ဗီယက်နမ် ယူ-၂၀ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ၀င်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားထား

ဗီယက်နမ် ယူ-၂၀ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲ ၀င်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားထား
ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်ပြိုင်ဖွယ်ရှိနေသည့် မြန်မာယူ-၁၉အမျိုးသမီးအသင်း။

ဇူလိုင် ၁၈၊ ရန်ကုန်။ ။ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဗီယက်နမ် ယူ-၂၀ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင်ဖိတ်ကြားထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်အောင်က ပြောသည်။ အဆိုပါဖိတ်ခေါ်ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အာရှနှင့် အာဆီယံ နိုင်ငံမှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

“ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ အမျိုးသမီး ယူ-၂၀ ပွဲအတွက်ရော အမျိုးသား ယူ-၂၁ ပွဲရော ဖိတ်ထားပါတယ်။ သူတို့ဆီမှာ လုပ်နေကြ ဖိတ်ခေါ်ပြိုင်ပွဲလေးပါ။ ဒီဘက်က သွားပြိုင်ဖို့ကိုတော့ တရားဝင် အကြောင်းမပြန်ရသေးပါဘူး။ ယူ-၂၀ ဆိုတော့ သွားပြိုင်ဖြစ်မယ်ဆိုရင် အမျိုးသမီး ယူ-၁၉ အသင်း ဖြစ်ဖို့ များပါတယ်။ အမျိုးသား ယူ-၂၁ အသင်းကတော့ သွားပြိုင်ဖြစ်မှာပါ။ တရားဝင်လည်း အကြောင်းပြန်ထားပါတယ် ” ဟု ဦးတင်အောင်က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် ဦးဝင်းမြင့်သွင်၊ လက်ထောက်နည်းပြအဖြစ် ဒေါ်ဇင်မာဝမ်းတို့က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ဧပြီလမှ စတင်ကာ ကစားသမား ၂၅ ဦးဖြင့် သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ပုံမှန်လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly