လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၁)

24 November 2016
လူငယ်နှင့် ဆိုရှယ်မီဒီယာ (အပိုင်း ၁)
 

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဒီကနေ့ ကျွန်မတို့ ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ လူငယ်နဲ့ ဆိုရှယ်မီဒီယာဖြစ်ပါတယ်။

အဲဒီအကြောင်းအရာကို ကူညီဆွေးနွေးသွားကြမယ့် သူများကတော့ ဦးနေဘုန်းလတ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ သန်လျင် ပို့စ် ဂျာနယ်က အယ်ဒီတာချုပ် မတူးတူးသာနဲ့ စာရေးဆရာ ကိုစိုပြေတို့ပဲ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်မအနေနဲ့ ကျွန်မတို့ ဒီနေ့ခေတ် Social Media မှာဆိုလို့ရှိရင် ဗမာပြည်မှာ Social Media နဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရင်းနှီးကျွမ်းဝင်ပြီးတော့ သုံးစွဲသူများ သန်းချီပြီး ရှိလာတဲ့အခါမှာ ဒီထဲမှာ ကျွန်မတို့ အများဆုံး အသုံးပြုကြတာကတော့ Facebook ဆိုတဲ့ Social Media ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း Social Media လို့ ပြောကြပေမယ့်လည်း ဒီဟာသည် Social Media ဆိုတာ တကယ့် မီဒီယာမဟုတ်ပါဘူးလို့တော့ ကျွန်မတို့ နဂိုဆွေးနွေးတဲ့အထဲမှာ ကျွန်မတို့ ပြောခဲ့ကြပါတယ်။

အဲဒီတော့ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ Social Media ကို မီဒီယာလို့ မပြောဘူးဆိုရင် Social Media ကို ဘယ်လိုအနေနဲ့ ကျွန်မတို့က ဘယ်လိုနာမည်နဲ့ စပြီးတော့ တီထွင်ခဲ့တာလဲ Social Media ဆိုတာ ဘာလဲဆိုတဲ့ အကြောင်းလေးကို ဦးနေဘုန်းလတ်ကို စတင်ပြီးတော့ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်

ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ဒီ Social Media လို့ပြောတာကိုက နည်းနည်းလေးတော့ လွဲနေတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီးကို စပြီးတော့ တည်ထွင်ကတည်းက မီဒီယာအလုပ်ကြီးကို လုပ်မယ်ဆိုပြီးတော့ မီဒီယာတစ်ခုအနေနဲ့ တီထွင်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့က Network ပဲ လူမှုကွန်ရက်ပေါ့နော်။ Social Network လူမှုကွန်ရက်သဘောပဲ။ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ် သူကလည်း အဲလိုပဲ တီထွင်ခဲ့တာ။

အဲတော့ Network သဘောနဲ့ Media သဘောက မတူဘူးလေ။ မတူတဲ့အခါမှာ Network ဆိုတာက လူပေါင်းစုံရှိမယ်၊ အလွှာပေါင်းစုံရှိမယ်၊ အတွေးအခေါ်ပေါင်းစုံရှိမယ်၊ အယူအဆပေါင်းစုံရှိမယ်။ အဲဒီလူတွေက ကိုယ်ထင်ရာမြင်ရာတွေကို ဒီအပေါ်မှာ လျှောက်ရေးမှာပဲ။ အခုကကျတော့ ကျွန်တော်တို့က ဘာဖြစ်လဲဆိုတော့ အဲလိုမျိုး ကိုယ်ထင်ရာ မြင်ရာတွေကို မျိုးစုံရှိပါတယ် မီဒီယာသမားတွေလည်း မရှိဘူး မဟုတ်ပါဘူး။ ရှိတယ်။ ဒါပေမယ့် အကုန်လုံးကို Social Media ဖြစ်တယ်။ ဒါတွေက ငါတို့ကို သတင်းတွေ ပေးနေတာပဲဆိုပြီး တွေ့သမျှအရာတွေကို သတင်းအမှတ်နဲ့ စားသုံးတဲ့အခါမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စမျိုးတွေက ဖြစ်လာတာကို ကျွန်တော်တို့ တွေ့တယ်ပေါ့နော်။

ပြောချင်တာကတော့ ကျွန်တော်ကတော့ Social Media ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒီကောင်က မီဒီယာမဟုတ်ပါဘူး။ ဒီကောင်က Network ဖြစ်တယ်။ လူပေါင်းစုံ ထင်ရာမြင်ရာဝင်ရေးတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ မီဒီယာတစ်ခုအနေနဲ့ သဘောထားပြီးတော့ အရာရာကို သတင်းလို့သဘောထားပြီးတော့ စားသုံးရင်တော့ မှားပါလိမ့်မယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်ကဲ့။ ဒါပေမယ့်လည်း Social Media , Social Network ကို ပလက်ဖောင်းတစ်ခုအနေနဲ့ သုံးပြီးတော့ သတင်းစာတွေကအစ ဒီပလက်ဖောင်းပေါ်ကို ဆင်းလာကြပြီးတော့ လူတွေများများဖက်အောင် ဆင်းလာတဲ့ အနေအထားရှိတယ်။ ကျွန်မတို့ ဗမာပြည်မှာဆိုရင်လညး် ၂၀၁၀ လောက်ကဆိုလို့ရှိရင် မြန်မာပြည်မှာရှိတဲ့ မီဒီယာတော်တော်များများက Social Media ကို မသုံးကြပါဘူး။ Social Network ကိုလည်း မသုံးကြသေးပါဘူး။ ဒါပေမယ့် အခု ဒီ ၆ နှစ်လောက်အတွင်းမှာ မီဒီယာတော်တော်များများက Social Media, Social Network ပလက်ဖောင်းပေါ်မှာ နေရာယူလာကြပြီး ကျယ်ကျယ်ပြန့်ပြန့်ကို ကျွန်မတို့ စာဖက်သူတွေရှေ့ကို ရောက်လာတာ တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သန်လျင် Post ဂျာနယ်က အယ်ဒီတာချုပ် မတူးတူးသာရဲ့ ထင်မြင်ယူဆချက်ကိုလည်း သိချင်ပါတယ်။

မတူးတူးသာ (အယ်ဒီတာချုပ်)

သန်လျင်ပို့စ် ဂျာနယ်

မမြတ်ပြောတာလည်း မှန်ပါတယ်။ ဒီကိစ္စက မီဒီယာကြီးတွေကိုယ်၌က Social Network ကို ဆင်းလာတယ်။ Page တွေထောင်ကြတယ်။ သူတို့ Page တွေမှာ Like များများ ပရိသတ်များများ ထပ်ပြီးတော့ ရှာကြတယ်ပေါ့နော်။ သူတို့ရဲ့ Website ရဲ့ Website ကို ကြည့်ဖို့အတွက် ဒီ Facebook ကနေ ပလက်ဖောင်းအနေနဲ့ ပရိသက်ရှာကြတဲ့အခါ ရှိပါတယ်။ ဒါပေမယ့် ခုနက ကျွန်မ ကိုနေဘုန်းလတ်ပြောတာကို သဘောပေါက်တာကတော့ သူဆိုလိုချင်တာသည် ဒီဟာသည် မီဒီယာမဟုတ်ဘူး၊ ရေးချင်တဲ့သူတွေက ရေးချင်သလို ဝင်ရေးနေတဲ့ အပိုင်းတွေရှိတယ်။ ကျွန်မတို့ မီဒီယာတွေအနေနဲ့ကလည်း မီဒီယာဆိုတာက ကျွန်မဆိုလိုတာက မှတ်ပုံတင်ထားတဲ့ မီဒီယာပေါ့။ အဲလိုမျိုး မီဒီယာတွေလည်း ဒီ Facebook ပေါ်မှာ Page တွေ ရှိကြတယ်။ ဆိုတော့ လူတွေက အဲဒါကို ကွဲကွဲပြားပြား သိဖို့တော့လိုတယ်။ ဘယ်ဟာတွေသည် မှတ်ပုံတင်ထားတယ် တကယ်စိတ်ချလောက်တဲ့ဟာတွေက ရေးတဲ့သတင်းတွေဖြစ်တယ်။ ဘယ်ဟာတွေသည် ပေါက်ပန်းလေးဆယ်ရေးထားတာ ဖြစ်တယ်ဆိုတာကိုတော့ ပရိသတ်က ခွဲခြားပြီးတော့ သိဖို့လိုတာပေါ့နော်။

ဒါပေမယ့် တစ်ခုရှိတာက ဒီဟာကို ခွဲခြားပြီး သိသည့်တိုင်အောင်မှ တချို့ကျတော့ အဲဒါကို ရောထွေးပြီး သိနေတာတွေရှိတယ်။ သတင်းမီဒီယာတွေဘက်ကလည်း ဒီ Social Network ကို အထင်သေးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Social Network ကြောင့်ပဲ ကျယ်ကျယ်ပြန့်ပြန့်သိသလို တချို့သတင်းအစအနတွေလည်း အဲဒီကနေ ရတာရှိတယ်။ Source တော့မဟုတ်ဘူးပေါ့နော်။ အစအနလေးတွေပေါ့။ အဲဒီအစအနလေးတွေနောက်ကနေ ကျွန်မတို့က ခြေရာခံလိုက်ပြီးတော့ သတင်းအကြီးတွေ ဖြစ်သွားတာမျိုးလည်း ရှိတာပေါ့နော်။ အဲဒါမျိုး ရှိပါတယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

အဲဒီတော့ Social Network  မှာ သတင်းမီဒီယာသမားတွေအတွက်တော့ ကောင်းကျိုးရော ဆိုးကျိုးရော နှစ်ခုစလုံး သက်ရောက်နိုင်တယ်။ တက်နိုင်သမျှ ဒီ social network မှာ တက်လာတဲ့သတင်းတွေ သတင်းအစအနတွေကို Verifyne လုပ်နိုင်မှသာလျင် ကျွန်မတို့ မှန်ကန်တဲ့ တိကျသေချာတဲ့ သတင်းမျိုးကို ဖန်တီးနို်င်မယ်ပေါ့နော်။ ဒါကတော့ သတင်းမီဒီယာအပိုင်းနဲ့ ပတ်သက်လို့ပေါ့။ ဒါပေမယ့် စာရေးဆရာ ကိုစိုပြေတို့လိုမျိုး ရသပိုင်း မီဒီယာသမားတွေအတွက်ကျတော့ ကဗျာဆရာတွေရှိမယ်။ ကျွန်မလည်း တစ်ခါတစ်လေ ကဗျာလေးဘာလေးရေးတော့ ထားပါတော့ ဒီ Social Network သည် ကျွန်မတို့အတွက် အင်မတန်မှ ရသစာပေရှားပါးတဲ့ခေတ်မှာ Social Network အပေါ်မှာ ကျွန်မတို့ ရေးသားခြင်းအားဖြင့် ကျွန်မတို့ရဲ့စာတွေကို စာဖက်သူတွေဆီကို အမြန်ဆုံးရောက်နိုင်တယ် ဘယ်မဂ္ဂဇင်းမှ Print လုပ်တာကို စောင့်စရာမလိုတော့ပဲနဲ့ ကိုယ့်စာတွေကို စာဖက်သူတွေဆီကို တိုက်ရိုက်ရောက်တဲ့ အနေအထားတွေတော့ ရှိတယ်ပေါ့နော်။ အဲတော့ ကိုစိုပြေအနေနဲ့ရော ဒီအတွေ့အကြံုလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။ Social Media က ရသသမားတွေအတွက် ဘယ်လောက်ထိ အသုံးဝင်သလဲ ဆိုတဲ့ဟာလေး နဲနဲတော့ သိချင်ပါတယ်။

ကိုစိုပြေ (စာရေးဆရာ)

အသုံးဝင်တာကတော့ တော်တော်အသုံးဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်မှ စာရေးဆရာဖြစ်လာတယ်ဆိုတာက ဒီ Social Network ပေါ်မှာ ရေးပြီးတော့မှ ပုနှိပ်မီဒီယာအပေါ်ကို ရောက်တာပေါ့လေ။ ကျွန်တော်နဲ့တူတူပဲ စာရေးဆရာတွေ အများကြီးရှိကြတယ်။ သူတို့တွေအကုန်လုံးကလည်း စာရေးမယ်ဆိုလို့ရှိရင် Social Network ပေါ်မှာရေးတယ်။ အဲဒီကနေ တစ်ဆင့်ချင်းစီ တက်သွားကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အခုခေတ်မှာ ပုံနှိပ်မီဒီယာတွေက တဖြည်းဖြည်း ရှားလာတာတွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ပုံနှိပ်မီဒီယာကို တိုက်ရိုက်ကြီး ဝင်တိုးဖို့ကကျတော့ အရမး်ခက်တယ်ပေါ့နော်။ အရမ်းခက်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီကနေသွားတယ်။ ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ စာရေးတဲ့အခါမှာလည်း လူတိုင်းရေးတာကျတော့ ဘယ်လိုပြောမလဲ ကောင်းတာလည်းရှိမယ် ဆိုးတာလည်းရှိမယ်ပေါ့လေ။ နောက်တစ်ခုက ကျွန်တော်တို့ စာရေးဆရာဖြစ်လာသလို စာရေးဆရာ ရွက်ပုန်းသီးလေးတွေလည်း တကယ့် Main Stream ပေါ် ရောက်သွားနိုင်တာပေါ့လေ။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်ကဲ့ပါ အဲတော့ Social Network, Social Media က စောစောကပြောသလို ကောင်းကျိုးနဲ့ ဆိုးပြစ်နဲ့ ဒွန်တွဲနေတဲ့ Network ကြီးတစ်ခုလို့ ကျွန်မတို့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီမှာလည်း ကျွန်မတို့ လူငယ်နဲ့ ဆိုရှယ်မီဒီယာမှာ လူငယ်ပိုင်းကို ကျွန်မ ပြန်ပြီးတော့ ကောက်ချင်တယ်။

အခုခေတ်မှာဆိုရင် လူငယ်လေးတွေ တော်တော်များများပေါ့ ကျွန်မတို့ ကလေးတွေကအစ ဆယ်ကျော်သက်လေးတွေက တော်တော်များများကို Social Network, Social Media ကို သုံးလာကြတာ တွေ့ရတယ်။ တွေ့တဲ့အခါမှာ တချို့ တော်တော်စိုးရိမ်စရာကောင်းတဲ့ဟာတွေက ဥပမာဆိုရင် တစ်ရက်ကပဲ ကလေးတွေကို ဘယ်လို ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ပညာပေး ဗီဒီယိုလေး ရိုက်ထားတဲ့အထဲမှာ နိုင်ငံခြားကပါပဲ Social Media ကနေ ဆွဲဆောင်ပြီးတော့ မိန်းကလေးတွေကို အပြင်ထွက်ဖို့ခေါ်တာကို လွယ်လွယ်ကူကူပဲ မိဘတွေမသိပဲနဲ့ ထွက်လာတဲ့ဟာမျိုးပေါ့။ အဲဒါတွေကို ပညာပေးဖို့ရာ မိဘတွေ အကူအညီနဲ့ မိန်းကလေးတွေကို Try လုပ်ပြီးတော့ အပြင်ထုတ်တာမျိုး အဲဒါလေးတွေကို ပြခဲ့တယ်။ ဆိုတော့ အန္တရာယ် သိပ်များတယ်ဆိုတဲ့ဟာကို မိဘတွေ သိစေချင်တာပေါ့နော်။

အဲတော့ Social Media ကနေတစ်ဆင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဘယ်လို်မျိုး ကျွန်မတို့တွေ ထိန်းချုပ်ကြမလဲ။ အထူးသဖြင့်တော့ ဆယ်ကျော်သက်ကလေးတွေအတွက် သူ့ရဲ့အန္တရာယ်နဲ့ ဒီအပေါ်မှာ သုံးတတ်ရင် သုံးတတ်သလို ကောင်းကျိုးလေးတွေလည်း ရှိလာနိုင်မယ်ဆိုတာမျိုးပေါ့ အဲဒါလေးကိုလည်း ဦးနေဘုန်းလတ်အနေနဲ့ နည်းနည်းလေး ဆွေးနွေးပေးပါဦး။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်

အဓိကကတော့ Social Network ထဲမှာ လူအရမ်းအစုံတွေကနေ တင်ချင်တာတွေ တင်နေတဲ့အခါကျတော့ ရောယှက်နေတာပေါ့နော်။ အဟာရလည်းရှိတယ်။ အဆိပ်အတောက်လည်း ရှိတယ်ပေါ့နော်။ အဆိပ်အတောက်တွေကလည်း ခုနကပြောသလို မထိန်းရင် အတော်ကို အန္တရာယ်ကြီးပါတယ်။ အမျိုးသမီးတွေအတွက်ရော ကလေးသူငယ်တွေအတွက်ရော အဲတော့ ဘယ်လိုထိန်းမလဲဆိုတာက ပြောမယ်ဆိုရင်တော့ အသက်အရွယ် အပိုင်းအခြားလိုက် ပြောရမယ်ထင်တယ်။

ကျွန်တော်တို့ဒီ ကလေးအရွယ်လေးတွေဆိုရင်တော့ ကျွန်တော်နားလည်သလောက်တော့ နိုင်ငံတကာမှာဆိုရင်တော့ မိဘတွေကနေပြီးတော့ လုံးဝ မသုံးနဲ့ဆိုပြီးတော့ ကန့်သတ်တာမျိုး မဟုတ်ပဲနဲ့ ကလေးတွေကို ပေးသုံးတယ်။ ဒါပေမယ့် ဘာသုံးလဲဆိုတာကို ကိုယ်က သိနေရတယ် သိအောင်ကြိုးစားနေရတယ်ဆိုတာမျိုးပေါ့နော်။ ပေးမသုံးရင် ဆိုတာမျိုးကတော့ ကျွန်တော်တို့လည်း လက်မခံဘူးပေါ့လေ။ ဒါပေမယ့် ကိုယ့်ကလေးက ဘာသုံးနေတယ် ဘယ်သူနဲ့ စကားပြေနေတယ် ဒါတွေကိုတော့ ကျွန်တော်တို သိအောင် ကြိုးစားရတဲ့ အနေအထားမျိုးတွေ လုပ်သင့်ပါတယ်။ ကျွန်တော် အင်တာနက်ဆိုင်ဖွင့်တုန်းက အသက် ၆၀ အရွယ်လောက် အန်တီကြီးတစ်ယောက် ဒီ G Talk တို့ G Mail တို့ လာသင်တယ်ဗျ။ အန်တီ ဘယ်လိုဖြစ်လို့ ဒီအချိန် ဒီအရွယ်မှ သင်ရတာလဲပေါ့ မဟုတ်ဘူးတဲ့ သမီးက အိမ်မှာ သုံးနေပြီတဲ့ ဆိုလိုတာက လူကြီးတွေလည်း ဒါ နည်းပညာနဲ့ပတ်သက်ပြီး သိပြီးတော့ ကလေးတွေ ဘာတွေသုံးနေတယ် ဘာတွေလုပ်နေတယ်ဆိုတာကို သိပြီးတော့ သိအောင် ကျွန်တော်တို့ ကြိုးစားသင့်တယ်။

နောက်တစ်ခုကတော ့ကျင့်ဝတ်တွေလည်း ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ကောင်းလာမယ် ကောင်သောကျင့်ဝတ်တွေ ဒီ အွန်လိုင်းလောကမှာ နည်းပညာလောကမှာ ကျွန်တော်တို့ ကောင်းသောကျင့်ဝတ်တွေ ဖွံ့ဖြိုးလာအောင် အားလုံး ပေါင်းပြီးတော့ ကြိုးစားကြသင့်တယ်။ မဟုတ်ရင်တော့ ကျွန်တော်တို့ ခုနက အဟာရနဲ့ အဆိပ်အတောက်မှာ အဆိပ်မိတဲသူများပြီးတော့ အဟာရဖြစ်တဲ့သူ နည်းမယ်ဆိုရင်တော့ ကျွန်တော်တို့ အဆင်မပြေဘူးပေါ့။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်ကဲ့ပါ။ အဲတော့ ဖေ့ဘုတ်မှာဆိုလို့ရှိရင် ကျွန်မဖက်မိသလောက် ၁၃ နှစ်ဆိုရင် စပြီးတော့ သုံးလို့ရပြီ။ ဒါကြောင့်မို့ ဒီဖေ့ဘုတ်သုံးတဲ့ ကလေးတော်တော်များများက ဆယ်ကျော်သက်လေးတွေ သုံးကြတယ်။ ဒါပေမယ့် ကျွန်မ သွားပြီးတော့ သတိထားမိတာက သူတို့က နာမည်အမျိုးမျိုးပေါ့နော် သူ့ရဲ့ နာမည်အရင်းမဟုတ်ပဲနဲ့ အမအဖေတွေ မသိတဲ့နာမည်နဲ့ အမေအဖေတွေနဲ့ သူငယ်ချင်းမလုပ်ပဲနဲ့ သူတို့တွေ သုံးနေကြတာတွေ ရှိမယ်။ မိန်းကလေးသူငယ်ချင်းတွေရှာမယ်။ ယောကျ်ားလေးသူငယ်ချင်းတွေ ရှာမယ်။ အဲလိုမျိုးပေါ့နော်။ ပြီးတော့အခါကျတော့ Password တွေအမျိုးမျိုးနဲ့ သူတို့ကလည်း အမျိုးမျိုး ဖွင့်လို့ရတဲ့အခါကျတော့ ထိန်ချန်ထားတာမျိုးလည်း ရှိမယ်ပေါ့နော်။ ဆိုတော့ အဲဒီမှာ Social Media သုံးတဲ့ ကလေးတွေရဲ့ မိဘတွေကို Control လုပ်ဖို့ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မတူးသာကရော သားလေးလည်းရှိတဲ့အတွက် အဲဒီအတွေ့အကြံုလေးရှိရင်လည်း ဆွေးနွေးပေးပါဦးလို့။

မတူးတူးသာ (အယ်ဒီတာချုပ်)

သန်လျင်ပို့စ် ဂျာနယ်

အတွေ့အကြံုအရ ဆွေးနွေးရမယ်ဆိုရင်တော့ ကျွန်မသားက ဆယ်ကျော်သက်ပေါ့ ၁၆ နှစ် ပြည့်ပြီးသွားပါပြီ။ အပွင့်လင်းဆုံးပြောရရင် ကျွန်မသားရယ်မှမဟုတ်ဘူး သူတို့ ရွယ်တူ တန်းတူ အဲဒီအရွယ်လေးတွေက သူတို့က နည်းပညာကို တတ်တာ အရမ်းလွယ်တယ်။ သိကြတဲ့အတိုင်းပဲ ကျွန်မတို့လိုအရွယ် အထက်ပေ့ါ လေးဆယ်ကျော်ပေါ့ အဲဒီအရွယ်တွေရဲ့ အထက်တွေကကျတော့ ဒီ နည်းပညာနောက်ကို လိုက်ဖို့ တချို့ဆိုလို့ရှိရင် ကျွန်မတွေ့ဖူးတယ် ကျွန်မသူငယ်ချင်း စာရေးဆရာတွေဘာတွေဆို ကွန်ပျူတာနဲ့တောင် စာမရေးဘူး။ အဲတော့ကျတော့ ခုနက မွန်မွန်မြတ်ပြောတဲ့ မိဘတွေကလည်း ဒီဟာကို Contro လုပ်သင့်တယ်ဆိုရင် မိဘတွေက ဒီနည်းပညာကို ကလေးတွေထက် ပိုပြီးတော့ သိမှဖြစ်မယ်လို့ ထင်တယ်။ အထူးသဖြင့် ကျွန်မထင်တာကတော့ မြန်မာပြည်မှာပေါ့။ အခြားနိုင်ငံတွေမှာတော့ မပြောတတ်ဘူး။ မိဘတွေကတော့ ကလေးတွေထက် သာရင်လညး်သာမယ်ပေါ့။ အခုကျတော့ တချို့ဆိုရင် တစ်ခါတစ်လေမှာ ကျွန်မကိစ္စတောင်မှ သားကိုလုပ်ခိုင်းရတယ်။ သားရယ် လုပ်ပါဦး ဒီဥစ္စာကဘာလဲ ဒီ Application က ဘာလဲဆိုရင် သူက ခပ်မြန်မြန်ပဲ လုပ်သွားလိုက်တာပေါ့နော်။ ဆိုတော့ သူတို့တွေက ကျွန်မတို့ထက်ကို အရမ်းကို ရှေ့ရောက်နေတယ်။ နည်းပညာပိုင်းမှာ ကျွန်မတို့ Level က မနည်းကို လိုက်နေရတဲ့အခါကျတော့ ကျွန်မတို့ထက်ကြီးတဲ့ Level တွေဆိုလို့ရှိရင် အခုမှ ဖေ့ဘုတ် ဘယ်လိုသုံးရလဲဆိုတာတို့ ပုံတောင်မတင်တက်တာတို့ နောက်ပြီးတော့ မှားတင်မိတာတို့ မှားပြီးတော့ Share မိတာတို့ ဖြစ်တာတို့ကတော့ ကျွန်မသိသလောက်ကတော့ လူကြီးတွေက မှားတာ လူကြီးတွေက ပိုဖြစ်တယ်။ ဒါပေမယ့် ကလေးတွေကျတော့ ဆင်ခြင်တုံတရားပေါ့နော်။ ဆင်ချင်တုံတရားကျတော့ သူတို့က နညး်ပညာပိုင်း ကျွမ်းကျင်တယ်။ ဒါပေမယ့် ဆင်ခြင််တုံတရားကျတော့ သူတို့ရဲ့အရွယ်အားဖြင့် သူတို့မှာ အားနည်းသေးတယ်။ အားနည်းတဲ့အခါမှာ သူတို့ကို မိဘကတော့ နည်းပညာမကျွမ်းကျင်ရင်တောင်မှ တခြားနည်းနဲ့ စည်းရုံးပြီးတော့ လုံးဝကြီးပိတ်တာ မဟုတ်ပဲနဲ့ သူတို့ကို တခြားနည်းနဲ့ စည်းရုံးပြီးတော ့ကိုယ့်သားသမီး ဘာလုပ်နေလဲ ဥပမာ အထူးသဖြင့် မိန်းကလေးပေါ့ မိန်းကလေးတွေဆိုရင် သူဘယ်သူနဲ့ ချိန်းနေလဲ။ ဘယ်သူနဲ့ပြောနေလဲဆိုတာကို အနည်းဆုံး ကလေးရဲ့ ဖုန်း Password ကို တောင်းတာပဲဖြစ်ဖြစ် အဲလိုမျိုးလုပ်ပြီးတော့ စညး်ရုံးရင်တော့ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

အဲတော့ ကျွန်မကတော့ ငယ်ရာကနေ ကြီးလာတာဆိုတော့ အမြဲတမ်း မိဘတွေကို ဒီလိုမျိုး မိဘတွေမသိအောင် ခိုးလုပ်တဲ့ကိစ္စတွေက ပိုကျွမ်းကျင်တယ်ဆိုတော့ ဘယ်လိုပဲ သိအောင်လုပ်လုပ် သူတို့မှာ နည်းလမ်းတစ်ခုခုတော့ ရှိနေမှာပဲပေါ့နော်။ ဆိုတော့ အမြဲတမ်းစောင့်ကြည့်ဖို့ကတော့ မိဘရဲ့တာဝန်ပါပဲ။ ဒီ ဆယ်ကျော်သက်တွေကို စောင့်ကြည့်ရမှာတော့ မိဘတွေမှာ တာဝန်ရှိပါတယ်။ အနည်းနဲ့အများ ဒါပေမယ့် အခုခေတ်ကလည်း သိတဲ့အတိုင်းပဲ မိဘတွေတော်တော်များများက လုပ်ငန်းခွင်မှာ အချိန်ပြည့် နေရတဲ့သဘောရှိတော့ အထူးသဖြင့်တော့ ဒီ မြို့ပေါ်က ကလေးတွေတင်မကဘူး ကျေးလက်က ကလေးတွေမှာပါ Social Media က တော်တော်ကြီးကို ပြန့်နှံ့လာတာလေ။ ကောင်းတာလည်းရှိ ဆိုးတာလည်းရှိဆိုတာမျိုးပေါ့။ အဲဒီမှာ အမျိုးသမီးတွေအတွက်က တော်တော်ကြီးကို ဘယ်လိုပြောမလဲ အရမ်းကို အန္တရာယ်ရှိတယ် အမျိုးသမီးငယ်တွေအတွက်ပေါ့နော်။ အဲဒီသဘောမျိုး တွေ့နေရတယ်။ အဲတော့ ကိုစိုပြေ အတွေ့အကြံုအရ ဆိုရင်ရော အဲလိုမျိုး အခုဆိုရင် မှုခင်းပြဿနာတွေက အင်တာနက်မှာက အများကြီးဖြစ်လာတယ်။ အင်တာနက်ပေါ်မှာ ဖေ့ဘုတ်ပေါ်မှာ ဖြစ်လာတဲ့ကိစ္စတွေ အများကြီး ဖြစ်လာတယ်ပေါ့နော်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုစိုပြေအနေနဲ့ ဘယ်လိုမျိုး သတိထားသင့်သလဲ လူငယ်နဲ့ Social Media မှာ လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာရဲ့ ထောင်ချောက်တွေကို ဘယ်လိုရှောင်ကြမလဲပေါ့နော် အဲဒါလေးလည်း နည်းနည်းဆွေးနွေးပေးပါဦး။

ကိုစိုပြေ (စာရေးဆရာ)

ကျွန်တော်အနေနဲ့ မြင်တာကတော့လေ ကိုနေဘုန်းလတ်တို့ပြောသလို ပေးသုံးသင့်တယ်ပေ့ါနော်။ အမတို့ပြောသလို ဖေ့ဘုတ်စ်မှာကလည်း ၁၃ နှစ်ဆိုတာက ရှိတယ်လေ။ ၁၃ နှစ်မတိုင်ခင်ကတော့ ကျွန်တော်တို့ ပေးမသုံးသင့်ဘူးလေ။ တကယ်တမ်းကျတော့ ကျွန်တော်စိတ်ထင်ပေါ့။ အနည်းဆုံး ၁၅ နှစ် ၁၆ နှစ်လောက်ထိတော့ ပေးမသုံးသင့်ဘူးလို့ ထင်ပါတယ်။ နောက်ပိုင်းကျမှ သူတို့ ဒါကို သင်မယ်ဆိုရင်လည်း သူတို့က အတတ်မြန်ပါတယ်။ ကြားထဲမှာ ကျွန်တော်တို့က နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မိဘတွေကျတော့ ကလေးနဲ့ ဆက်သွယ်ဖို့ ကျောင်းသွားရင် ဆက်သွယ်ဖို့ ဖုန်းတွေ ပေးထားတာတို့ အဲဒါတွေနဲ့ပတ်သက်ပြီး ကြားထဲမှာ ကလေးတွေအနေနဲ့ သုံးဖြစ်သွားတာတွေလည်း ရှိတယ်ပေါနော်။ အဲတော့ မိဘတွေအနေနဲ့ကတော့ ကျွန်တော် အမြင်ကိုပြောရရင်တော့ ကလေးတွေကို ဒီဟာက ဘယ်လိုဆိုးကျိုးတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ သေချာနားလည်အောင်လို့ ပြောပြထားရမယ်။ ပြီးတော့ သူတို့တွေကိုလည်း စောင့်ကြည့်တာကလည်း စောင့်ကြည့်တာပေါ့လေ ဒါပေမယ့် အမပြောသလိုပဲ စောင့်ကြည့်ဖို့ဆိုတာကတော့ တော်တော်ကိုမလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လည်းပဲ ကျွန်တော်တို့လည်း ငယ်ရာကနေ ကြီးလာတာဆိုတော့ ကျွန်တော်တို့လည်းသိတယ်။ ကိုယ့်အမေက ဒီအကောင့်ထဲမှာ ရှိတယ်ဆိုရင်တောင်မှ ကိုယ်က ဒီအကောင့်ကို မသုံးဘူး အခြားအကောင့်ကို သုံးပြီးတော့ လုပ်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့်မို့ သူ့ကို အဓိက နားလည်အောင်လို့ ပြောပြရမှာပေါ့လေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly