ဗိုလ်မှူးကြီးဗထူး ထာဝရ လဲလျောင်းနေသည့် တဲ့လုရွာ ..... သူရဲကောင်းတစ်ဦးအား ဦးညွှတ်ခြင်း ခရီးရှည် (နိဂုံးပိုင်း)

26 November 2016
ဗိုလ်မှူးကြီးဗထူး ထာဝရ လဲလျောင်းနေသည့် တဲ့လုရွာ ..... သူရဲကောင်းတစ်ဦးအား ဦးညွှတ်ခြင်း ခရီးရှည် (နိဂုံးပိုင်း)

အိမ့်မျက်တို့ အခု တဲ့လုရွာကတော့ နီးသထက် နီးလာပါပြီး ဒါပေမယ့် လမ်းတော်တော်ဆိုးတဲ့နေရာတွေ ရှိနေသေးလို့ ကျွန်မတို့ကို ဒီ မြေတူးကားကြီးနဲ့ သွားရပါလိမ့်မယ်။  လိုက်ပို့တဲ့သူတွေက သွားလို့ရအောင်စီစဉ်ပေးတဲ့သဘောပါပဲ။

ဒီကားကြီးကတော့ ဒီလမ်းဖောက်ဖို့ ကူညီပေးနေတဲ့ အောင်ပြည့်ရှင် ၉၉၉ ကုမ္ပဏီက ကားတွေပါ။ မြေတူးကားကြီးပေါ်မှာလည်း ရင်တထိတ်ထိတ်နဲ့ပါပဲ။ ကားဆရာကတော့ မြေတူးကားကို ကျွမ်းကျင်စွာ ထိန်းပြီးတော့ မောင်းပေးပါတယ်။ ဒီလိုလမ်းမျိုးကို လမ်းလျှောက်ပြီးတော့ လာရရင် တဲ့လုရွာကို ဘယ်အချိန်ရောက်မလဲဆိုတာကို မပြောတတ်ပါဘူး။ အခုတော့ ခဏလေးအတွင်းမှာပဲ တဲ့လုရွာထိပ်က စေတီလေးကို လှမ်းမြင်နေရပါပြီ။

ဗိုလ်မှူးကြီးဗထူးဟာ ငှက်ဖျားရောဂါကြောင့် တဲ့လုစခန်းမှာ ကျဆုံးသွားတယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် သူဟာ တိုက်ပွဲမှာ ဒဏ်ရာရပြီးတော့ တဲ့လုမှာ ဆေးကုနေရင်းနဲ့ ဆုံးသွားတယ်လို့ ယုံကြည်နေကြတဲ့ လူနည်းစုကလည်း ရှိနေပါသေးတယ်။ တကယ်တော့ သမိုင်းကြောင်းတွေက အထောက်အထားရှိမှ တိကျမှန်ကန်ပါလိမ့်မယ်။

ဗိုလ်မှူးကြီးဗထူး ကျဆုံးပုံအကြောင်း အထောက်အထားအခိုင်အမာတချို့ကို ဒေါက်တာသန်းမင်းထွဋ်က အခုလို ရှင်းပြပါတယ်။

ဒေါက်တာသန်းမင်းထွဋ်

(ဒုဥက္ကဌ) ရာပြည့်ပွဲ ဖြစ်မြောက်ရေးကော်မတီ

ပထမဆုံးအထောက်အထားက ဘာလဲဆိုတော့ ဗိုလ်ကြီးအာဠာဝက၊ ဗိုလ်ကြီးအာဠာဝကဆိုတာက ဗိုလ်မှူးကြီးဗထူး ကျသွားတဲ့အချိန်မှာ သူ့နေရာမှာ တာဝန်ယူရတဲ့ ဗိုလ်ကြီးပါ။ အဲဒီဗိုလ်ကြီးက ဗိုလ်ကြီးဗထူး ကျသွားပြီးတဲ့အချိန်မှာ တပ်ကို ပြန်ပြီးတော တာဝန်ယူရတယ်။ တာဝန်ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ အောင်ပန်းကို မရောက်ရောက်အောင် ချီတက်ပြီးတော့ အောင်ပန်းကို သိမ်းကြတယ်။ အောင်ပန်းကို သိမ်းလို့ရတဲ့အခါကျတော့ ဗိုလ်မှူးကြီးဗထူး ကျသွားပြီဆိုတဲ့အကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းဆီကို သူတို့ စာရေးရတယ်။ အဲဒီစာရဲ့ Original မူရင်းက ကျွန်တော်တို့ဆီမှာရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒီစာထဲမှာ ဘာရေးထားလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းဆီကို ဗိုလ်ကြီးအာဠာဝက ကနေပြီးတော ့ရေးတဲ့စာထဲမှာ ဗိုလ်မှူးကြီးဗထူးက တိုက်ပွဲဒဏ်ရာနဲ့ ရတာမဟုတ်ဘူး သူ ငှက်ဖျားရောဂါနဲ့ ကျတယ်ဆိုတာ ပါပါတယ်။ ဒါကြောင့် သမိုင်းအထောက်အထားအရ အင်မတန် ခိုင်လုံတဲ့ အထောက်အထားဖြစ်ပါတယ်။ ဒါက နံပါတ်တစ် အထောက်အထားပါ။

နံပါတ်နှစ်အထောက်အထားက ဘာလဲဆိုတော့ ဆရာတို့ ဘာရလဲဆိုတော့ ဗိုလ်မှူးကြီးဗထူးနဲ့ အတူတူ စစ်ချီလာတဲ့အထဲမှာ ဆေးဗိုလ်ကြီးတစ်ဦး ပါလာပါတယ်။ ဆေးဗိုလ်နာမည်က ဗိုလ်ကြီး စောနော်ခမ်းပါ။ အဲဒီဗိုလ်ကြီးရဲ့ တပည့်က ဆေးမှူး အုန်းမောင်လို့ ခေါ်ပါတယ်။ ဆေးမှူး အုန်းမောင်ကကျတော့ အဲဒီတိုက်ပွဲမှာ သူက ဗိုလ်မှူးဗထူး မကျဆုံးခင် ဆုံးမယ့်အချိန်မှာ ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ မနက်ပိုင်း အိပ်ရာနိုးတဲ့အချိန်ကစပြီး ဗိုလ်မှူးဗထူး သေသွားတဲ့ အချိန်ထိကို ဒိုင်ယာရီ ရေးထားပါတယ်။ ဒိုင်ယာရီရေးတာက သူက နေ့ခင်းပိုင်းမှာဘယ်သူလာတယ်၊   နောက်ပြီးတော့ ဆေးထိုးဖို့အတွက် သူတို့ ဆေးတစ်ခုရှာတယ်။ ဘယ်လိုမှ ရှာလို့မတွေ့ဘူး။ ရှာလို့မတွေ့တဲ့အခါကျတော့ ဒီဆေးကို သူတို့ ရဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားတယ်။ ဒီဆေး နောက်ဆုံး ဘယ်လိုမှ  ဝယ်လို့မရတဲ့ ရှာလို့မရတဲ့အချိန်မှာပဲ ဗိုလ်မှူးကြီးဗထူးက တဖြည်းဖြည်းနဲ့ ဖောက်လာပြီး ည ၈ နာရီ ၁၀ မိနစ်မှာ ဆုံးပါးသွားတယ်။ သူက စာမျက်နှာနဲ့ဆိုရင် ပုံနှိပ်စာမျက်နှာနဲ့ဆိုရင် ၈ မျက်နှာလောက် ရှိပါတယ်။ အဲဒီ ၈ မျက်နှာလောက်ရှိတဲ့ဟာကို အသေးစိတ် တစ်ရက်တည်းဟာကို အသေးစိတ် ရေးသွားတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒါသည် အင်မတန်ခိုင်လုံတဲ့ အထောက်အထားပါ ဒါက ဒုတိယ ဆရာတို့ရထားတဲ့ အထောက်အထားဖြစ်ပါတယ်။

တတိယအထောက်အထားကတော့ ဆရာကိုယ်တိုင် ပြီးခဲ့တဲ့လ မေလ ၂၇ ရက်နေ့က ဘဘဦးတင်ဦးနဲ့ ဆရာတို့ အင်တာဗျူး သွားလုပ်ပါတယ်။ သွားလုပ်တဲ့အခါကျတော့ ဘဘဦးတင်ဦးက ဗိုလ်မှူးကြီးဗထူးရဲ့တပ်မှာ လာပြီးတော့ Report လုပ်ရတဲ့ ဗိုလ်လေးပါ။ အဲတုန်းကပေါ့။ အဲအခါကျတော့ ဘဘကို ဆရာက အဲဒီမေးခွန်းကို ဒဲ့မေးပါတယ်။ ရွာငံမှာရှိနေတဲ့သူတစ်ယောက်က ပြောနေတယ်၊ ဒီလူက ဘာပြောလဲဆိုတော့ ဗိုလ်မှူးဗထူးဟာ တိုက်ပွဲမှာရတဲ့ဒဏ်ရာနဲ့ ဆုံးတယ်လို့ ကျွန်တော်ကို ပြောနေတယ်။ သူပြောတာ မှန်လား ဘဘ ဘယ်လိုသိထားလဲ ကျွန်တော်ကို ဖြေပါလို့ ပြောတဲ့အခါကျတော့ ဘဘဦးတင်ဦးက တောက်တီးတောက်တက်ကွာ ဘယ့်နှယ့် တိုက်ပွဲမှာ ဒဏ်ရာရရမှာလဲတဲ့ သူက ငှက်ဖျားဖြစ်ပြီးတော့ ဆုံးတာတဲ့ ငှက်ဖျားမဖြစ်ခင်မှာ ဆေးတစ်ခုကို ရှာရသေးတယ်။ ဆေးကို ရှာလို့မရတဲ့အချိန်မှ ဗိုလ်မှူးဗထူးက ရေတိမ်မှာ နစ်ရတာတဲ့။ အဲတော့ ငါ အဲဒါကို သေချာအောင်လို့ ဘယ်လိုသိလဲဆိုတော့ ဗိုလ်မှူးဗထူးမှာတပ်မှာရှိတဲ့ ဗိုလ်တစ်ယောက်က ဘဘဦးတင်ဦး တပ်ရင်းမှူးဘဝမှာ လာပြီးတော့ တာဝန်ကျတယ် တာဝန်ကျတဲ့အခါကျတော့ သူက အသေးစိတ်ကို ပြန်မေးတယ်။ ပြန်မေးတဲ့အခါကျတော့ အဲဒီတိုက်ပွဲဗိုလ်မှူးဗထူး ဆုံးတဲ့အချိန်မှာ သူအနားမှာမရှိဘူး။ ဒါပေမယ့် ခုနကပြောတဲ့တစ်ယောက်ကတော့ အနားမှာရှိတယ်။ အဲဒီတစ်ယောက်ကို ငါတို့ဗိိုလ်မှူး ဘယ်လိုဆုံးလဲဆိုတာကို အသေးစိတ် ပြန်မေးတယ်တဲ့။ အဲခါကျတော့ ပြန်ပြီးတော့ ပြောပြတယ်။ ပြောပြတဲ့အကြောင်းအရာသည် ဆေးမှူးအုန်းမောင်ပြောတဲ့ အကြောင်းအရာနဲ့ တစ်ထပ်တည်းပါတဲ့။ အဲဒါဆိုရင်တော့ ရှင်းသွားကြမှာပါ။

ဒါဟာ ဗိုလ်မှူးကြီးဗထူး တဲ့လုစခနး်မှာ ဘယ်လိုကျဆုံးတယ်ဆိုတာကို ပြောပြနေတဲ့ သမိုင်းအထောက်ထားတွေပါပဲ။ ဟိုတုန်းကတော့ ဒီစာတွေဟာ သတင်းစကားပေးပို့တဲ့ အစီရင်ခံစာတစ်ခု နေ့စဉ်မှတ်တမ်းတစ်ခုပါ။ အခုတော့ ဒီစာဟာ သမိုင်းမှတ်တမ်းအဖြစ် အသုံးပြုနိုင်တဲ့ အထောက်အထားတွေ ဖြစ်လာကြပါတယ်။ ဒီ တဲ့လုရွာမှာ ဗိုလ်မှူးကြီးဗထူးကို သချႌုခဲ့တဲ့နေရာအရိုးပြာမြှုပ်ခဲ့တဲ့နေရာတွေလည်း ရှိပါသေးတယ်။ ဒါတွေကိုတော့ ဟို ဘိုးဘွားတွေ လက်ထက်ကတည်းက စောင့်ရှောက်လာခဲ့ကြတာပါ။

ဗိုလ်မှူးကြီး ဗထူးဟာဆိုရင် အိမ့်မျက်တို့ ဗမာပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဗိုလ်မှူးကြီးဗထူးကိုသာ သေသေချာချာ ပြုစုပျိုးထောင်ပေးမယ်   မြေေတောင််မြောက်ပေးခဲ့မယ်ဆိုရင် ဗမာပြည်မှာသာမကပဲ ကမ္ဘာမှာပါ ထင်ရှားကျော်ကြားတဲ့ စစ်ခေါငး်ဆောင်တစ်ဦး သူရဲကောင်းတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်စွာနဲ့ ချီးကျူးသွားခဲ့ပါတယ်။ ဗိုလ်မှူးရဲ့ ရဲစွမ်းသတ္တိကိုလည်း လေးစားသောအားဖြင့် ဂုဏ်ပြုသောအားဖြင့် ဗိုလ်မှူးကြီးဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးကို တိုးမြင့်ပြီးတော့ ချီးမြင့်ခဲ့တယ်။

ဒါပေမယ့် ဗိုလ်မှူးကတော့ သိမသွားခဲ့ရပါဘူး။ ငှက်ဖျားရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီ နောင်လာနောင်သားတွေ အကုန်လုံးက ဗိုလ်မှူးကြီးဗထူးရဲ့ ရဲစွမး်သတ္တိကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်မှူးကြီးဆိုတဲ့ ဘွဲ့ထူးကိုပဲ လေးလေးစားစား   ခေါ်ယူသုံးစွဲနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ရ၀ ကျော်ကာလက ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက် ည ၈ နာရီ ၁၀ မိနစ်မှာ ဖက်ဆစ်တော်လှန်ရေးကာလက အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးကြီးဗထူးက ဒီနေရာလေးမှာ ကျဆုံးခဲ့ပါတယ်။ အဲဒီအချိန်က အိမ်ခြေနည်းနည်းလေးပဲ ရှိခဲ့တဲ့ ရွာငံမြို့နယ်ထဲက တဲ့လုဆိုတဲ့ ဓနုမြေလေးက နောင်မှာလည်း ဗိုလ်မှူးကြီးဗထူး မထင်မရှား ကျဆုံးခဲ့ရတဲ့ နေရာလေးတစ်ခုအဖြစ် သမိုင်းစာမျက်နှာမှာ ရှိနေပါဦးမယ်။ သူကွယ်လွန်ခဲ့တဲ့အချိန်က ကျွန်းသားတိုင်လေးတစ်တိုင်ပဲ စိုက်ထူနို်င်ခဲ့ပေမယ့် အခုတော့ အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အထိန်အမှတ်ကျောက်တိုင်ကို စိုက်ထူနိုင်ခဲ့ပါပြီး။ ၁၉၁၆ ဇူလိုင်လ ၂ ရက်မှာ မွေးဖွားခဲ့တဲ့ ဗိုလ်မှူးကြီးဗထူးကလည်း ၂၀၁၆ ဇူလိုင် ၁၂ ရက်မှာ အသက် ၁၀၀ ပြည့်ပါတော့မယ်။

အိမ့်မျက် အခု ဒီမှာရောက်နေတာကတော့ ဗိုလ်မှူးဗထူးရဲ့ ကြေးသွန်းရုပ်ကို ထားမယ့်နေရာလို့ သိထားပါတယ်။ ဒီနေရာမှာ ဗိုလ်မှူးကြီးဗထူးရဲ့ ကြေးသွန်းရုပ်အဖြစ် အောက်ခံအုတ်တိုင်ကို ၆ ပေထားမယ်။ ပြီးရင် ကြေးသွန်းရုပ်က အပေါ်တစ်ပိုင်း ၃ ပေထားမယ်။ ဒါက ရာပြည့်ပွဲနေ့ အထိမ်အမှတ်အနေနဲ့ ဒီကြေးသွန်းရုပ်ကို တင်ထားမှာဖြစ်ပါတယ်။ ကြေးသွန်ရုပ်ဘေးမှာလည်း လှပတဲ့ ပန်းခင်းတွေ စိုက်ပျိုးထားပြီးတော့ လှလှပပနဲ့ မြို့ဂုဏ်ဆောင်တစ်ခုအနေနဲ့ အမှတ်တရ ထားရှိမှာဖြစ်ပါတယ်။

တစ်ချိန်ကတော့ ဒီ ရှမ်းတောင်တန်းတွေအပေါ်မှာ နယ်ချဲ့အင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့အတွက် ဆရာစံဦးဆောင်ခဲ့တဲ့ ရဲဘော်တွေ စခန်းချ တိုက်ပွဲဝင်ခဲ့ကြဖူးတယ်။ ဖက်ဆက်တော်လှန်ရေးအတွက် ဗိုလ်မှူးကြီးဗထူးဦးဆောင်တဲ့ ရဲဘော်တွေနဲ့ စခန်းချ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။ ရဲဘော်တွေရဲ့ ငိုရှိုက်သံတွေ ကျယ်လှောင်ခဲ့ဖူးတယ်။ ပြီးတော့ ဒီတောင်တန်းတွေရဲ့ကြားက ရွာငယ်လေးတစ်ရွာမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေခဲ့တဲ့ အရပ်ရှည်ရှည် မေးချွန်ချွန် မျက်လုံးပြူးပြူး မျက်ကွင်းချိုင့်ချိုင့် နှုတ်ခမ်းမွေး မတိုမရှည် ဆံပင် စုတ်ဖွားဖွားသဏ္ဍာန် ရှိတဲ့ ဗိုလ်မှူးကြီးဗထူးဆိုတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦး ထာဝရ လဲလှောင်းနေခဲ့ရတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly