မြိတ်ခရိုင်သည် တနင်္သာရီတိုင်းအတွင်း ဒီရေတော ထိခိုက်မှုအများဆုံး နေရာတစ်ခုဖြစ်ဟုဆို

မြိတ်ခရိုင်သည် တနင်္သာရီတိုင်းအတွင်း ဒီရေတော ထိခိုက်မှုအများဆုံး နေရာတစ်ခုဖြစ်ဟုဆို

မြိတ်၊ နိုဝင်ဘာ - ၂၆ ။               ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မြိတ်ခရိုင်သည် ဒီရေတော အများပြားဆုံးတွေ့ရပြီး ထိခိုက်မှု အများဆုံး နေရာတစ်ခုလည်းဖြစ်ကြောင်း နို၀င်ဘာ ၂၆ တွင်ကျင်းပသည့် ဒီရေတောပွဲတော်တွင် ထားဝယ်သုတေသန အသင်းဥက္ကဌ ဦးဇော်သူရက မီဒီယာများ၏ မေးမြန်းမှုကိုပြောကြားသည်။

“ မြိတ်ခရိုင်က ဒီရေတောအများဆုံးရှိတဲ့နေရာပါ။ ပြီးလို့ရှိရင်လည်း ထိခိုက်မှုအများဆုံး ရှိတဲ့ နေရာ ဆိုပြီး တော့ သုတေသနကနေ ပြောပါတယ်။ ဒါကြောင့် ဒီရေတောတွေကို ထိန်းသိမ်းနိုင်ဖို့   မြိတ်ခရိုင်လူထုကို အသိပေးဖို့ပါ ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အနာဂတ်လူငယ်များအတွက် ဒီရေတောထိန်းသိမ်းမှုကို လက်ဆင့်ကမ်းနိုင်ရန်အတွက်လည်း ယခုကဲ့သို့ ဒီရေတောပွဲတော်ကို တနင်္သာရီတိုင်း၌ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်၍ အသိပညာပေး မျှဝေခြင်း ၊ ဒီရေတောနှင့်သက်ဆိုင်သည့် ဓာတ်ပုံပြခန်းများ ပြသခြင်းဖြစ်သည်ဟု ဦးဇော်သူရကပြောသည်။

တနင်္သာရီတိုင်းတွင် ၁၉၈၀ ခုနှစ် စာရင်းအရ ဒီရေတော ၆၄၇,၅၇၁ ဧက ရှိပြီး ၂၀၀၈ ခုနှစ်တွင် ၄၈၉,၀၂၅ ဧကထိ လျော့နည်းသွားသည်ဟု ထားဝယ်ခရိုင် ဒီရေတောများသုတေသနစာတမ်းအရ သိရသည်။

ဒီရေတောပြုန်းတီးရသည့် အဓိကအကြောင်းတရားများမှာ မြေအသုံးချမှုအတွက် ခုတ်ထွင် ရှင််းလင်းခြင်း၊ ငါး၊ ပုဇွန်မွေးမြူခြင်း၊ ဆိပ်ကမ်းများ တိုးချဲ့ဆောက်လုပ်ခြင်း၊ အခြားစီးပွားရေး အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း ၊ လယ်မြေ၊ ခြံမြေများ အသစ်ဖော်ထုတ်ခြင်း၊ ဒီရေမဝင်အောင် ဒီရေတောများကို တာပတ်၍ ဒီရေတောသတ်ခြင်း၊ ခရီးသွားလုပ်ငန်းအတွက် စနစ်မကျသော အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း နှင့် ဒီရေအတက်အကျပုံမှန်စီးဝင်ရန် လမ်းကြောင်းပိတ်ခြင်းတို့ကြောင့် အများဆုံး ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

တနင်္သာရီကမ်းရိုးတန်းအရှည် ကီလိုမီတာ ၁၂၀၀ ကျော်၌ ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒီရေတော (၁,၇၄၁,၀၆၀) ဧက ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly