အသက် ၅ နှစ်ပြည့် မသန်စွမ်းကလေးတိုင်း အလွယ်တကူရနေတဲ့ ပညာသင်ကြားခွင့်ကို မရရှိခြင်းက အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ဆို

အသက် ၅ နှစ်ပြည့် မသန်စွမ်းကလေးတိုင်း အလွယ်တကူရနေတဲ့ ပညာသင်ကြားခွင့်ကို မရရှိခြင်းက အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ဆို

ရန်ကုန်၊နိုဝင်ဘာ ၂၅ ။                 ။ အသက်၅နှစ်ပြည့်သည့် မသန်စွမ်းကလေးတိုင်း အလွယ်တကူရနေတဲ့ ပညာသင်ကြားခွင့်ကို မရရှိခြင်းက မသန်စွမ်းသူများအတွက်အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အစီအစဉ်ရေးဆွဲရေးနှင့် အရင်းမြစ် ဒါရိုက်တာ မယုယသူက ဆိုသည်။

ကန်တော်ကြီးမျှော်စင်ကျွန်း ၊ Mini Zoo တွင် ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြိုဂုဏ်ပြုပွဲတစ်ရပ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

မယုယသူက  " မသန်စွမ်းတွေအတွက် အခက်အခဲအတားအဆီးတွေက အများကြီးရှိပါတယ်၊ အဲ့ဒီထဲကမှ အခက်အခဲအတားဆီးအဖြစ်ဆုံးလို့ ပြောလို့ရပြီးတော့ တခြားသော အတားအဆီးတွေနဲ့ ဆက်စပ်နေတာ ကတော့ ပညာရေးပါ။ နိုင်ငံသားတိုင်း ၊ အသက် ၅ နှစ် ပြည့်တဲ့ မသန်စွမ်းကလေးတိုင်း ထမင်းစားရေသောက်ရ နေတဲ့ပညာသင်ကြားခွင့်ကို အစ်မတို့အနေနဲ့ မရတာက အကြီးမားဆုံး ဆုံးရှုံးမှုပါ " ဟု ဆိုသည်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကို ပြန်ကြည့်ပါက မြန်မာနိုင်ငံရှိ မသန်စွမ်းသူ  ၅၃ ရာခိုင်နှုန်းက မူလတန်းပညာကိုပင် သင်ကြားခွင့်မရှိခဲ့ပါ။ မသန်စွမ်းလူဦးရေ ၂၃ သိန်းတွင်  ၂ ရာခိုင်နှုန်းလောက်သာ ဘွဲ့ရသူရှိကြောင်းကို မယုယသူက ဆိုသည်။

ပညာရေးဟုဆိုပါလျှင်  အခြားသောအခွင့်အလမ်းများနှင့် ချိတ်ဆက်နေပြီး အလုပ်တစ်ခုလျှောက်လျှင် ဘွဲ့ရရန် လိုခြင်း၊ ကွန်ပျူတာတတ်ရန် လိုခြင်း စသဖြင့် အရည်အချင်းသတ်မှတ်ချက်များ ရှိနေသည့်အတွက် ပညာသင်ကြားခွင့်ကို ဆုံးရှုံးသည့်အခါ အခြားသော ဆက်စပ်နေသည့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့အဖွဲ့အစည်းတွင် ပါ၀င်လာနိုင်မှု စသည့်အခွင့်အရေးများကို  အလိုလိုဆုံးရှုံးပြီးသားဖြစ်နေကြောင်း မယုယသူက ပြောသည်။

မသန်စွမ်းသူများ ပညာသင်ကြားခွင့်ရရှိရန် ကြိုးပမ်းနေမှုများနှင့်ပတ်သက်၍  မယုယသူက " မသန်စွမ်းသူ တွေအတွက် ပညာသင်ကြားခွင့်ရဖို့ မသန်စွမ်းသူများပညာသင်ကြားခွင့်ရရှိမှုကော်မတီကနေပြီး လူတိုင်းအကျံုးဝင်ပညာရေးစနစ်ပီပြင်လာဖို့ ၊ မသန်စွမ်းမှုတစ်ခုခုကို အကြောင်းပြပြီး ကျောင်းဝင်ခွင့်ကို ငြင်းပယ်တဲ့ကိစ္စမျိုး လျှော့ချနိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ၀န်ကြီးဌာနတွေကို အားပေးမှုလုပ်တဲ့အစီအစဉ်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ် " ဟု ဆိုသည်။

ဒီဇင်ဘာ၃ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် ဆောင်ပုဒ်မှာ " မသန်စွမ်းသူတို့ အနာဂတ်အတွက် ပန်းတိုင်၁၇ ရပ် ပြည့်မီအောင်ဆောင်ရွက် " ဟူ၍ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly