မြန်မာပြည် စစ်ပြေငြိမ်းရေး တရုတ်၏ အခန်းကဏ္ဍ လိုကြောင်း တရုတ်အစိုးရပိုင်သတင်းစာရေး

မြန်မာပြည် စစ်ပြေငြိမ်းရေး တရုတ်၏ အခန်းကဏ္ဍ လိုကြောင်း တရုတ်အစိုးရပိုင်သတင်းစာရေး
တရုတ်မြန်မာနယ်စပ် စစ်ဘေးရှောင်စခန်းများတွင် တွေ့ရသော စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ရစဉ်။ ဓာတ်ပုံ-EPA

(ဤဆောင်းပါးသည် တရုတ်အစိုးရပိုင် Global Times သတင်းစာတွင် ဖေါ်ပြထားသည့်  China’s role needed for truce in Myanmar ခေါင်းစဉ်ပါ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပြီး မဇ္ဈိမ၏ အာဘော်မဟုတ်ပါ)

ပြီးခဲ့သည့် ရက်များတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် မြန်မာပြည်သူထောင်ပေါင်းများစွာက တရုတ်နိုင်ငံတွင်းသို့ ၀င်ရောက်လာကြသည်။ ထို့ပြင်  ယင်းနယ်စပ်ဧရိယာရှိ တရုတ်နိုင်ငံသားများ၏ အလုပ်အကိုင်နှင့် လူမှုဘဝတို့လည်း ထိခိုက်ရသည်ဟု ဖော်ပြထားသည်။

သမိုင်းတွင် အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားက ပဋိပက္ခများက စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေး ထွက်ပေါ်လာခြင်း မရှိခဲ့ဖူးပေ။ ထိုပြဿနာကား တရုတ်နယ်စပ်ဒေသများ၏ လုံခြံုရေးနှင့် ဖွံ့ဖြိုးမှုအပေါ် လွန်လွန်ကဲကဲ သက်ရောက်နေပြီး အထူးသဖြင့် တရုတ်နိုင်ငံက အစပျိုးခဲ့ရသော ဘင်္ဂလား-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြန်နှင့် ပိုးလမ်းမသစ်ကြီးတို့အတွက် သက်ရောက်မှုများ ရှိနေသည်။ မြန်မာနိုင်ငံတွင်း အပစ်ရပ်စဲရေးကို ဖော်ဆောင်ဖို့ ပိုမိုတက်ကြွသည့် ချည်းကပ်မှုဖြင့် တရုတ်နိုင်ငံက ပါဝင်ဖို့ရန် စဉ်းစားရမည့် အချိန်ပင်ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက ပါဝင်သက်ဆိုင်သည့် အဖွဲ့တိုင်း ဖြစ်နိုင်သမျှ အကြွင်းမဲ့အပစ်ရပ်ရေးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများက တစ်ဆင့် အများသဘောတူညီမှုရရှိအောင်နှင့် တည်တံ့ခိုင်မြဲသည့် ရေရှည်ငြိမ်းချမ်းရေးအတွက် မူဘောင်ချမှတ်နိုင်အောင် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မတိုးသာ မဆုတ်သာ အခြေအနေဖြစ်နေခြင်းက  သက်ဆိုင်သည့် အဖွဲ့တိုင်းတွင် တာဝန်ရှိသည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရက ငြိမ်းချမ်းရေး အရလှမ်းနိုင်ရေး ချည်းကပ်လျက်ရှိပြီး  NLD အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်တက်ကြွကြွွ ပါဝင်သင့်သည် ဟု ဖော်ပြထားကြောင်း တွေ့ရသည်။ ။ တပ်မတော်အနေဖြင့် တိုင်းရင်းသားများ၏ ယုံကြည်မှုကို တည်ဆောက်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးကို အုတ်မြစ်ချသင့်သည်ဟု အကြံပြုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း ၎င်းတို့၏ ရပ်တည်ချက်များအပေါ် ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး  စစ်ရေးလိုအင်များနှင့် သံတမန်ရေးရာလုပ်ပိုင်ခွင့်များကဲ့သို့ ယုတ္တိမတန်သော လိုအင်များကို စွန့်လွှတ်ရမည်။ တရားဝင်အခွင့်အရေးများ ရရှိရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းအားဖြင့် ဖွံ့ဖြိုးမှုအခွင့်အလမ်းများကို ဖော်ဆောင်နိုင်မည် ဖြစ်သည် ဟု ယင်းသတင်းစာတွင် ရေးသားထားသည်။

သို့သော်လည်း တစ်ချို့သော လက်နက်ကိုင်အဖွဲ့များထံတွင် သဘာဝမကျသည့် အစွဲအယူမှားများလည်း ရှိနေသည်။ ၎င်းတို့က မြန်မာနိုင်ငံအစိုးရကို တရုတ်က ဖိအားပေးရန် လုပ်ဆောင်ခြင်းဖြင့် တရုတ်နိုင်ငံကိုပါ တရွတ်ဆွဲအောင် လုပ်နေသည်။ ဒါက တကယ်ပင် လက်တွေ့မကျဘဲ အန္တရာယ်လည်း ရှိသည်။ တရုတ်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်   မြန်မာအစိုးရတို့ကြား ထိပ်တိုက်တွေ့မှုများကို ပိုပြီး ပြင်းထန်စေမည်သာဖြစ်သည်။ မြောက်ပိုင်းဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်တွေ့ကမ္ဘာ့သို့ နိုးထသင့်ပြီဖြစ်ပြီး ထိုသို့မဟုတ်ပါက ပျက်သုန်းခြင်းသာ အဆုံးသတ်ရှိမည်ဖြစ်သည်။ တရုတ်က ၎င်းတို့ ထင်သလို အသုံးတော်ခံမည် မဟုတ်ပေဟု အတိအလင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းက အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကျပ်အတည်းအတွင်း ရှိနေပြီး ဆက်လက်တိုက်ခိုက်ဖို့ပင် အကျပ်ရိုက်နေပြီဖြစ်သည်ဟု ဖော်ပြသည်။ ၂၀၁၅ ခုနှစ်က ကိုးကန့်လက်နက်ကိုင်တိုက်ပွဲများက မြန်မာပြည်သူတို့အား ဆင်းရဲဒုက္ခများ ဖန်တီးပေးခဲ့ပြီး ယခုတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များက ၎င်းတို့၏ လှည့်ကွက်ဟောင်းများကိုပင်   ပြန်လည်သုံးစွဲလာပြန်သည်။ မူဆယ်နှင့် ၁၀၅ မိုင်နယ်စပ်ဂိတ်တို့ကဲ့သို့ နေရာများကို တိုက်ခိုက်လာပြီး ယင်းနေရာများသည် တရုတ်-မြန်မာဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးအတွက် အရေးကြီးသည့် နေရာများပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အတွက် ပြည်သူ့ထောက်ခံမှု ဆုံးရှုံးရသည် ဟု ရေးသားဖော်ပြသည်။

တစ်ချို့သော တပ်ဖွဲ့များကလည်း တရုတ်၏ ရင်းနှီးမြုပ်နှံမှုဖြစ်သော မြစ်ဆုံဆည်တွင် ပြဿနာများ ဖန်တီးနေပြီး တစ်ချို့သော အဖွဲ့များက တရုတ်ပိုင်နက်အတွင်းရှိ မျိုးနွယ်တူ လူမျိုးစုများသို့ နယ်စပ်ဖြတ်လာကာ ၎င်းတို့၏ တိုက်ပွဲများတွင် ပူးပေါင်းပါဝင်ရန်ပင် တိုက်တွန်းဆော်သြလာသည်။ ထိုသို့သော စက်ဆုပ်စရာအပြုအမှုမျိုးကိုတော့ တရုတ်နိုင်ငံက သည်းခံလိမ့်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ မြောက်ပိုင်းက တည်ငြိမ်မှုကင်းမဲ့ခြင်းများသည် တရုတ်အမျိုးသားအကျိုးစီးပွားကို ပျက်စီးစေရုံသက်သက်သာမဟုတ်ဘဲ ငြိမ်းချမ်းသောဒေသဖွံ့ဖြိုးမှုများကို ဖျက်ဆီးပစ်နေသလို တရုတ်နိုင်ငံ၏ ပုံရိပ်ကိုလည်း ထိခိုက်စေသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလိပ်ခဲတည်းလည်းအခြေအနေမှ ရုန်းထွက်နိုင်ရန် အဓိကပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများကြား အပေးအယူ ထမြောက်ဖို့က အခက်အခဲရှိနေသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အတိတ်အတွေ့အကြံုမှ တတိယအဖွဲ့အစည်းတစ်ရပ်မှ ညှိနှိုင်းပေးမှုဖြင့် နည်းလမ်းရှာတွေ့နိုင်မည်ဖြစ်သည်။ လတ်တလော၌ မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တရုတ်နိုင်ငံသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု မျှော်လင့်နေသည်။

အိမ်နီးချင်းနိုင်ငံအနေဖြင့်လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတိုင်းနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူအဖြစ်လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်ကြရာတွင် တရုတ်နိုင်ငံအနေဖြင့် ထိုအရေးတွင် ပါဝင်ကာ တာဝန်ယူမှု ရှိရမည်ဖြစ်သည်။ ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်သည့် ဆွေးနွေးပွဲများတွင် ကြားနေအဖြစ် ရပ်တည်သွားမည်ဟု တရုတ်နိုင်ငံက ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးဖြစ်ပြီး ယူနန်ပြည်နယ် ရွှေလီတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဧည့်ခံကျင်းပစေခဲ့ပြီးလည်းဖြစ်သည်။ တရုတ်၏ ကြားဝင်ဖျန်ဖြေမှုပေးခြင်းကို အားလုံးသော အဖွဲ့တိုင်း လက်သင့်ခံနိုင်ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရုတ်နိုင်ငံက ထိထိရောက်ရောက် အထောက်အကူပြုနိုင်သည်ဟု ဖော်ပြထားသည်။

တရုတ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ညှိနှိုင်းပေးကာ အထောက်အကူပြုသွားနိုင်ပြီး ဆယ်စုနှစ်များစွာ ပဋိပက္ခများ ချုပ်ငြိမ်းရေး ဖော်ဆောင်သွားနိုင်သည်။ ထို့အတွက် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရန်နှင့် ထိထိရောက်ရောက် ပါဝင်ရန် တရုတ်နိုင်ငံအတွက် အရေးကြီးသော ခြေလှမ်းလည်းဖြစ်သည်ဟု ယင်းသတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly