အမှန်တကယ် ပြောင်းလဲရန် ပြည်သူအားလုံး ၀ိုင်းလုပ်ရမည်ဟု သူရဦးတင်ဦး ပြော

အမှန်တကယ် ပြောင်းလဲရန် ပြည်သူအားလုံး ၀ိုင်းလုပ်ရမည်ဟု သူရဦးတင်ဦး ပြော

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။            ။ ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြွေးကြော်ခဲ့သည့် ပြောင်းလဲချိန်တန်ပြီဆိုသည့် စကားရပ် အမှန်တကယ်ဖြစ်ပေါ်စေရန် ပြည်သူလူထုအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ရမည်ဟု NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်သည်။

" ကျွန်တော်တို့ လုပ်ချိန် ဘယ်လောက်ရှိလဲ။ ရှေ့က ကျန်ရစ်ခဲ့တဲ့ ဒုက္ခတွေက ဘယ်လောက်များလဲ။ ဒါတွေကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။ ဒီကြားထဲမှာ တကယ်လုပ်ရတဲ့ အခါကျတော့ အကုန်လုံး ၀ိုင်းလုပ်မှ ရမယ့်ကိစ္စပါ" ဟု သူရ ဦးတင်ဦးက ပြောသည်။

နိုဝင်ဘာ ၂၄ ရက်နေ့က ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသည့် (၉၆)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူများအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မည်မျှဆောင်ရွက်ပေးနိုင်သလဲ ဆိုသည့်အချက် အပေါ်မူတည်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်သွားမှာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

" တိုင်းပြည်ရဲ့ ကောင်းကျိုး ၊ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ၊ ပြည်ထောင်စုသားအများစုရဲ့ ကောင်းကျိုးကို ဆောင်ရွက် ရခြင်းသည် အမျိုးသားရေးတာဝန်ဖြစ်ပြီး ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲများ မထားရှိလို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်" ဟု သူရဦးတင်ဦးက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိဖော်ဆောင်နေသည့် ၂၁ ပင်လုံညီလာခံအောင်မြင်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသစ် တည် ဆောက်ရေးများကို အကောင်အထည်ဖော်ရင်း ကြံုတွေ့နေရသည့် စိန်ခေါ်မှုများကို   ဖြတ်ကျော်နိုင်ရန် တိုက်တွန်း ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly