ဆူဇူကီးဖလားပြိုင်ပွဲမှ မလေးရှားအသင်း နုတ်ထွက်မည် မဟုတ်

ဆူဇူကီးဖလားပြိုင်ပွဲမှ မလေးရှားအသင်း နုတ်ထွက်မည် မဟုတ်
ဆူဇူကီးဖလားပြိုင်ပွဲဝင် မလေးရှား လက်ရွေးစင်ဘောလုံးအသင်း။ (ဓာတ်ပုံ- MFF)

နိုဝင်ဘာ ၂၄ ၊ ရန်ကုန်။              ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှ မလေးရှားလက်ရွေးစင်ဘောလုံးအသင်းနုတ်ထွက်မည်ဟူသော သတင်းများကို မလေးရှားလက်ရွေးစင် ဘောလုံးအသင်းမန်နေဂျာ ဒါတိုက ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံက ဘင်္ဂါလီများအပေါ်ဆက်ဆံမှုနှင့် ပတ်သက်ပြီးမမျှတဟုခံယူသဖြင့် သပိတ်မှောက်ဆန္ဒပြကာ မလေးရှားအသင်း ဆူဇူကီးဖလားပြိုင်ပွဲမှနုတ်ထွက်သင့်ကြောင်း မလေးရှားနိုင်ငံ လူငယ်နှင့်အားကစားဝန်ကြီး မစ္စတာ ခိုင်ရီဂျမာလူဒင်က နိုဝင်ဘာ ၂၃ ရက်က ပြောကြားခဲ့သည်ဟု The Straits Times သတင်းဌာနက ဖော်ပြခဲ့သည်။

မလေးရှားအသင်းဆူဇူကီးပြိုင်ပွဲက နုတ်ထွက်မှာမဟုတ်ပါဘူး။ လူမျိုးရေးပဋိပက္ခမှာ ဘာကြောင့် ဘောလုံးက မြေဇာပင်ဖြစ်ရမှာလဲ။ ဟု မလေးရှားဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး နှင့် မလေးရှားလက်ရွေးစင်ဘောလုံးအသင်းမန်နေဂျာ ဒါတိုကပြောသည်။

မလေးရှားလက်ရွေးစင်ဘောလုံးအသင်း ဆူဇူကီးဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့ပါကလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ၏အရေးယူနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ မလေးရှားလက်ရွေးစင်ဘောလုံးအသင်းမှာ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအဖွင့်နှစ်ပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ရရှိထားပြီး အုပ်စု တတိယနေရာတွင် ရပ်တည်နေသည်။ မလေးရှားအသင်းမှာ အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၂၆ရက် ညနေ ၆းဝဝ နာရီတွင် အိမ်ရှင် မြန်မာအသင်းနှင့်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly