်းပြန်သက်ရောက်တယ်ဆိုပြီး အားလုံးကလည်း သူတို့လည်းတိုက်တွေပြီးသွားပြီတော့ မီးတွေမရကြတဲ့ အခြေနေဖြစ်နေတယ်။ အဲဒါကရန်ကုန်မှာကန်ထရိုက်တွေအခုနံပါတ်တစ် ခံစားနေရတာ…" လို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးလားဇယ်က ရှင်းပြပါတယ်။

ဒါဟာ ဥပဒေမှာနောက်ကြောင်းပြန်သက်ရောက်မှုရှိနေတဲ့ သဘောမျိုးလို့ သူကဆက်ပြောပါတယ်။ အရင်ကဆို ၁၈ ခန်းနဲ့ အထက်မှ ထရန်စဖော်မာထိုင်ရမှာ ဖြစ်ပြီးအခုအပြောင်းအလဲက အိမ်ခန်းစျေးတွေ မြင့်တက်သွားနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ချို့ကသုံးသပ်ကြပါတယ်။

အဲဒိလိုမျိုးသာထရန်စဖော်မာထည့်သွင်းမပေးနိုင်ဘူးဆိုရင် ၀ယ်ယူသူတွေအတွက် နေထိုင်ခွင့် ပါမစ်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီလိုအခက်ခဲတွေရှိနေပေမယ့် ဆောက်လုပ်ရေးလောက ပြန်လည်ဦးမော့လာဖို့တော့ သူကမျှော်လင့်ထားပါတယ်။

"ရန်ကုန်မြို့မှာတကယ်လို့များ အရမ်းလူနေသိပ်သည်းပြီးတော့ မြို့သစ်တွေဖော်ဖို့ စီမံကိန်းတွေ အစိုးရကမူလအစိုးရထဲကရှိမယ်လို့ထင်ပါတယ်။အဲလို မြို့သစ်စီမံကိန်းတွေ ဖွံ့ဖြိုးလာရင် ကျတော်တို့ကလဲ   ဆောက်လုပ်ရေးကနောက်ထပ် ဒီထက်ပိုပြီးအရှိန်ကြီးနဲ့ လုပ်ရမယ့် အလုပ်တွေအများကြီးရှိပါသေးတယ် အဲတော့ ဆောက်လုပ်ရေးလောကအနုတ်ဘက်ကိုမသွားဘဲနဲ့ အပေါင်းဘက်ကိုပဲ ဆက်ပြီး သွားရမယ်။ ဘာလို့လဲဆိုတော့ နိုင်ငံကအခုမှ ဖွံ့ဖြိုးတိုးတက်ပြီးကဏ္ဍအသီးသီးကလုပ်ရမယ့် အပိုင်းတွေ အကုန်ရှိတဲ့အတွက် အချိန်ကောင်းလို့ ကျတော်က မြင်တယ်။" လို့ ဦးလားဇယ်က ဆက်ပြော ပါတယ်။

အခုလက်ရှိ ရန်ကုန်မှာ မြို့တော်စည်ပင်ကလိုင်စင်ရကန်ထရိုက် ၁၂၀၀ ကျော်လောက်ရှိနေတာပါ။ အရင်စစ်အစိုးရလက်ထက်က ဆောက်လုပ်ရေးလောကက ရွှေတစ်ခေတ်ကိုရောက်ရှိခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလုပ်သာကိုင် သာရှိခဲ့ပြီး ဒီအချိန်ကတော့ အခက်ခဲဆုံးအချိန်လို့ လုပ်ငန်းရှင်တစ်ချို့ကမှတ်ချက်ပေးပါတယ်။ ခန့်မှန်းမှုတွေရှိနေတဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွေ အလွန် မြန်မာ့စီးပွားရေးအားကောင်းလာမယ့် အချိန်မှာတော့ ဆောက်လုပ်ရေးလောကပိုပြီးတည်ငြိ်မ်စွာနဲ့ ဖွံ့ဖြိုးလာနိုင်ဖို့ကိုတော့ မျှော်လင့်ချက်တွေကရှိနေတုန်းပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly