NLDကနေ ဝင်ပြိုင်ပြီး ပညာရေးစနစ်ပြောင်းလဲရေးလုပ်ချင်တဲ့ ဒေါက်တာညိုညိုသင်း

NLDကနေ ဝင်ပြိုင်ပြီး ပညာရေးစနစ်ပြောင်းလဲရေးလုပ်ချင်တဲ့ ဒေါက်တာညိုညိုသင်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်းလွှတ်တော်တွင် တိုင်းအစိုးရ၏ လုပ်ဆောင်ချက်မှားများအား ဥပဒေကြောင်းဖြင့် တစ်လျှောက်လုံး ထောက်ပြဝေဖန်ထောက်ပြလာသူ တစ်ဦးတည်းသော အမျိုးသမီးအတိုက်အခံအမတ် ဒေါက်တာညိုညိသင်းသည် လာမည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 
ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနှင့် ဗဟိုဦးစီချုပ်ကိုင်မှု စနစ်များသည် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် အားစိုက်လုပ်ဆောင်မည်ဆိုသည့် လက်ရှိ ရန်ကုန်တိုင်းလွှတ်တော်မှ တသိပုဂ္ဂလအမတ် ဒေါက်တာညိုညိုသင်းကို မဇ္ဈိမသတင်းထောက် မင်းမင်း ဆက်သွယ်မေးမြန်းထားပါသည်။
 
ဒေါက်တာညိုညိုသင်းသည် ဂျပန်နိုင်ငံတွင် ဥပဒေဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိထားသူတစ်ဦးလည်းဖြစ် သည်။
 မေး။ ။ ရွေးကောက်ပွဲအတွက် ဘာအစီအစဉ်ရှိလဲခင်ဗျ။ ဝင်ပြိုင်မှာလား။
ဖြေ။ ။ NLDကနေ ဗဟန်းမြို့နယ် ကိုယ်စားပြုပြီးတော့ ပြိုင်ပါမယ်။ အခုလောလောဆယ်တော့ ပြည်သူ့လွှတ် တော်ကို လျာထားထားပါတယ်။ အပြောင်းအလဲရှိချင်လည်း ရှိလာမယ်။
 မေး။ ။ NLDပါတီနဲ့ရော ဆွေးနွေးမှုတွေ လုပ်ပြီးပြီလား။ ပါတီက လက်ခံလား။
ဖြေ။ ။ ဆွေနွေးညှိနှိုင်းမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ တော်တော်များများ အဆင်ပြေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အန်တီကလည်း ဒီမိုကရေစီနိုင်ငံတော်ကြီးကို သွားချင်တယ်။ NLDကလည်း ဒီမိုကရေစီစနစ်ကို အရယူပေးချင်တယ်။ ဒါကြောင့် ဦးတည်ချက်ချင်း တူတာကြောင့်မို့လို့ပါ။
 မေး။ ။ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဝင်ပြိုင်မယ်ဆိုတာက ပါတီက သဘောတူပြီလား။ အန်တီ့ဘက်က အဆိုပြုထားတာလား။
ဖြေ။ ။ အန်တီက အဆိုပြုတာပါ။ ပါတီကလည်း သဘောတူထားပါတယ်။ မြို့နယ်အဆင့်ကိုပြောတာနော်။ မြို့နယ်ကနေမှ တိုင်းတို့ ဗဟိုတို့ တက်ရတာကိုး။
 မေး။ ။ NLDကနေဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာက ဘာကြောင့်လဲ။
ဖြေ။ ။ အမှန်ကတော့ NLDပါတီ စထောင်ကတည်းက လူငယ်တာဝန်ခံအနေနဲ့ ရှိခဲ့တာလေ။ ဒါကြောင့်မို့လို့ အန်တီက ၂၀၁၀ရွေးကောက်ပွဲမှာ NLDက ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အတွက်ကြောင့်မို့ လို့ ဒီမိုကရက်တစ်ပါတီကို ရောက်သွားတာပေါ့။ ရောက်သွားပြီးတဲ့နောက်မှာ တသိပုဂ္ဂလဖြစ်လာခဲ့တယ်ပေါ့နော်။ တသိပုဂ္ဂလဆိုပေမယ့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို တိုက်ရိုက် အတတ်နိုင်ဆုံး အန်တီဆောင်ရွက်ခဲ့တယ်။ အခု ရွေးကောက်ပွဲမှာကျတော့လည်း ဒီမိုကရေစီအင်အးစုတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်ကြောင်းကို ပြသတဲ့အနေနဲ့ အခုလို NLDကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်။
 မေး။ ။ လက်ရှိ တိုင်းလွှတ်တာ်မှာလည်း အတိုက်အခံအမတ်တစ်ယောက်အဖြစ် ဒိုင်ခံရပ်တည်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ပွင့်လင်းမြင်သာစွာ ချပြဖို့ တောက်လျှောက်တောင်းဆိုတာတွေ့ရတယ်။ အခုလည်း ရွေးကောက်ပွဲဝင်မယ်ဆိုတော့ အနိုင်ရခဲ့ရင် အဓိက လုပ်မယ့်အလုပ်က ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အန်တီကတော့ မပြီးဆုံးသေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက်ဆောင်ရွက်မယ်။ ပြီးလို့ရှိရင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခုအတွက်ကို လုပ်ရမယ့်ဥပဒေတွေပေါ့နော်၊ ဗဟိုလျှော့ချရေးဆိုင်ရာဥပဒေတွေ အဲ့ဒါတွေ ပြန်ကိုင်ရမယ်။ နောက်တစ်ခါ ပညာရေးပြုပြင်ပြောင်းလဲမှုကို အားစိုက်ပြီးတော့ ဆောင်ရွက်သွားမယ်။
 မေး။ ။ ၂၀၁၀တုန်းကတော့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကနေဝင်ပြိုင်ပြီး အနိုင်ရခဲ့တယ်။ အခုရွေးကောက်ပွဲမှာလည်း NLDပါတီကနေ ဗဟန်းမြို့နယ်ကပဲ ပြိုင်မယ်ဆိုတော့ ထပ်ပြီးနိုင်မယ်လို့ရော ယုံကြည်လား။
ဖြေ။ ။ အန်တီ့ကို NLDကိုသွားခိုင်းတာ အခုမဲဆန္ဒရှင်တွေပါပဲ။ ၂၀၁၀မှာ မဲပေးခဲ့တဲ့ ပြည်သူလူထုက အန်တီကို လှိုက်လှိုက်လှဲလှဲနဲ့ကို NLDကိုသွားဖို့ကို တိုက်တွန်းကြတာ၊ အားပေးကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အန်တီအနေနဲ့တော့ ထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးလို့ ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly