သန့်ရှင်းတဲ့ ဝက်သားတုတ်ထိုး အိမ်မှာ လုပ်စားကြည့်ရအောင်

သန့်ရှင်းတဲ့ ဝက်သားတုတ်ထိုး အိမ်မှာ လုပ်စားကြည့်ရအောင်

ဒီတပတ်ပိတ်ရက်မှာ ၀က်သားတုတ်ထိုးလေးလုပ်စားကြရအောင်။ လုပ်နည်းကတော့ ရိုးရှင်းလွယ်ကူပါတယ်။ ပြီးတော့ အိမ်မှာလုပ်စားတော့ သန့်ရှင်းပါတယ် ။အချဉ်ရည်ကအစ ကိုယ်တိုင်ဖျော်တော့ ဝမ်းပျက်တာဝမ်းလျောတာ မဖြစ်ဘူးပေါ့။ အရောင်တွေ၊ ဆိုးဆေးတွေမပါတော့ ဘေးလည်း ကင်းပါတယ်။ ရုံးပိတ်ရက်၊ အလုပ်အားရက်တွေမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တစ်ပျော်တပါးလုပ်စားကြည့်ပါ။
....

လိုအပ်တာတွေကတော့

၀က်ကလီစာ(အသည်း၊ အူမ၊ အူချိုအူပိတ်၊ နှလုံး၊ ကျောက်ကပ်၊ အချင်းတိုင်နဲ့ နားရွက်)  -၆၀သား
ဂျင်း-၃ကျပ်သား
ဆား- အနည်းငယ်

ငံပြာရည်   -သင့်ရုံ

ကျားမင်း တရုတ်မဆလာ - အနည်းငယ်

ကြက်သွန်ဖြူ- ၅ကျပ်သား
စပါးလင်- ၁ပင်
ပင်စိမ်း -အနည်းငယ်
ပူစီနံ -အနည်းငယ်
နံနံပင် -အနည်းငယ်
ကရဝေး အမွှေးအရွက်စုံ -တစ်ထုပ်
ခရုဆီ-အနည်းငယ်
ငံပြာရည်-အနည်းငယ်
ပဲငံပြာရည်အနောက်(ကြာညို့) -အနည်းငယ်
ကြံသကာ ၃ကျပ်သား တို့ပဲ ဖြစ်ပါတယ်။

ကဲအခု တုတ်ထိုးအတွက် စပြင်ဆင်ပါမယ်။

စျေးကဝယ်လာတဲ့ ကလီစာအစုံကို သေချာရေဆေးသန့်စင်ပါ။ ပြီးတော့ အူတွေက အနံ့ရှိတတ်လို့ ရှလကာရည် စတီးဇွန် း၃ ဇွန်းလောက်နဲ့ အူတွေကို ခဏစိမ်ထားပေးပါ။ ပြီးရင် ပွတ်သပ်ဆေးကြောပေးပါ။ အဲဒိနောက် အားလုံးကို ရေစစ်ထားပါ။

နောက်တစ်ဆင့်ကတော့- ဝက်ကလီစာအစုံ ရေဆေး သန့်စင်ပြီးရင် ဆား၊ ငံပြာရည် ၊ခရုဆီ၊  ပဲငံပြာရည်အနောက် ၊  ငံပြာရည် ၊ ကြံသကာ၊ ကျားမင်းမဆလာ အနည်းငယ် နဲ့ နှံ့အောင်နယ်ပါ။ ချင်းနဲ့ ကြက်သွန်ဖြူကို လေးစိတ်ကွဲ ထောင်းထည့်ပါ။ ကရဝေးရွက်အစုံထုပ် ထည့်ပါ။ စပါးလင်ကို ထုထောင်းပြီး အထုံးလုပ်ထည့်ပါ။ ပူစီနံ၊ ပင်စိမ်း အရွက်တွေကို ထည့်ပါ။ နာရီဝက်၊ တစ်နာရီခန့် နှပ်ထားပါ။ ကြာကြာနှပ်လေ အရသာ ၀င်လေဆိုတော့ စားတဲ့အခါ အရမ်းကို အရသာ ရှိမှာ အသေအချာပါပဲ။၊

 နာရီဝက်၊ တစ်နာရီလောက် နှပ်ထားပြီးပြီဆိုရင်တော့ ၀က်ကလီစာတွေကို စပြုတ်ပါမယ်။ ကလီစာတွေကို အိုးထဲထည့်ပါ။ ရေမြုပ်အောင် ထည့်ပြီး မိနစ်30နာရီဝက်ကြာအောင် ပြုတ်ပါ။ အရသာဝင်သွားအောင် အရင်ပြုတ်တာပါ။ ပြီးတော့ ခုနက  ကြံသကာထည့်တယ်ဆိုတာကတော့ ၀က်သား ဘယ်လောက်ပြုတ်ပြုတ် သူက ၀က်သားကို မာမာလေးဖြစ်စေပါတယ်။ အဲ့တာမို့ ကလီစာလေးတွေက နူးနူးအိအိကြီး မဖြစ်တော့ဘူးပေါ့၊ ဒါ့ကြောင့် ကြံသကာထည့်ဖို့ လုံးဝ မမေ့နဲ့နော်။

တစ်ခုသတိထားမှာက ပြုတ်တဲ့အခါ အမြှုပ်မည်းမည်းတွေ ထွက်လာတတ်ပါတယ်။ အဲ့ဒါလေးတွေကို ခပ်ထုတ်ပေးပါ။ မဟုတ်ရင် ဟင်းရည်က မည်းမည်းကြီး ဖြစ်သွားတက်ပါတယ်။ အစောတုန်းက ပြုတ်ထားတဲ့ ကလီစာတွေကို နာရီဝက်ကြာရင်ဆယ် ပြီး ပေါင်းမယ့်အိုးထဲ ထည့်ပါမယ်။ အောက်ကအခံအိုးထဲ ပြုတ်ရည်ထည့်ပါမယ်။ အဖုံး လုံလုံအုပ်ပြီး နာရီဝက်လောက် ပေါင်းပေးပါ၊ အငွေ့နဲ့ပေါင်းတာဟာ ပိုအကျက်မြန်ပြီး အရသာပြန်မထွက်တော့တဲ့အတွက် လုံးဝကို အရသာရှိတဲ့တုတ်ထိုး ဖြစ်စေမှာပါ။

အခုဆိုရင် ဆိုးဆေးမပါတဲ့ သဘာဝအရောင် သဘာဝအရသာအပြည့်နဲ့ ၀က်သားတုတ်ထိုး ရပါပြီ။ ကဲ..ဒါဆိုရင် သူနဲ့တွဲစားဖို့ အချဉ်ရည်လေး ဖျော်လိုက်ကြရအောင်။

#အချဉ်ရည်ဖျော်ပါမယ်။

အချဉ်ရည်ဖျော်ဖို့ လိုအပ်တာတွေကတော့ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်ဆီ၊  သံပုရာသီး၊  ငံပြာရည်နဲ့ ဆားတို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းကို ကြိတ်ပါ။ ကြိုက်နှစ်သက်ရာ ငရုတ်ဆီကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးကြိတ်ထားတာနဲ့ ရောပါမယ်။ သံပုရာရည် ညှစ်ထည့်ပါ၊ အရသာအတွက် ငံပြာရည် ထည့်ပါ။ နံနံပင် ပါးပါးလှီးထည့်ပါ။ ကြက်သွန်ဖြူနံ့ မွှေးနေတဲ့ အချဉ်ရည် ရပါပြီ။ ကြက်သွန်ဖြူ များများပါလို့ စားပြီးရင် ဗိုက်ရစ်တာ ၊ ဗိုက်နာတာလည်း မဖြစ်စေပါဘူးနော်။

#ဟင်းရည်

ဟင်းရည်အတွက်ကတော့   အစောတုန်းက ကလီစာပြုတ်ထားတဲ့ ဟင်းရည်လေးထဲကို မုန်ညှင်းလေး ထည့်သောက်ရင် ရပါပြီ။ ဟင်းရည်ထဲ ခတ်သောက်ဖို့ကတော့ ကြိုက်နှစ်သက်ရာ မုန်ညှင်းဖြူ ၊ မုန်ညှင်း၊  မုန်ညှင်းစိမ်း၊ ကြက်သွန်မြိတ်တို့ကို ဟင်းရည်ပူပူလေးထဲ ခတ်ပြီး သောက်ပါ ။ ၀က်ပြုတ်ရည် ချိုချိုလေးရယ် ၊ လတ်လတ်ဆတ်ဆတ် ဟင်းရွက်တွေနဲ့ အချိုရယ် ပေါင်းလိုက်တော့ ဆွေမျိုးမေ့ပါပဲ။

ကဲ..အခုဆိုရင်တော့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် အားလပ်ရက်တွေမှာ မိသားစု ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး လုစားလို့ရတဲ့ ၀က်သားတုတ်ထိုးလေးရပါပြီ။ အိမ်မှာ လုပ်စားတော့  သန့်သန့်ရှင်းရှင်းနဲ့ ကိုယ့်စိတ်ကြိုက် စားလို့ရတာပေါ့၊၊ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly