“ဟေး…မိတ်ဆွေ ” MTV ကို ရှစ်လနဲ့ ပရိသတ်လက်ထဲ အရောက်ပို့မယ့် အောင်ထက်

“ဟေး…မိတ်ဆွေ ” MTV ကို ရှစ်လနဲ့ ပရိသတ်လက်ထဲ အရောက်ပို့မယ့် အောင်ထက်

“ဟေး…မိတ်ဆွေ ” Audio CD ကို မတ်လက မိတ်ဆက်ခဲ့တဲ့ အောင်ထက်က ရှစ်လအကြာမှာတော့ DVD ကာရာအိုကေကို နိုဝင်ဘာလမှာ ပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

“ကျွန်တော့်ရဲ့ DVD က ဒီလ ၂၇ ရက်မှာ ထွက်မှာပါ။ Audio CD ကို မတ်လ ၂၇ ရက်မှာ  ထွက်ခဲ့တာ ၊ အခုနိုဝင်ဘာဆိုတော့ ရှစ်လပဲ ကြာပါတယ်။ ရှစ်လအတိ အကြာမှာတော့ ကျွန်တော့်ရဲ့ DVD ကာရာအိုကေလေး ထွက်မှာပါ ” လို့ အောင်ထက်က ပြောပါတယ်။

စုစုပေါင်း တေးသီချင်း ၁၂ ပုဒ် ပါ၀င်တာ ဖြစ်ပြီး အခွေထွက်ရှိရမယ့် အချိန်ကို တိတိကျကျ သတ်မှတ်ထားတာကြောင့် သီချင်း ၁၁ ပုဒ်အထိ ကိုယ်တိုင် ပါ၀င်သရုပ်ဆောင် ထားဖြစ်ကြောင်းကိုလည်း   ပြောပါတယ်။

အောင်ထက်က “ ပထမတော့ ကျွန်တော် အခုလောက် အများကြီး ပါ၀င်သရုပ်ဆောင်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် အကူအညီပေးမယ့် အနုပညာရှင် အချို့ကလည်း မအားတာနဲ့ နောက်ပြီးတော့ အခွေကိုလည်း သတ်မှတ်ထားတဲ့လမှာ ထွက်စေချင်တာကြောင့် အခုလိုပဲ မြန်မြန်ဆန်ဆန်လေး ဖြစ်အောင် လုပ်လိုက်တာပါ ” လို့ ပြောပါတယ်။

“ကျွန်တော် ခံစားပြီး လုပ်ထားတဲ့ အရာတိုင်းကို ပရိသတ်ကလည်း ခံစားပေးကြပါလို့။ နောက်ပြီးတော့ ကျွန်တော့အခွေလေးကိုလည်း ကျွန်တော်နဲ့ ထပ်တူခံစားနားဆင်ပေးကြပါလို့   တောင်းဆိုချင်ပါတယ်” လို့ ထပ်မံပြောပါတယ်။

“ဟေး…မိတ်ဆွေ ” DVD ကို နိုဝင်ဘာ ၂၇ ရက် ညနေ လေးနာရီတွင် ရန်ကုန်မြို့ Junction Square မှာ အောင်ထက်ကိုယ်တိုင် အမှတ်တရလက်မှတ်ထိုး ဖြန့်ချိမှာဖြစ်ပြီး  နိုဝင်ဘာ၂၉ ရက်တွင် မန္တလေးမြို့၊ ၃၀ ရက်တွင် မုံရွာနဲ့ ဒီဇင်ဘာ ၂ ရက်မှာတော့ မော်လမြိုင် စတဲ့ မြို့တွေမှာ လက်မှတ်ထိုး ဖြန့်ချိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly